About

chat FX online casino casino las vegas Counters
   
Blogger news

Blogroll

Grab this Widget

Blogger templates

ဓမ္မစကား၊ နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏။
alt text

Tab number #1

Lorem ipsum dolor sit amet, consectetur adipiscing elit. Proin et felis eget tellus pharetra porttitor. Praesent dui arcu, egestas quis, adipiscing a.

Link #1
alt text

Tab number #2

Lorem ipsum dolor sit amet, consectetur adipiscing elit. Proin et felis eget tellus pharetra porttitor. Praesent dui arcu, egestas quis, adipiscing a.

Link #2
alt text

Tab number #3

Lorem ipsum dolor sit amet, consectetur adipiscing elit. Proin et felis eget tellus pharetra porttitor. Praesent dui arcu, egestas quis, adipiscing a.

Link #3
alt text

Tab number #4

Lorem ipsum dolor sit amet, consectetur adipiscing elit. Proin et felis eget tellus pharetra porttitor. Praesent dui arcu, egestas quis, adipiscing a.

Link #4
alt text

Tab number #5

Tab number #6

Tab number #7

Tab number #8

Top Stories

ငါလည်းတစ်နေ့

  • Wednesday, May 16, 2012
  • by
  • မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
  • တစ်ခါတလေ လူငယ်တွေနဲ့ ဟိုစပ်စပ်ဒီစပ်စပ် ပြောကြတဲ့အခါ တစ်ချို့လူငယ်လေးတွေက “အရှင်ဘုရား တပည့်တော် အသိတွေထဲမှာ ဘယ်သူကတော့ ဘယ်လိုအဆင်ပြေသွားတာ၊ ဘယ်သူကတော့ ဘယ်လိုအောင်မြင်သွားတာ၊ ဘယ်သူကတော့ ဘယ်လိုဖြစ်သွားတာ၊ ဘယ်သူကတော့ ဘယ်လိုဒုက္ခရောက်သွားတာ၊ ဘယ်သူကတော့ ဘယ်လိုမှကို ထင်မထားတာတွေ ဖြစ်သွားတာ” စသဖြင့် သူတို့သူတို့လေးတွေရဲ့ အတွေ့အကြုံ၊ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုလာတာကိုလည်း နားထောင်ဖြစ်ခဲ့ရပါတယ်။ အဲဒီအလို အခါမျိုးမှာ သူတို့ရဲ့ စကားကိုလိုက်ပြီး သူများတွေကိုပြောရင်း ကိုယ့်ကိုယ်ကိုလည်း “ငါလည်းတစ်နေ့”ဆိုတဲ့ ခံယူချက်နဲ့ ဖြေဆည်ရာကို အမြဲနှလုံးသွင်းထားကြဖို့ ပြောဖြစ်ခဲ့ပါတယ်။ ဘဝမှာ “ငါလည်းတစ်နေ့”ဆိုတာကို မမေ့ဖို့ သတိပေးဖြစ်ခဲ့ပါတယ်။

    ဟုတ်ပါတယ်။ “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီစကားလေးရဲ့နောက်မှာ လေးနက်တဲ့ အဓိပ္ပါယ်တွေ အများကြီးရှိနေပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို အားပေးတဲ့အခါ၊ ကိုယ့်ကိုယ်ကို ဆင်ခြင်တဲ့အခါတွေမှာ တကယ့်ကိုပဲ အားပေးရာ၊ ဖြေဆည်ရာတွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီစကားလေးရဲ့ ထောက်ကူမှုဟာ အသုံးချတတ်မယ်ဆိုရင် အခြေအနေတိုင်းမှာ အသုံးတည့်မှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့သူ၊ အဆင်ပြေတဲ့ သူတွေကို တွေ့တဲ့အခါမှာလည်း “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီစကားလေးနဲ့ ကိုယ့်ကိုယ်ကို အားယူနိုင်သလို၊ ကျရှုံးသူများ၊ နိမ့်ကျသူများ၊ ပျက်ဆီးသွားသူများကို တွေ့တဲ့အခါမှာလည်း “ငါလည်းတစ်နေ့”ဆိုတာလေးကို သတိပြုဆင်ခြင်ရင်း ကိုယ့်ကိုယ်ကို ရင်ဆိုင်နိုင်ဖို့၊ ကိုယ့်ကိုယ်ကို ဖြေဆည်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဆိုတော့ကား ဘဝမှာ ဘာပဲဖြစ်ဖြစ် “ငါလည်းတစ်နေ့”ဆိုတာဟာ အသေအချာပဲ ဖြစ်ပါတယ်။

    သေချာတွေးကြည့်ရင် လူတိုင်းလူတိုင်းမှာ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်း၊ အဆင်ပြေခြင်းနဲ့ မပြေခြင်း၊ ရှိခြင်းနဲ့ မရှိခြင်း၊ ဖြစ်ခြင်းနဲ့ ပျက်ခြင်း စတဲ့ ဆန့်ကျင်ဘက် လောကဓံတွေဟာ အမြဲရှိနေတတ်ကြတာ ဖြစ်ပါတယ်။ သူ့မှာရှိသလို ကိုယ့်မှာလည်း ရှိနေကြတာ ဖြစ်ပါတယ်။ သူအောင်မြင်သလို ကိုယ်လည်းအောင်မြင်နိုင်၊ သူကျရှုံးသလို ကိုယ်လည်းကျရှုံးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ လောကရှိလူသားတိုင်း၊ သတ္တဝါတိုင်း မလွဲမသွေ ကြုံတွေ့ကြရတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ ဘယ်သူမှ တစ်သမှတ်တည်း ရှိနေတာ မဟုတ်ကြပါဘူး။ အောင်မြင်သူတွေလည်း အောင်မြင်မှုရဲ့နောက်မှ ကျရှုံးမှုတွေ ရောက်လာတတ်သလို မအောင်မြင်သေးသူတွေ အနေနဲ့လည်း ကြိုးစားရင် အောင်မြင်မှုဆိုတာ ရောက်လာမှာပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေအတွက် အဓိကတာဝန် အရှိဆုံးကတော့ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

    ကိုယ်ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုဟာ ကိုယ့်ဘဝရဲ့ အတက်အကျကို ဖန်တီးတည်ဆောက် ပေးနိုင်တာ ဖြစ်တဲ့အတွက် အောင်မြင်နေတဲ့သူတွေကို တွေ့တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို ခိုင်မှာတဲ့စိတ်ဓာတ်နဲ့ “ငါလည်းတစ်နေ့”ဆိုတဲ့ အတွေးနဲ့ သူတို့လိုဖြစ်အောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ အတိတ်ကံကို ဘေးဖယ်ထားပြီး ဒီပစ္စုပ္ပန်ဘဝမှာပဲ မှန်ကန်တဲ့လမ်းကို မဆုတ်မနစ်တဲ့ ဝိရိယနဲ့ အားသွန်ခွန်စိုက် ကြိုးစားလိုက်မယ်ဆိုရင် အတိတ်ကံကောင်းသူတွေလောက် အများကြီး အောင်မြင်မှု မရနိုင်တာတောင်မှ ဝိရိယအကျိုးနဲ့ အထိုက်အလျောက် အောင်မြင်မှုကတော့ ရောက်လာကြမှာပဲ ဖြစ်ပါတယ်။ “သူဖြစ်သလို ငါလည်း ဖြစ်ကိုဖြစ်ရမယ်”ဆိုတဲ့ စိတ်နဲ့ ဇွဲမလျော့ဘဲ ကြိုးစားနိုင်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာတွေတောင် ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ ဘဝတစ်ခု အောင်မြင်မှုရှိဖို့အတွက် လူတိုင်းလူတိုင်းမှာ “ငါလည်းတစ်နေ့”ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကိုလက်ကိုင်ထားပြီး ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ သူလည်းဖြစ်သလို ငါးလည်း ဖြစ်နိုင်တယ်ဆိုတဲ့ နိယမတစ်ခုပဲ ဖြစ်ပါတယ်။

    နောက်တစ်ချက်က အောင်မြင်သူများရဲ့ ကျရှုံးမှုပဲ ဖြစ်ပါတယ်။ အောင်မြင်နေရာကနေ ကျဆုံးသွားတဲ့သူတွေကို ကြည့်ရင် တစ်ချို့ကတော့ လမ်းလွဲသွားကြလို့ ဖြစ်သလို၊ တစ်ချို့ကျတော့ ဘဝင်မြင့်ပြီး ဘဝမေ့သွားကြလို့ပဲ ဖြစ်ပါတယ်။ တစ်ချို့လည်း ကံမကောင်း အကြောင်းမလှလို့ ဖြစ်ကြသလို တစ်ချို့လည်း ပြုပြင်လို့မရတဲ့ အကြောင်းအကျိုး ဆက်စပ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘာသာတရား ရှုထောင့်ကကြည့်ရင် ဘယ်အရာမှ အမြဲမရှိဘူးဆိုတဲ့ အချက်ကို ကောက်ချက်ချလို့ ရနိုင်ပါတယ်။ ဘဝဆိုတဲ့ ဖြစ်တည်မှုတစ်ခုဟာ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းဆိုတဲ့ သဘာဝဓမ္မတွေနဲ့ ဆက်ဆံနေတာဖြစ်တဲ့အတွက် ဖြစ်နေ၊ ရှိနေ၊ ရနေ၊ အောင်မြင်နေတာတွေဟာလည်း အချိန်မရွေး ပြောင်းလဲသွားနိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီသဘောတွေက ကိုယ်ရော၊ သူများရော အားလုံး ရင်ဆိုင်ထားရမယ့် သဘောပဲ ဖြစ်ပါတယ်။ ကိုယ့်မှာ တကယ်လို့ ဒီသဘောတွေ မရောက်သေးပေမယ့် ရောက်လာတဲ့သူတွေကိုကြည့်ပြီး “ငါလည်းတစ်နေ့” ဆိုတာကိုတော့ မမေ့ကြဖို့ လိုပါတယ်။ အဲလို အသိလေးကို အမြဲနှလုံးသွင်းထာမယ်ဆိုရင် ကိုယ့်ဆီကို အဆိုးတွေ ရောက်လာတဲ့အခါ စိတ်မှာသက်သောင့်သက်သာ ခံနိုင်ရည် ရှိလာမှာ ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ ဘဝတစ်ခုတောင် ပျက်ဆီးသွားနိုင်တဲ့အထိ လောကဓံရဲ့ ရိုက်ပုတ်မှုအောက်ကို ရောက်သွားနိုင်တာ ဖြစ်ပါတယ်။

    ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့လက်တွေ့ဘဝထဲမှာ ဒီသဘောတရားတွေကို အများကြီး တွေ့ကြုံဖူးကြမှာ ဖြစ်ပါတယ်။ မရှိရာကနေ ရှိနေသူများ၊ အဆင်မပြေရာကနေ ပြေသွားသူများ၊ ဆင်းရဲနေရာကနေ ချမ်းသားသွားသူများ၊ ကျရှုံးနေရာကနေ အောင်မြင်သွားသူများ ရှိနေကြသလို ရှိနေရာကနေ မရှိဘဲ ဖြစ်သွားသူများ၊ အဆင်ပြေနေရာကနေ မပြေဘဲ ဖြစ်သွားသူများ၊ ချမ်းသာနေရာကနေ မွဲသွားသူများ၊ အောင်မြင်နေရာကနေ ကျရှုံးသွားသူများလည်း ရှိနေကြမြဲ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အဆိုးဆုံးပြောရမယ်ဆိုရင် အကောင်းပကတိ ရှိနေရာကနေ ခြေလက်အင်္ဂါ၊ ပျက်ဆီးသွားသူများ၊ အသက်ရှင်နေရာကနေ ရုတ်တရက် အသက်ဆုံးသွားသူများအထိ အမျိုးမျိုးရှိနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေကောင်းသူများနဲ့ အခြေအနေ ဆိုးသွားသူများကို မြင်သိကြားရတဲ့အခါမှာ ကိုယ့်ကိုယ်ကို အားပေးဖို့နဲ့ ဖြေဆည်ဖို့၊ ပြီးတော့ သတိပြု ဆင်ခြင်ဖို့ကတော့ “ငါးလည်းတစ်နေ့”ဆိုတာပဲ ဖြစ်ပါတယ်။

    တစ်လောကတောင် နိုင်ငံခြားမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာဒကာအချို့အကြောင်း ကြားသိလိုက်ရပါသေးတယ်။ အထိုက်အလျောက် ဝတ္ထုကြေးငွေလေးတွေ စုဆောင်းမိလို့ ပြန်မယ်လုပ်ထားပြီးမှ စက်ထဲလက်ညှက်လို့ မပြန်နိုင်သေးဘဲ ဆေးကုနေရတဲ့သူတွေ၊ ရုတ်တရက် အသက်ထွက်သွားသူတွေ စသည်ဖြင့် အစုံပါပဲ။ မကြာသေးခင်က သက်ပျောက်ဆွမ်းပင့်လို့ သွားပြီး ဟောပြောပေးခဲ့ရတဲ့ ဒကာလေးဆိုရင် ထင်တောင်မထင်ရက်စရာပဲ ဖြစ်ပါတယ်။ သူ့ဦးလေး စက်ထဲမှာ လက်ညက်လို့ လက်သုံးချောင်းပျက်ပါသွားပြီး ဆေးရုံတက်နေတဲ့အတွက် ဆေးရုံမှာ လူနာစောင့်အနေနဲ့ လာစောင့်ပေးနေရာက အဲဒီလူနာစောင့်လုပ်တဲ့ တူတော်မောင်ဟာ ဆေးရုံဧည့်ခန်းမှာ တီဗီကြည့်နေရင်း အသက်ပါပျောက်သွားတာတဲ့လေ။ ဘဝမှာ အသက်အရွယ်အရ ကြည့်ရင် အရင်မွေးပြီး အသက်အရွယ် ကြီးနေတဲ့သူက အရင်သေရမှာ ဖြစ်ပေမယ့် ဦးလေးအရင် တူတော်မောင်က ဘဝခရီးကို စောစောစီးစီး ထွက်သွားတဲ့ အဖြစ်ဟာ ကြောက်တတ်မယ်ဆိုရင် သေခြင်းတရားရဲ့ မမြင်နိုင်တဲ့ သဘောကို ကောင်းကောင်းတွေ့ရမှာ ဖြစ်ပါတယ်။

    လူတွေဟာ ကိုယ့်အလှည့် မရောက်သေးလို့ အကြောက်တရားတွေ ပျောက်နေတတ်ကြပေမယ့် ကြောက်တတ်မယ်ဆိုရင် ကိုယ့်ရှေ့မှာ ဖြစ်သွားကြတဲ့ သူတွေကိုကြည့်ပြီး “ငါလည်းတစ်နေ့”ဆိုတာလေးကို တွေးမိရုံနဲ့တင် ကြောက်စရာ ကောင်းနေတော့တာ ဖြစ်ပါတယ်။ သူဖြစ်သလို ငါလည်းမဖြစ်နိုင်ဘူးလို့ ဘယ်သူမှ ပြောလို့မရတဲ့အဖြစ်ကို သတိပြုမိရင်ကိုပဲ တကယ်ကြောက်ဖွယ် အဖြစ်တွေပဲ ဖြစ်ပါတယ်။ ပျက်ဆီးခြင်းတရား၊ သေခြင်းတရားဆိုတာ သူမှာမှ ဖြစ်ရမယ်၊ ငါ့မှာမဖြစ်ရဘူး၊ ဟိုမှာမှ ဖြစ်ရမယ် ဒီမှာမဖြစ်ရဘူး၊ ဘယ်အချိန်မှာ ဖြစ်ရမယ်၊ ဘယ်အချိန်မှာ မဖြစ်ရဘူး၊ ဘယ်လိုဖြစ်ရမယ်၊ ဘယ်လိုမဖြစ်ရဘူး စသဖြင့် သတ်မှတ်ထားလို့၊ ကျိန်းသေပြောလို့ ရတဲ့အရာတွေ မဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်ရင်၊ ဖြစ်ချိန်တန်ရင် ဖြစ်လာကြမှာပဲ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့သာ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ “ငါလည်းတစ်နေ့”ဆိုတဲ့ အသိနဲ့ သတိမလွတ်ဘဲ နေနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။

    သတိမလွတ်ဘဲ နေဖို့တင် မဟုတ်ပါဘူး။ နေတုန်းအခိုက်မှာ မကောင်းတဲ့အလုပ်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး ကောင်းတဲ့အလုပ်တွေကို ဆောင်ထားနိုင်အောင်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီအသိနဲ့ အဲဒီ တစ်နေ့လေး ရောက်မလာခင် လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် ကိုယ့်ဘဝကိုယ် ဖန်တီးတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဘဝမှာ ဒီဘဝအတွက် ကြိုးစားဖန်တီးကြသလို နောင်သံသရာအတွက်လည်း ပြုလုပ်ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် တစ်ဘဝ ကောင်းစားရေးကိုသာ မကြည့်ဘဲ ပစ္စုပ္ပန် သံသရာနှစ်ခုလုံး ကောင်းစားရေးအတွက်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီဘဝကောင်းစားရေးအတွက် ဖန်တီးတဲ့အခါ “ငါလည်းတစ်နေ့ ဖြစ်ကိုဖြစ်ရမယ်”ဆိုတဲ့ ခံယူချက်နဲ့ အပြစ်ကင်းအောင် ကြိုးစားဖန်တီးကြရမှာ ဖြစ်သလို နောင်သံသရာ ကောင်းစားရေးအတွက်လည်း “ပျက်ဆီးခြင်းဟာ ငါ့အတွက်လည်း အချိန်မရွေး ရောက်လာတတ်တယ်”ဆိုတဲ့ အသိနဲ့ အခုလက်ရှိအချိန်မှာ ကောင်းမှုကုသိုလ်ကို များများလုပ်ထားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ “ငါလည်းတစ်နေ့”ဆိုတဲ့ အချက်လေးကပေးတဲ့ ပစ္စုပ္ပန်သံသရာ ကောင်းစားရေး အသိပေးစကားလေးပဲ ဖြစ်ပါတယ်။

    ဆိုလိုတာက ငါတွေပေါနေကြတဲ့ လောကကြီးမှာ အတော်များများက ငါကိုအစွဲပြုပြီး မာနထောင်တာ၊ မဟုတ်တာလုပ်တာ၊ ယုတ်မာတာတွေကို လုပ်နေကြပေမယ့် တကယ်တမ်းကျတော့ အဲဒီငါအားလုံးဟာ ဘာမှအသုံးမကျဘဲ တစ်နေ့တော့ သူဟာနဲ့သူ၊ သူ့ဘဝကို သူဖန်တီး တည်ဆောက်သွားတတ်ကြတာ ဖြစ်တဲ့အတွက် သူများတွေကို အသာထား ကိုယ့်ကိုယ်ကို သတိစကား ပါးနေရမှာက ဘာပဲဖြစ်ဖြစ် “ငါလည်းတစ်နေ့” ဆိုတာလေးပဲ ဖြစ်ကြောင်း၊ “သူဖြစ်သလို ငါလည်း တစ်နေ့မဖြစ်ဘူးလို့ မပြောနိုင်၊ သူပျက်သလို ငါလည်း တစ်နေ့မပျက်ဘူးလို့ မပြောနိုင်”တဲ့အချက်ကို သတိပြုဆင်ခြင်ပြီး ကိုယ့်ရဲ့လုပ်ရပ်တိုင်းမှာ အပြစ်မပါအောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ ဘာပဲ ဖြစ်ဖြစ် “ငါလည်းတစ်နေ့”ဆိုတာလေးကို မမေ့ကြဖို့လိုကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

    ဒါကြောင့် ဘဝမှာ သူများကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်ကြည့်တဲ့ အနေနဲ့ အောင်မြင်နေသူတွေကို တွေ့တဲ့အခါ “ငါလည်းတစ်နေ့…”၊ မထင်မှတ်တာတွေ ဖြစ်သွားတဲ့သူတွေကို တွေ့တဲအခါ “ငါလည်းတစ်နေ့…” ဆိုတဲ့ အသိတရားလေးနဲ့ အားပေးဖို့ လိုအပ်တဲ့အခါ ကိုယ့်ကိုယ်ကို အားပေး၊ ဖြေဆည်ဖို့လိုအပ်တဲ့အခါ ကိုယ့်ကိုယ်ကို ဖြေဆည်၊ သံဝေဂယူဖို့ လိုအပ်တဲ့အခါ သံဝေဂယူရင်း အဲဒီတစ်နေ့တွေ ရောက်မလာခင် လက်ရှိအချိန်ကို အကောင်းဆုံး ဖန်တီးတည်ဆောက်ကြမှာ ဖြစ်ပါကြောင်း အသိပေးစကား ပါးလိုက်ရပါတယ်။
    Read More...

    သူခိုးလူမိသွားခြင်း

  • Wednesday, May 9, 2012
  • by
  • မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
  • မှတ်မှတ်ရရ အဲဒီနေ့က ၁၅-၁-၂၀၁၂ရက်နေ့ ဘုန်းဘုန်းရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ မွေးနေ့အလှူအဖြစ် သီရိဓမ္မာ သီလရှင်စာသင်တိုက်နဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ရခိုင်ပြည်နယ် ကျောင်းဆောင်မှာ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာ ပစ္စည်းလေးပါး ဒကာမတစ်ဦးက မွေးနေ့အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားကြွဖို့ လာပင့်တာနဲ့ လိုက်သွားဖြစ်ပါတယ်။ ဘုရားရောက်တော့ ကားပါကင်လွယ်တဲ့နေရာ မြောက်ဘက်မုခ်က တက်ဖြစ်ခဲ့ကြပါတယ်။ လူတွေက သူတို့ဖိနပ်ကို ကားထဲမှာ ထားခဲ့ပေမယ့် ဘုန်းဘုန်းကတော့ ဓာတ်လှေခါးနားအထိ စီးသွားပြီး နီးစပ်ရာ အတက်အဆင်း တစ်နေရာမှာ ဖိနပ်ကို ချွတ်ထားဖြစ်ခဲ့ပါတယ်။ အရင်တုန်းကလည်း ဒီလိုချွတ်ထားနေကျဆိုတော့ ဖိနပ်အပ်တဲ့နေရာမှာ မအပ်ဘဲ အဆင်ပြေတဲ့ နေရာမှာပဲ ထားဖြစ်ခဲ့ပါတယ်။ ဘုရားဖူးပြီး ပြန်အဆင်းမှာ ဖိနပ်စီးဖို့ ချွတ်ထားခဲ့တဲ့ နေရာကို သွားခဲ့ပေမယ့် ဖိနပ်က မရှိတော့ပါဘူး။ အဲဒါ အတူပါလာတဲ့ ဒကာမတွေက ဟိုမေးဒီမေး ဟိုရှာဒီရှာ လုပ်ကြပါတယ်။ ဘုရားလာဖူးတဲ့ သူတွေကြားမှာ ဘုန်းကြီးတစ်ပါးရဲ့ ဖိနပ်ပျောက်ရှာပုံတော်ဟာ လူတွေအတွက် အာရုံကျစရာ ဖြစ်လာပါတယ်။

    ဟိုကကြည့်ဒီကကြည့်နဲ့ ကြာတော့ဘုန်းဘုန်းတို့တွေ ရှက်လာပါတယ်။ “ကဲ…ကဲ… ရှာမနေပါနဲ့ အသစ်သာ ဝယ်လိုက်ကြပါတော့” ဆိုပြီး နီးစပ်ရာ သင်္ကန်းဆိုင်တစ်ဆိုင်မှာ ဖိနပ်အသစ်တစ်ရံ ဝယ်စီးပြီး ဖိနပ်အသစ်နဲ့ကျောင်းကို ပြန်လာဖြစ်ခဲ့ပါတယ်။ အတူပါလာတဲ့ ဒကာမတစ်ယောက်က အရှင်ဘုရားကလည်း ကိုယ့်ဖိနပ်ကိုယ်ရှာတာ ဘာဖြစ်လို့ ရှက်ရမှာလဲလို့ မေးပါတယ်။ “ရှက်တာက ဖိနပ်ပျောက်သွားလို့ မဟုတ်ဘူး ဒကာမရေ၊ သူခိုးလူမိသွားလို့ ရှက်တာပါ”လို့ ဘုန်းဘုန်းကပြောတော့ ဒကာမက နားမလည်ဘဲ ဖြစ်သွားပါတယ်။ ဒီတော့ ဘုန်းဘုန်းက “ဟုတ်တယ် ဒကာမရေ ဘုန်းဘုန်းဖိနပ် သူများယူသွားတာဟာ ပြောမယ်ဆိုရင် ကိုယ်လည်းသူများဖိနပ်ကို တစ်ချိန်ချိန်က ယူခဲ့လို့ နေမှာပေါ့။ ကိုယ်လုပ်ခဲ့တဲ့ ကံတွေဟာ အကြောင်းတိုက်ဆိုင်ရင် တစ်ချိန်ချိန်မှာ ပြန်အကျိုးပေးတတ်တဲ့ သဘောဖြစ်တဲ့အတွက် ဘုန်းဘုန်းလုပ်ခဲ့တဲ့ အကျိုးသက်ရောက်မှု တစ်ခုအနေနဲ့ ဘုန်းဘုန်းပြန်ပေးဆပ်ရတဲ့ သဘောပဲလေ။ ယူတဲ့သူကလည်း သူ့ပစ္စည်း သူပြန်ယူသွားတာ ဖြစ်ကောင်းဖြစ်နိုင်သလို သူ့ကံကိုသူ အသစ်ဖန်တီးလိုက်တာလဲ ဖြစ်ကောင်းဖြစ်မှာပါ။ သေချာတာကတော့ ဘုန်းဘုန်းအနေနဲ့ ဒါဟာ ပိုင်ရှင်ပြန်ပေါ်သွားတဲ့သဘော၊ ကိုယ်လုပ်ခဲ့တဲ့ အပြစ်ကို ကိုယ်ပြန်ခံရတဲ့ သဘောဖြစ်တဲ့အပြင် ဒီလုပ်ရပ်ဟာ အများသူငါရှေ့မှာ သူခိုးလူမိသွားတဲ့ သဘောပဲ ဖြစ်ပါတယ်” စသဖြင့် ပြောပြဖြစ်ခဲ့ပါတယ်။ ဘုရားက အပြန်လမ်းမှာတော့ အားလုံးဟာ အတွေးကိုယ်စီနဲ့ တိတ်ဆိတ်ငြိမ်သက်စွာပဲ ကျောင်းကိုပြန်ရောက်လာခဲ့ပါတယ်။ ဘုန်းဘုန်းကတော့ ဒီအကြောင်းကို တွေးမိတိုင်း ကိုယ့်ကိုယ်ကို သူခိုးလူမိသွားသလို ခံစားမိရင်း ရှက်နေမိပါတယ်။

    တစ်ခါတုန်းက ဆရာတော်ကြီးတစ်ပါး အကြောင်းကို ဖတ်လိုက်မိပါတယ်။ တစ်နေ့ အဲဒီဆရာတော် သီးတင်းသုံးနေတဲ့ကျောင်းကို သူခိုးကဝင်ခိုးပြီး ဆရာတော်ရဲ့ နဝကမ္မအလှူတော်တွေနဲ့ အသုံးအဆောင်ပစ္စည်း အချို့ကို ခိုးယူသွားတယ်လို့ ဆိုပါတယ်။ ဒါကို ဆရာတော်နဲ့ အတူနေတဲ့ ကပ္ပိယက ဆရာတော်ကျောင်း သူခိုးတက်ခိုးသွားတဲ့အကြောင်း ကျောင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေရော၊ ကျောင်းကိုလာတဲ့ ဒကာဒကာမတွေကိုပါ လိုက်ပြောဖြစ်နေတယ်တဲ့လေ။ အဲဒါကို ဆရာတော်ကြီးက သိတော့ ရှက်လွန်းလွန်းလို့ဆိုပြီး ကပ္ပိယကို အဲဒီအကြောင်း လိုက်မပြောဖို့နဲ့ ကပ္ပိယကြီးလုပ်တာနဲ့ ဘုန်းကြီးတောင် သူခိုးမှန်း လူသိကုန်ပြီလို့ ပြောဆိုရှင်းပြ ဖြစ်တယ်လို့ အဲဒီစာအုပ်မှာ ရေးသားထားပါတယ်။

    ဆရာတော်ကြီး အကြောင်းကို ဖတ်လိုက်မိတုန်းက သိပ်ပြီး သတိမထားမိခဲ့ပေမယ့် အခုလို ဘုန်းဘုန်းကိုယ်တိုင် ကြုံတွေ့ရတော့မှ ကိုယ်ကိုယ်တိုင် သူခိုးဖြစ်မှန်းမသိ ဖြစ်သွားရတဲ့အဖြစ်ကို သတိပြုမိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘုန်းဘုန်းကိုယ်တိုင် ကိုယ့်ပစ္စည်းတစ်ခုခု ပျောက်သွားတဲ့အခါ၊ သူများက ကိုယ့်ပစ္စည်းတစ်ခုခု ချေးငှါးပြီး ပြန်မပေးတဲ့အခါ၊ ကိုယ့်ဆီက တစ်စုံတစ်ခုကို လိမ်လည်ယူဆောင်သွားတာမျိုးနဲ့ ကြုံတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုပဲ သံဝေဂယူကာ ဖြေဆည်ရင်း ဒီဘဝရဲ့ လုပ်တဲ့အလုပ်တွေမှာ အပြစ်ကင်းအောင် ကြိုးစားပြီး လုပ်ဖြစ်နေခဲ့ပါတယ်။ ကိုယ်ခံရတဲ့ အကြောင်းအရာတွေကို သူများတွေကို လိုက်ပြောနေရင် ကိုယ်လည်းပဲ တစ်ချိန်ချိန်က ဒီလိုအလုပ်တွေကို လုပ်ခဲ့တယ်ဆိုတာ ထုတ်ပြရာ ရောက်နေသလို ခံစားမိတဲ့အတွက် တော်ရုံကိစ္စကို ဘယ်သူ့ကိုမှ မပြောဖြစ်ဘဲ ကိုယ့်ရဲ့ကံအကျိုးကို ကိုယ်ကိုယ်တိုင်ပဲ ခံနိုင်အောင် ကြိုးစားနေဖြစ်ခဲ့ပါတယ်။

    ဟုတ်ပါတယ်။ ဘဝမှာ လူတိုင်းလူတိုင်း ကိုယ့်ပစ္စည်းတစ်ခုခု ပျောက်သွားဖူးတာ၊ ကိုယ့်ကိုသူများက လိမ်သွားဖူးတာ စတာတွေကို အနည်းနဲ့အများ ကြုံဖူးကြမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ကြုံတဲ့အခါ လူအတော်များများက ကိုယ့်ကိုယ်ကို ပြန်ပြီးဆင်ခြင်တတ်တဲ့ သဘောမရှိဘဲ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဆိုကာ သူများကိုပဲ အပြစ်ပုံချတတ်တဲ့ သဘောတွေ ရှိတတ်ပါတယ်။ အမှန်တော့ ဒါဟာ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတဲ့ နိယမအတိုင်း အကောင်းအဆိုး တစ်မျိုးမျိုးရဲ့ အကျိုးသက်ရောက်မှုဟာ ကိုယ်ကိုယ်တိုင်ရဲ့ စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ တန်ပြန်သက်ရောက်မှုဆိုတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ တစ်ချိန်ချိန်က ကိုယ်လုပ်ခဲ့တဲ့ ကံတွေရဲ့ အကျိုးသက်ရောက်မှုဟာ အခုအချိန်မှာ အကျိုးပေးချိန်တန်လို့ အကျိုးပေးတဲ့ သဘောမျိုးကို သုံးသပ်ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

    သေချာတွေးကြည့်ရင် ပစ္စည်းဥစ္စာရဲ့ သဘောဟာ ထိုက်မှရတတ်တဲ့ သဘောရှိသလို ကိုယ့်ဥစ္စာမှန်ရင်လည်း ဘယ်လိုနေရာမျိုးမှာပဲ ထားထား ပျောက်သွားတတ်တဲ့ သဘောမရှိတတ်ပါဘူး။ ဘယ်သူက ယူသွားယူသွား ကိုယ့်ရဲ့ အတိတ်လုပ်ရပ် မပါဘူးဆိုရင် အချိန်တန် ကိုယ့်ဆီကို ပြန်ရောက်လာတတ်တဲ့ သဘော ရှိတတ်ပါတယ်။ အဲ ကိုယ့်ဥစ္စာမဟုတ်ဘူး၊ ကိုယ်နဲ့မထိုက်တန်တော့ဘူး ဆိုရင်လည်း ဘယ်နေရာ၊ ဘယ်လောက်ကောင်းတဲ့ အရာမျိုး ဖြစ်ပါစေ အချိန်တန်ရင် တစ်နည်းနည်းနဲ့ ပျောက်ပျက်သွားကြတာတွေပဲ ဖြစ်ပါတယ်။ တစ်ခုခုကို ရယူပိုင်ဆိုင်ဖို့ လုပ်ကြတဲ့ အခါမှာလည်း ဒီဘဝလုပ်နေတဲ့ အလုပ်ဆိုတဲ့ ကံတရားရယ်၊ တစ်ချိန်ချိန်က လုပ်ခဲ့တဲ့ အလုပ်ဆိုတဲ့ ကံတရားတွေရဲ့ ဖေးမမှုတွေက အများကြီး အထောက်အကူ ပြုထားတာတွေ ရှိနေတတ်တဲ့အတွက် ပစ္စည်းဥစ္စာ တည်တံ့တာ၊ ပျောက်ဆုံးတာတွေနဲ့ ကြုံတွေ့တဲ့အခါ ကိုယ့်ကိုယ်ကို သတိပြုဆင်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

    တစ်ခါတစ်လေ ဘာပဲလုပ်လုပ် အဖတ်မတင် ဖြစ်နေတဲ့သူတွေ၊ ဘယ်သူ့ကိုပဲ ပေးပေး ပြန်မရဘဲ ပျောက်ပျက်သွားတဲ့သူတွေ၊ သူများခိုးတာ၊ သူများလိမ်တာကို ခဏခဏ ခံရတဲ့သူတွေနဲ့ တွေ့ဆုံဖြစ်ခဲ့ဖူးပါတယ်။ သူတို့တွေဟာ ဒီဘဝမှာ သူများတွေအပေါ်မှာလည်း ယုတ်မှာတဲ့ လုပ်ရပ်တွေ၊ လိမ်ညာကောက်ကျစ်တတ်တဲ့ သဘောတွေ မရှိဘဲနဲ့ သူတို့ကိုကျတော့ သူများက အမျိုးမျိုး ပြုမူဆက်ဆံ သွားတာတွေ ရှိနေကြတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။ သူတို့ဘက်ကပြောရရင် ဒါဟာ အလွန်ခံပြင်းစရာ၊ ကံတရားရဲ့ မျက်နှာသာပေးမှုဟာ သံသယ ဖြစ်စရာ ဖြစ်နေပေမယ့် သေချာတွေးကြည့်ရင် အခုဘဝမှာ သူတို့မဟုတ်တာ မလုပ်ခဲ့ပေမယ့် အတိတ်တစ်ချိန်ချိန်က သူတို့လုပ်ခဲ့ဖူးတဲ့ အလုပ်တွေရဲ့ သက်ရောက်မှုဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ ကံကို ပုံချတာ မဟုတ်ပေမယ့် ကံတရားရဲ့ ဆန်းကြယ်မှုကိုတော့ လက်ခံကြရမှာ ဖြစ်ပါတယ်။

    ဘဝမှာ ဒီဘဝရဲ့ ကြိုးစားအားထုတ်မှုဟာ အဓိကကျပေမယ့် အတိတ်ဘဝ တစ်ခုခုက လုပ်ခဲ့တဲ့ ကံတရားရဲ့ သက်ရောက်မှုဟာလည်း လျစ်လျူရှုလို့ မရတာကို ထည့်တွက်ကြရမှာ ဖြစ်ပါတယ်။ ကံရယ်၊ ဉာဏ်ရယ်၊ ဝိရိယရယ် ဆိုတဲ့ ဒီအကြောင်းတရား သုံးမျိုးဟာ သတ္တဝါ တစ်ဦးဦးရဲ့ အကျိုးပေးသက်ရောက်မှုကို အထူးပြု ပေးတာဖြစ်တဲ့အတွက် ဝီရိယကို ဉာဏ်နဲ့ယှဉ်ပြီး ကံတရားအပေါ် သတိထားကာ ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ ကံမရှိ ဉာဏ်ရှိတိုင်းမွဲဆိုသလို ကံတရားရဲ့ သက်ရောက်မှုတွေဟာလည်း ဘဝမှာ အများကြီး ပဲ့ကိုင်ထားတာ ဖြစ်တဲ့အတွက် လက်တွေ့ဘဝမှာ လုပ်ရမယ့် ဉာဏ်နဲ့ယှဉ်တဲ့ ကြိုးစားအားထုတ်မှုကို အရင်းတည်ပြီး ကြိုးစားတဲ့အတိုင်း ဖြစ်မလာခဲ့ရင်လည်း ကိုယ့်ရဲ့ကံတရားကို ဆင်ခြင်ကာ ပြုပြင်နေထိုင်နိုင်ကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘဝမှာ တစ်ခုခုကို ဆုံးရှုံးသွားတဲ့ အခါတိုင်း ကိုယ့်ကံကိုဆင်ခြင် ကိုယ့်ကိုယ်ကိုပဲ သက်သောင့်သက်သာ ဖြစ်အောင် ပြုပြင်ကြရမှာ ဖြစ်ပါတယ်။

    ဆိုလိုတာက “လူအတော်များများဟာ ဘဝမှာ ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ၊ ရှိထားတာတွေ ပျောက်ပျက်သွားတဲ့အခါ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် စသဖြင့် သူများကို အပြစ်ပုံချကာ အလွန်အကျွံ စိတ်ဒုက္ခ ခံစားမှုတွေ ရှိတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုတော့ ပြန်ပြီးဆင်ခြင်မှု အားနည်းတတ်ကြောင်း၊ ဒီလို အကျိုးသက်ရောက်မှုတွေဟာ တစ်ချိန်ချိန်က ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေရဲ့ တန်ပြန်သက်ရောက်မှု အကျိုးတရားတွေကြောင့်လည်း ဖြစ်နိုင်တာကို သတိပြုဆင်ခြင်မှု အားနည်းတတ်ကြောင်း၊ အဲဒီလို ကိုယ့်ကိုယ်ကို သတိမပြုမိတဲ့အတွက်ကြောင့် ဘဝမှာ တစ်ခုခုပျောက်ပျက်သွားတဲ့အခါ မကောင်းတာတွေနဲ့ ကြုံတွေ့တဲ့အခါ အရမ်းခံစားမှု ဖြစ်ကြခြင်း ဖြစ်ကြောင်း၊ အမှန်ဖြစ်သင့်တာက အဲဒီလို ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း မဖြစ်ဘဲ ကိုယ့်ရှိတာတွေ ပျောက်ပျက်သွားတဲ့အခါ ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ပြီး ကိုယ့်ကံကိုမြင်ကာ ကိုယ်ကိုယ်တိုင်ပဲ ပြင်ကြရမှာ ဖြစ်ကြောင်း” စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

    ဒါကြောင့် စာဖတ်သူတွေအနေနဲ့လည်း ဘဝမှာ ကိုယ့်ကိုသူများက ယုတ်မာသွားတဲ့အခါ၊ ကိုယ့်ပစ္စည်းကို သူများက ခိုးယူသွားတဲ့အခါ၊ ကိုယ့်ရှိတာကို လိမ်ညာပြီး ယူသွားတာကို ခံရတဲ့အခါ စတဲ့အခါမျိုးတွေမှာ ဒီဘဝမှာ ဥပဒေအကြောင်းအရ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုအပ်ပေမယ့် တစ်ဖက်ကလည်း အတိတ်ဘဝတစ်ခုခုက ကိုယ်လုပ်ခဲ့ လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုအဖြစ် ကိုယ့်ကိုယ်ကိုဆင်ခြင်ပြီး ကိုယ့်စိတ်ကိုကိုယ် သက်သောင့်သက်သာဖြစ်အောင် ကြိုးစားရင်း ကိုယ်ကိုယ်တိုင် သူခိုးဖြစ်ခဲ့ဖူးတာ၊ ကိုယ်ကိုယ်တိုင် လူလိမ်ဖြစ်ခဲ့ဖူးတာ စတာတွေနဲ့ ဖြေတွေးတွေးကာ နောက်နောင်မှာ ဒါမျိုးအဖြစ်တွေ မကြုံရအောင် ခုအချိန်မှာပဲ လုပ်သမျှအလုပ်တွေမှာ အပြစ်ကင်းအောင်း လုပ်ကြရမှာ ဖြစ်ပါကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။
    Read More...

    စိတ်အားဖြည့် စကားစုလေးများ (၃)…

  • Saturday, May 14, 2011
  • by
  • မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
  • တရားအားထုတ်တယ်ဆိုတာ…
    တရားအားထုတ်တယ်ဆိုတာ တကယ်တော့ “တရားတဲ့ အားတွေ ထုတ်တာပါ”ပဲ။ ကိုယ့်သန္တာန်မှာရှိတဲ့ မတရားတဲ့ အားတွေ အပြင်မထွက်အောင် မတရားတဲ့ အားတွေ မပေါ်အောင် တရားတဲ့အားတွေနဲ့ အနိုင်ယူတာကို တရားအားထုတ်တယ်လို့ ဆိုတာပါ။ မတရားတဲ့ အားဆိုတာ တခြားမဟုတ်ပါဘူး။ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသားတရားတွေကို ပြောတာပါ။ ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတွေ မပြတ်ဖြစ်နေတဲ့ အတွက်ကြောင့် ပုထုဇဉ်လို့ ဆိုတဲ့အတိုင်း ပုထုဇင်များမှာ ကိလေသာတရားများ အမြဲမပြတ် တိုးတက်ဖြစ်ပွား နေတတ်ပါတယ်။ တစ်နေ့တစ်နေ့ ပြန်တွေးကြည့်လိုက်ရင် မတရားတဲ့ အားတွေဖြစ်တဲ့ ကိလေသာတွေနဲ့သာ အချိန်ကုန်နေတတ်တာကို တွေ့ရပါတယ်။ အချိန်မရွေး သူများကိုကြည့်ပြီး၊ သူများပိုင်ဆိုင်တာတွေကြည့်ပြီး လောဘဖြစ်လိုက်၊ အလိုမကျတာတွေနဲ့ တွေ့တဲ့အခါ ဒေါသဖြစ်လိုက်၊ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ မာနတွေဖြစ်လိုက်၊ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်တဲ့ မောဟဖြစ်လိုက် စသည်စသည်ဖြင့် နေ့စဉ်မပြတ် တစ်မျိုးပြီးတစ်မျိုး အကုသိုလ် ကိလေသာတွေ ဖြစ်နေတဲ့အတွက် တရားတာတွေ ပျောက်ပျောက်နေပြီး မတရားတာတွေပဲ ရောက်ရောက်နေတတ်ပါတယ်။ ဒါဟာ ပုထုဇင်တွေရဲ့ သဘာဝပါပဲ။ ဒါကြောင့် ဒီမတရားတဲ့ ကိလေသာတွေ မဖြစ်အောင်၊ မတရားတဲ့ အားတွေအဖြစ်နည်းအောင် တရားတဲ့အားတွေ ထုတ်ကြတာ ဖြစ်ပါတယ်။ ဒါကိုပဲ တရားအားထုတ်တယ်လို့ ဆိုကြခြင်းပါ။

    ဉာဏ်ဝီရိယ ပြည့်စုံမှ ကံကကူညီမည်…လူဟာ ဘုန်းကံကြီးမားပြီး အရာရာကို ဖန်တီးနိုင်တဲ့ သူဖြစ်သော်လည်း ကံ ဉာဏ် ၀ီရိယတို့ကို အသုံးပြုပြီး ရရှိလာတဲ့ ဘ၀ကို တန်ဘိုးရှိအောင် အသုံးမပြုနိုင်ရင် လူပီသတဲ့ လူလို့မဆိုနိုင်ပါဘူး။ တချို့ လူ့ဘ၀ကို ရလာပေမယ့် ရရှိလာတဲ့ ဘ၀ကို ဖြစ်သလို နေပစ်လိုက်တတ်ပါတယ်။ အရာရာကို ဖန်တီးနိုင်တဲ့ လူ့ဘ၀မှာ ကိုယ်လိုချင်တဲ့ပုံစံ မဖန်တီးဘဲ တန်ဘိုးမဲ့တဲ့ လူအဖြစ် ဖြုန်းတီးပစ်တတ်ပါတယ်။ ကြိုးစားရင် ဖြစ်နိုင်တဲ့ ဘ၀ကို မကြိုးစားဘဲ ကံကိုသာ အပြစ်ပုံချတတ်ပါတယ်။ ကံ မကောင်းပါဘူးလို့ဆိုကာ ကိုယ့်ရဲ့ ပစ္စုပ္ပန် အစွမ်းကို မေ့ထားလိုက်ကြပါတယ်။ ဉာဏ်နဲ့ ၀ီရိယကိုပယ်ပြီး အတိတ်ကံ မကောင်းလို့ ဒီလိုဘ၀မျိုး ဖြစ်နေရတာလို့ ဘာမှမလုပ်ဘဲ မခိုင်လုံတဲ့ အကြောင်းပြများနဲ့ပဲ အဖော်ပြုနေကြပါတယ်။ တကယ်တော့ လူအဖြစ် မွေးဖွားပေးလိုက်တာနဲ့တင် အတိတ်ကံ၏ အကျိုးပေးမှု ပြီးဆုံးသွားပါပြီ။ ပစ္စုပ္ပန် တိုးတက်ဖို့ အတွက်ကတော့ ပစ္စုပ္ပန်မှာ လုပ်ရမယ့် လူရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အမှန်တော့ ကံဆိုတာ အလုပ်ကို ဆိုတာဖြစ်တဲ့အတွက် အလုပ်ကောင်းရင် ကံကောင်းမှာဖြစ်ပြီး အလုပ်ဆိုးရင်တော့ ကံဆိုးမှာပဲပေါ့။ ဒါကြောင့် ကံရဲ့အကျိုးပေးကောင်းကို လိုချင်ရင် ဉာဏ်ဝီရိယနဲ့ပဲ ကြိုးစားရယူဖို လိုပါတယ်။ ဉာဏ်ဝီရိယ ရှိပါမှ ကံကကူညီမည်လို့ ဆိုတဲ့အတိုင်း စေတနာကောင်းပါတဲ့ ဉာဏ်ဝီရိယနဲ့ ကြိုးစားရင် ကံလည်းကောင်းလာမှာ ဖြစ်ပါတယ်။

    လူ့…လူ…လူး…လူ့ဘ၀ဟာ အရာရာကို ဖန်တီးနိုင်စွမ်းရှိတဲ့ ဘ၀၊ အမြင့်မြတ်ဆုံး ဘ၀၊ တန်ဘိုးအရှိဆုံး ဘ၀ဖြစ်ပေမယ့် အဲဒီဘ၀ကို အချည်းနှီးဖြစ်စေ၊ ပစ္စုပ္ပန် သံသရာ အစစအရာရာတွင် လု့နေ၊ မကောင်းတဲ့ လုပ်ရပ်များကြောင့် မကောင်းတဲ့ ဘုံဘ၀များမှာပဲ လူးနေရတဲ့ ဘ၀များအဖြစ် ပြောင်းလဲပစ်နိုင်တာလည်း လူပဲဖြစ်တဲ့အတွက် လူသားများဟာ လူပီသတဲ့ လူများဖြစ်စေဖို့၊ လုနေရသည့် လူများမဖြစ်စေဖို့နဲ့ လူးနေရတဲ့ လူများမဖြစ်စေဖို့ အသိဉာဏ်ပညာပါတဲ့ အားထုတ်မှုကို လက်ကိုင်ထားပြီး စေတနာကောင်းနဲ့ ကိုယ်လိုချင်တဲ့အရာကို ရအောင်ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရရှိလာတဲ့ တန်ဘိုးရှိတဲ့ လူအဖြစ်ကို လုရင်း၊ လူးရင်းနဲ့ အချိန်မကုန်ကြစေဘဲ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ ကုသိုလ် အကုသိုလ်ကို သိရှိလိုက်နာကျင့်သုံးပြီး စေတနာကောင်းပါတဲ့ လုပ်ရပ်များနဲ့ လူပီသတဲ့ လူများဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

    အစမလုပ်နဲ့ အဆုံးမရှိ ဖြစ်တတ်တယ်…စိတ်ဆိုတာကလည်း သိတဲ့အတိုင်း မကောင်းတဲ့ဘက်မှာပဲ ပျော်မွေ့တတ်ပါတယ်။ ကောင်းတဲ့အလုပ်ကို လုပ်ဖို့ခက်သလောက် မကောင်းတဲ့အလုပ်ကျတော့ အချိန်မရွေး အလွယ်တကူ ထလုပ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့ အလုပ်၊ မကောင်းတဲ့ အကျင့်ဟာ လုပ်ဖို့လွယ်၊ ဖြစ်ဖို့လွယ်တဲ့ အတွက် စပြီးမလုပ်မိအောင် ကြိုးစားဖို့နဲ့ ကောင်းတဲ့အလုပ်၊ ကောင်းတဲ့အကျင့်ကတော့ လုပ်ဖို့ဖြစ်ဖို့ ခက်တဲ့အတွက် ချက်ချင်းထလုပ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ မကောင်းတဲ့အလုပ်၊ မကောင်းတဲ့ အကျင့်ဟာ ဘာမှမဖြစ်လောက်ပါဘူး ဆိုပြီး စမ်းသပ်တဲ့ သဘောနဲ့တောင် မလုပ်မိကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ သူများလုပ်တာတွေ့လို့ လုပ်ကြည့်တာမျိုး၊ သူမျိုးတိုက်တွန်းလို့ လုပ်ကြည့်တာမျိုးကအစ ဘယ်လိုသဘောမျိုးနဲ့မှကို မလုပ်မိကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို စမ်းသပ်တာ၊ စမ်းလုပ်တာကစပြီး နောက်ပိုင်းဖြတ်ဖို့ ခက်လာကာ ဘ၀ကို ဒုက္ခဖြစ်စေနိုင်တဲ့အထိ ဖြစ်သွားတတ်လို့ပဲ ဖြစ်ပါတယ်။

    မာနလေးတွေ လျှော့ကြည့်ပါ…မာနဟာ တက်ကြွခြင်း၊ ထောင်လွှားခြင်း သဘောရှိပါတယ်။ မာနအားကြီးလာရင် အရိုအသေ ပြုတတ်တဲ့ ဂါရ၀တရားတွေ ခေါင်းပါးလာတတ်ပါတယ်။ မာနကြီးလာရင် ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နိဝါတ တရားတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ ဂါရ၀၊ နိဝါတဆိုတာ မင်္ဂလာ တရားတော်တွေပါ။ မာနကြောင့် ဒီမင်္ဂလာတရားတွေ မရှိဖြစ်လာရင် ကိုယ့်သန္တာန်မှာ ကျက်သရေ မရှိဖြစ်လာတာနဲ့ အတူတူပါပဲ။ မင်္ဂလာမရှိဘူးဆိုရင် အမင်္ဂလာပဲပေါ့။ အမင်္ဂလာဆိုတာ အကုသိုလ်ပါပဲ။ ဒါဆိုရင် မင်္ဂလာမရှိတဲ့သူဟာ အကုသိုလ်ရှိနေတဲ့သူပဲပေါ့။ သေချာဆက်စပ် တွေးကြည့်လိုက်တော့ မာနတရား လက်ကိုင်ထားမိတဲ့ အတွက် ကိုယ်ကိုယ်တိုင် အကုသိုလ်ကောင်ကြီး ဖြစ်မှန်းမသိ ဖြစ်နေတော့တာပါ။ မာနဆိုတဲ့ ကိလေသာဟာ သူ့ကိုစွဲကိုင်ထားတဲ့ သူတွေကို မင်္ဂလာမရှိအောင်၊ အကုသိုလ်ကောင် ဖြစ်အောင်အထိ တွန်းပို့နိုင်တဲ့အတွက် မာနတရားဟာ မထားသင့်၊ မရှိသင့်တဲ့အရာ ဖြစ်ပါတယ်။ တကယ်တော့ ပညာတွေ ဘယ်လောက်တတ်တတ် မာနကြီးပါက အရိုအသေမဲ့တတ်ပါတယ်။ ရုပ်အဆင်းအင်္ဂါ ဘယ်လောက်ပဲလှလှ မာနကြီးပါက စက်ဆုတ်ရွံ့ရှာခံရ တတ်ပါတယ်၊ ရာထူးဌာနန္တရ ဘယ်လောက်ပဲကြီးကြီး ခက်ထန်မောက်မာပါက အမုန်းခံရတတ်ပါတယ်။ စာသင်စာပြ တရားဟော တရားပြ ဘယ်လောက်ပဲ ကောင်းကောင်း မာနကြီးပြီး ခက်ထန်မောက်မာပါက အကဲ့ရဲ့ခံကာ ရှောင်ပယ်ခံရတတ်ပါတယ်။ ဒါဟာ မာနရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မဖြစ်အောင် မာနလေးတွေ လျှော့ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

    တကယ့်ဒုက္ခငြိမ်းရာဆိုတာ…တစ်ချို့ဆင်းရဲ့တဲ့ နိုင်ငံက လူများက ချမ်းသာတဲ့ နိုင်ငံကိုအားကျကြ၊ ချမ်းသာတဲ့သူတွေကို ကြည့်ပြီး “သူတို့တွေ ဒုက္ခငြိမ်းလိုက်ကြတာ”လို့ ဆိုတတ်ကြပါတယ်။ တကယ်တော့ နာမ်ရုပ်နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ သတ္တ၀ါတွေ မှန်သမျှ ဘယ်နေရာ၊ ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာပဲရှိရှိ ဒုက္ခငြိမ်းတယ်ဆိုတာ မရှိပါဘူး။ ဒုက္ခကိုယ်စီပိုက်ပြီး နေနေကြသူတွေပဲ ဖြစ်ပါတယ်။ ခန္ဓာဝန်လက်စ မသိမ်းသေးသမျှ ဒုက္ခငြိမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ထပ်တစ်ဖန် ဘ၀သစ်ကို မဖြစ်စေနိုင်တော့တဲ့ ကိလေသာကုန်ခမ်း နိဗ္ဗာန်လမ်းကို မရောက်သေးသမျှ ခန္ဓာဝန်လက်စ သိမ်းနိုင်မှာ မဟုတ်ဘဲ ခန္ဓာရှိနေသူမှန်သမျှ ဒုက္ခငြိမ်းတယ်ဆိုတာ မရှိပါဘူး။ သူ့ဒုက္ခနဲ့ သူဆိုတာ ရှိနေကြတာပါပဲ။ မရှိတောင့်တ၊ ရှိကြောင့်ကြလို့ ဆိုသလို မရှိတော့လဲ မရှိလို့တဲ့အလျှောက်၊ ရှိတော့လည်း ရှိတဲ့အလျှောက် ဒုက္ခဖြစ်တာပါပဲ။ အမှန်အကြွင်းမဲ့ ဒုက္ခငြိမ်းစေနိုင်တာကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ကိလေသာတွေငြိမ်းမှ အလုံးစုံငြိမ်းမှာပါ။ ဒါကြောင့် တကယ့်ဒုက္ခငြိမ်းရာဟာ ကိလေသာအပေါင်း ငြိမ်းရာပါလို့ ဆိုခြင်းဖြစ်ပါတယ်။

    ကိုယ်ကျင့်သီလ…ပါးစပ်က ဗုဒ္ဓဘာသာလို့ ဘယ်လောက်ပဲ ပြောပြော၊ သီလတွေ ဘယ်လောက်ပဲ ယူယူ လက်တွေ့အားဖြင့် ကိုယ်ကိုယ်တိုင် ရအောင်မကျင့်နိုင်သေးရင်တော့ ကိုယ်ကျင့်သီလတွေ ရနေတယ်၊ တည်နေတယ်လို့ မပြောနိုင်သေးပါဘူး။ ကိုယ်ကျင့်မှ ကိုယ်ရမှာဖြစ်တဲ့ ဒီသီလဟာ ကိုယ်ကိုယ်တိုင်ပဲ လုပ်ယူရပါတယ်။ သူများပေးလို့ မရပါဘူး။ တောင်းပြီးယူရတဲ့ အရာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ကျင့်သုံးပြီး ရယူရတဲ့ အရာဖြစ်ပါတယ်။

    မဖြစ်ပါရစေနဲ့…ပုထုဇင်တွေဟာ အမြဲလိုချင်နေတတ်၊ ရချင်နေတတ်၊ ဖြစ်ချင်နေတတ်ပါတယ်။ ဒါကြောင့်လည်း ဘာလေးပဲလုပ်လုပ် လိုချင်ဖြစ်ချင်ရချင်တဲ့ စိတ်ဆန္ဒတွေနဲ့ တောင့်တကြပါတယ်။ ဒီစိတ်ကြောင့်ပဲ ဘာကုသိုလ်လေးပဲ လုပ်လုပ် ဖြစ်ပါရစေ၊ ရပါရစေ စသဖြင့် ဆုတောင်းလေ့ရှိကြပါတယ်။ ဖြစ်ချင်တာတွေက များတဲ့အတွက် ကုသိုလ်လေးကနဲနဲ တောင်းတာတွေက အများကြီး ဖြစ်နေကြပါတယ်။ ကုသိုလ်ကောင်းမှုလုပ်တဲ့သူ အတော်များများရဲ့ အသံတွေ နားထောင်လိုက်ရင် သူတို့ပြုတဲ့ ကုသိုလ်အပေါ် ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ တောင်းနေကြတာကို ကြားနေရမှာပါ။ မဖြစ်ပါရစေနဲ့လို့ ဆုတောင်းပြီး ကုသိုလ်လုပ်သူ အတော်ရှားလှပါတယ်။ တကယ်လို့ မဖြစ်မနေ တောင်းချင်တယ်ဆိုရင်လည်း ဖြစ်ပါရစေလို့ တောင့်တနေမယ့်အစား လောဘမဖြစ်ဖို့၊ ဒေါသမဖြစ်ဖို့၊ မောဟမဖြစ်ဖို့၊ မာနမဖြစ်ဖို့၊ ဣဿာ၊ မစ္ဆရိယမဖြစ်ဖို့ စသဖြင့် တောင်းတာက ပိုပြီးအဓိပ္ပါယ်ပြည့်ဝ၊ အနှစ်သာရ ရှိပါတယ်။ ဖြစ်ပါရစေလို့ပဲ ဆုတောင်းဆုတောင်း မဖြစ်ပါရစေနဲ့လို့ပဲ တောင့်တတောင့်တ အမှန်တော့ နှစ်ခုလုံး တောင့်တတာတွေပါ။ ဒါပေမယ့် ဖြစ်ပါစေလို့ တောင့်တမှုကတော့ သံသရာရှည်မှုကို ဖြစ်စေတတ်ပြီး မဖြစ်ပါရစေနဲ့လို့ တောင့်တမှုကတော့ လွတ်မြောက်မှုကို ဦးတည်စေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆုတောင်းနေ့ဖို့ထက် လက်တွေ့ကျင့်ကြံဖို့က အရေးကြီးပါတယ်။ ဒီလို ကျင့်ကြံတဲ့အခါမှာတော့ ဦးတည်ချက် မှန်ဖို့လိုပါတယ်။ တစ်ချို့ ကုသိုလ်တွေ အမျိုးမျိုး လုပ်ကြပါတယ်။ ဒီလိုလုပ်နေကြပေမယ့် ဦးတည်ချက်ကတော့ လူ့စည်းစိမ် နတ်စည်းစိမ် စတာတွေကို ရစေဖို့ဖြစ်နေပါတယ်။ တစ်ချို့ကျတော့ ဒီစည်းစိမ်တွေကို မရည်ရွယ်ပါဘူး။ လောဘကင်းမှု၊ ဒေါသကင်းမှု၊ မောဟကင်းမှု၊ နိဗ္ဗာန်မျက်မှောက်ပြုမှုတွေကို ဦးတည်ပါတယ်။ ဒီဦးတည်ချက်နဲ့ပဲ ဖြစ်ပါရစေဆိုတာတွေနဲ့ ဆန့်ကျင်ပြီး မဖြစ်ပါရစေနဲ့ ဆိုတာကို ရည်ရွယ်ကြပါတယ်။ ဒီလို မဖြစ်ပါရစေနဲ့လို့ ရည်ရွယ်မှုကတော့ လွတ်မြောက်မှုအတွက် ဦးတည်ချက်ကောင်း ဖြစ်စေပါတယ်။ ဒါကြောင့် ဖြစ်ပါရစေဆိုတာထက်၊ မဖြစ်ပါရစေက ပိုကောင်းပါတယ်။

    အသေကောင်းဖို့်…လောကသားတွေဟာ နေဖို့အတွက် ကြိုးစားကြသလို သေဖို့အတွက်လည်း ကြိုးစားသင့်ကြပါတယ်။ အနေကောင်းအောင် ပြင်ဆင်ကြသလို အသေကောင်းအောင်လည်း ပြင်ဆင်ကြဖို့ လိုပါတယ်။ နေတဲ့အခိုက်မှာ မတောင့်မတ မကြောင့်မကျ နေနိုင်အောင် အားထုတ်ကြသလို သေတဲ့အခိုက်မှာလည်း မပူမပင် မပင်မပန်း သေနိုင်အောင် အားထုတ်သင့်ကြပါတယ်။ မတောင့်မတ နေနိုင်အောင် ရှာဖွေကြရင်း မကြောင့်မကျ သေနိုင်အောင်လည်း ရှာသင့်ပါတယ်။ ဆိုလိုတာက ဘ၀နေဖို့အတွက် ငွေကြေးပစ္စည်းဥစ္စာ ရအောင်ရှာရင်း နေခြင်းရဲ့နောက် သေခြင်းအတွက်လည်း သတိတရား လက်ကိုင်ထားနိုင်အောင် တရားတစ်ခုခု ရအောင်ရှာသင့်ပါတယ်။ ဒီလိုအသေကောင်းဖို့ တရားရှာတဲ့အခါ အကောင်းဆုံကတော့ ၀ိပဿနာ တရားပဲကောင်းပါတယ်။ ၀ိပဿနာ အားထုတ်ဖူးတဲ့သူ သတိပဋ္ဌာန်တစ်မျိုးမျိုးကို အထူးပြု အားထုတ်ဖူးသူတွေဟာ အနေကောင်းနေသူတွေဖြစ်ပြီး အသေကောင်းသူတွေဆိုလည်း မမှားပါဘူး။ တရားအားထုတ်ထားတဲ့ သူတစ်ယောက်အဖို့ သာမန်သူတွေ မခံနိုင်တဲ့ အကောင်းအဆိုး လောကဓံတွေကို ကောင်းကောင်းခံနိုင်ရည် ရှိလာကြပါတယ်။ လောကသားတွေ ဒုက္ခရောက်ကြ၊ ပျက်စီးကြတယ်ဆိုတာလည်း ဒီလောကဓံကို မခံနိုင်ကြလို့ပဲ ဖြစ်ပါတယ်။ တရားအားထုတ်ခြင်းဖြင့် လောကဓံကို ခံနိုင်ရည် ရှိနေတဲ့သူဟာ ဘာအခက်အခဲမဆို ခံနိုင်ရည်ရှိနေတဲ့ အနေကောင်းသူတွေ ဖြစ်နေကြပါတယ်။ ဒီအလုပ်ကို အားထုတ်ရင်း ဒီအတိုင်းပဲ အမှတ်သတိ မပြတ်ရှိသွားမယ်ဆိုရင် အသေလည်းကောင်းမှာ သေချာပါတယ်။

    ဥပေက္ခာပြုလိုက်ပါ…လောကမှာ လုပ်ယူလို့၊ ပြုပြင်လို့ မရတဲ့ အရာတွေ၊ မရတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒါမျိုးကို မရရအောင် ပြုပြင်နေရင် ကိုယ်ပဲစိတ်ပင်ပန်း လူပင်ပန်း ဖြစ်တတ်ပါတယ်။ ကိုယ့်လမ်း ကိုယ်လျှောက်နေချိန်မှာ သူတစ်ပါးကို အမှီပြုပြီး ကိုယ်ကိုယ်တိုင်ပါ နစ်မွန်းလာနိုင်ပါက အဲလိုအရာမျိုး၊ အဲလိုလူမျိုးကို ရှောင်ဖို့လို၊ ဥပေက္ခာပြုလိုက်ဖို့ လိုပါတယ်။ အမှန်တော့ ဥပေက္ခာပြုတယ်ဆိုတာ သူတစ်ပါးကို အမှီပြုပြီး ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်အောင် နေလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ကုသိုလ်မရချင် နေပါစေ အကုသိုလ် မဖြစ်ဖို့တော့ လိုပါတယ်။ တစ်ခါတစ်လေ ဥပေက္ခာပြုကြည့်လိုက်လို့ အပြုခံရတဲ့သူဟာ နောင်တရပြီး ပြုပြင်ပြောင်းလဲ သွားတတ်တာလည်း ရှိပါတယ်။ သေချာတာကတော့ ဥပေက္ခာပြုလိုက်တဲ့အတွက် ကိုယ်ကိုယ်တိုင် အရင်ဆုံး သက်သောင့်သက်သာ ဖြစ်သွားတယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါကြောင့် တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို အကြောင်းပြုလို့ အကုသိုလ်ဖြစ်မယ်၊ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် လစ်လျူရှုနိုင်အောင်၊ ဥပေက္ခာပြုနိုင်အောင် ကြိုးစားကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

    ကံမသိ မှန်ကြည့်ပါ…မှန်ဟာ ကြည့်သူများကို အရှိအတိုင်း ထင်ရှားစေသလို ကံတရားဟာလည်း ပြုသူများကို မျက်နှာလိုက်ခြင်း၊ မျက်နှာသာပေးခြင်း မရှိဘဲ အရှိအတိုင်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။ မှန်ပါတယ်။ မှန်ကြည်တဲ့အခါ မြန်မာပဲကြည့်ကြည့် ကိုရီးယားပဲကြည့်ကြည့်၊ အမေရိကန်ပဲကြည့်ကြည့်၊ ဂျပန်ပဲကြည့်ကြည့်၊ ဖြူသူပဲကြည့်ကြည့် မဲသူပဲကြည့်ကြည့် ဘယ်သူပဲကြည့်ကြည့် မှန်မှာ်ပေါ်လာတဲ့ ထင်ဟပ်မှုဟာ အရှိအတိုင်းပင် ဖြစ်ပေါ်စေသလို ကံတရားဟာလည်း ဘယ်နိုင်ငံ၊ ဘယ်လူမျိုးက ဘာအလုပ်ကိုပဲ လုပ်လုပ် တန်ပြန်အကျိုးသက်ရောက်မှုမှာ အဲဒီသူတို့ ပြုတဲ့အတိုင်း၊ သူတို့စိတ်စေတနာ အတိုင်းပဲ ဖြစ်ပေါ်စေပါတယ်။ ကံတရားရဲ့ အကျိုးပေးမှုမှာ ဂုဏ်ပကာသနမရှိ၊ ရာထူးဌာနန္တရမရှိ၊ ပစ္စည်းဥစ္စာမရှိ သတ္တ၀ါမှန်သမျှအပေါ် တစ်ပြေးညီတည်းပါပဲ။ ဒါကြောင့် ကိုယ်ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ကိုပြန်ပြီ အကျိုးသက်ရောက်မှု ဖြစ်စေမှာဖြစ်တဲ့အတွက် မှန်ကြည့်ပြီး လုပ်ကြဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။
    Read More...

    နဲနဲလေးတော့ လွဲနေတယ် (၃)...

  • by
  • မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
  • ဂြိုဟ်တိုင်များနဲ့ ဗုဒ္ဓဘာသာ…
    လွဲနေတာလေးတွေ ပြောရင်းနဲ့ နောက်ထပ်အလွဲတစ်ခု ပြောစရာ ပေါ်လာပြန်ပါတယ်။ အဲဒါက စေတီပုထိုးများနဲ့ ဂြိုဟ်တိုင်များကိစ္စ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားတယ်၊ ဘုရားသွားတယ်နဲ့ တကယ်တော့ ဘုရားသွားပြီး ဘုရားအာရုံပြု ရှိခိုးကြတာထက် ဘုရားရောက်ရောက်ချင်း ဂြိုဟ်တိုင်လိုက်ရှာ နေကြတာတွေပါ။ ကိုယ်မွေးတဲ့ မွေးနေ့အလိုက် လုပ်ထားတဲ့ ဂြိုဟ်တိုင်တွေမှာ သွားပြီးဘုရားကို ရေသွားပက်ကြတာ၊ ခေါင်းပေါ်ကနေ ရေလောင်းပေးကြတာ၊ အမွေးတိုင်း၊ ဖယောင်တိုင်းအစည်းလိုက် မီးရှို့ပြီး ဘုရားကို မီးတိုက်ကြတာတွေဟာ ရုပ်ပွားဆင်းတုတော် ဖြစ်တဲ့ဘုရားက ဘာမှ မပြောပေမယ့် သက်ရှိသူတစ်ယောက်သာ ဆိုရင် ထရိုက်လိုက်မှာ အမှန်ပါပဲ။

    ဘုန်းဘုန်းတို့ကျောင်းက အိမ်တော်ရာ ဘုရားဝင်းထဲမှာ ရှိတော့ ဘုရားလာဖူးတဲ့ သူတွေရဲ့ လုပ်ဆောင်ချက်တွေကို တွေ့မြင်နေရပါတယ်။ တွေ့ရုံတင်မဟုတ်ပါဘူး။ ဘုန်းဘုန်းကိုယ်တိုင် ဦးဆောင်ဖွဲ့ပေးထားတဲ့ ဗုဒ္ဓဟူးဝတ်အသင်းက ဗုဒ္ဓဟူးနေ့ မနက်တိုင်း သန့်ရှင်းရေး လုပ်ကြတဲ့ အခါမှာ အသင်းဝင်အချို့ရဲ့ ဂြိုဟ်တိုင်နားက မခွါနိုင်တာတွေကိုလည်း သတိထားမိပါတယ်။ တံမြက်လှဲ၊ ဘုရားပန်းလဲ၊ ရင်ပြင်သန့်ရှင်းရေးတွေ အားလုံးလုပ်ပြီး ကိုယ့်ဂြိုဟ်တိုင် ကိုယ်သွားကာ ဆောင်းတွင်းမနက် စောစောစီးစီး ဘုရားကို ခေါင်းပေါ်ကနေလောင်းလို့ သက်စေ့ရေပက် နေတာတွေကြောင့် သူတို့ကို ပြောပြရပါသေးတယ်။ ကိုယ်ကိုယ်တိုင် ဆောင်းတွင်းကြီးမှာ ခေါင်းပေါ်ကနေ ရေလောင်းကြည့်ပါလားလို့…။ လွဲနေတာတွေပါ။

    ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားကြတယ်ဆိုရင် ဘုရားရင်ပြင်တော်မှာ ရှိတဲ့ စနေ၊ တနင်္ဂနွေ၊ တနင်္လာစတဲ့ ဆိုင်ရာနေ့နံတွေကို အရောက်သွားကာ ဂြိုဟ်တိုင်မှာရှိတဲ့ ဘုရားရုပ်ပွားနဲ့ ရုပ်ပွားတော်အောက်က နဂါး၊ ဂဠုံ၊ ကျားစတဲ့ သတ္တ၀ါတွေကို အဓိကသွားပြီး သက်စေ့ရေလောင်းနေကြတာ တွေ့ဖူးကြမှာပါ။ ကိုယ်ကိုယ်တိုင်လည်း အဲဒီအထဲမှာ ပါရင်ပါနေကြမှာပါ။ ပြောတော့ ဘုရားကို သက်စေ့ရေလှူတာတဲ့။ နောက်ဆုံးတော့ ဗေဒင်ဆရာစကားအတိုင်း လိုက်လုပ်နေကြတာတွေပါ။ ဘုရားကို ရေလှူချင်တယ်၊ ရေသပ်ပယ်ချင်တယ် ဆိုရင်လည်း သက်စေ့တွေ ဘာတွေလုပ်မနေနဲ့ပေါ့။ နေ့နံတွေ ဘာတွေရွေး မနေနဲ့ပေါ့။ သင့်လျော်တဲ့ ရုပ်ပွားဆင်းတုတော်ကို သေသေချာချာ ကျကျနန သန့်သန့်ရှင်းရှင်းလုပ်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကို အာရုံပြုလို့ အပူအအေး သင့်မြတ်တဲ့အချိန်တွေမှာ ရေသပ္ပါယ်သင့်တာပေါ့။ မီးပူဇော်တာလည်း ဒီအတိုင်းပါပဲ။ ဘုရားမီးပူဇော်တယ် ဆိုရင်လည်း ဖယောင်းတိုင် သက်စေ့တွေ ဘာတွေလုပ်မနေနဲ့ ဘုရားရှင်ကို မီးမြိုက်သလို မဖြစ်အောင် ခပ်ဝေးဝေးကနေ ထွန်းညှိပူဇော်ကြပေါ့။ မီးပူဇော်တယ်ဆိုတာ အမှောင်ကျတဲ့အချိန်မှာ ဘုရားကို အလင်းရအောင် ညဘက်ပူဇော်တာဖြစ်ပါတယ်။ ခုတော့ နေ့ခင်းကြောင်တောင်ကြီးလည်း ဘုရားရှေ့နားမှာ ဖယောင်းတိုင်တွေ သက်စေ့ထွန်းပြီး လှူထားတာဟာ မီးပူဇော်တာနဲ့ မတူဘဲ နေ့ခင်းကြောင်တောင် ဘုရားကို မီးတိုက်သလို ဖြစ်နေပါတယ်။ ကိုယ်ကိုယ်တိုင် မီးအပူခံကြည့်ဖို့တောင် လိုနေပါပြီ။ ဒါကြောင့် ဗုဒ္ဓဘာသာတွေ ဘုရားပျောက်နေကြတယ်လို့ တစ်ချို့က ပြောကြတာ ဖြစ်မှာပါ။

    ဟုတ်သင့်သလောက်လည်း ဟုတ်နေပါတယ်။ ရွှေတိဂုံဘုရားသွားပြီး ဘုရားစေတီမှာ ဌပနာထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ဓာတ်တော်ကို အာရုံပြု၊ ဘုရားဂုဏ်ကို နှလုံးသားမှာတည်ကာ ဘုရားရှိခိုး ပူဇော်ရမယ့်အစား ဂြိုဟ်တိုင်သွားပြီး ရေလောင်း၊ မီးတိုက်နေကြတော့ ဘုရားသွားတဲ့ အဓိပ္ပါယ်ပျောက်ကာ ဘုရားသွားပြီး ဘုရားမမြင်ကြတဲ့ သူတွေလို့ ပြောစရာ ဖြစ်ကုန်ပါတော့တယ်။ ဘုရားသွားဖူးတာ မဟုတ်ဘဲ ဘုရားကို အလည်သွားသလို ဖြစ်နေပါတယ်။ ဖြစ်သင့်တာက ဘုရားစေတီ သွားရင်လည်း သင့်လျော်တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရွေးချယ်၊ ဘုရားရုပ်ပွားတော် ဒါမှမဟုတ် စေတီတော်ကို မှန်းကာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ လွှမ်းခြံပြီး ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ၊ တရားထိုင်တာတွေ လုပ်သင့်ပါတယ်။ ဘုရားကို ရေပူဇော်ချင်တယ်၊ မီးပူဇော်ချင်တယ်ဆိုရင်လည်း အပူအအေးမျှတဲ့အခါ၊ အမှောင်ရှိတဲ့အခါမျိုးမှာ သက်တော်ထင်ရှား ဘုရားရှင်ကို ရေသပ်ပယ်ပေးနေသလို၊ ညအမှောင်မှာ ဘုရားရှင်ကို အလင်းဓာတ်နဲ့ ပူဇော်သလို၊ အနံ့အသက်ကောင်းအောင် အမွေးတိုင်နဲ့ ပူဇော်သလို စေတနာအပြည့်နဲ့ ရိုရိုသေသေ လေးလေးစားစား ပြုစုပူဇော်သင့်ပါတယ်။ ဒါမှ ဘုရားသွားခြင်းရဲ့ အဓိပ္ပါယ်ပြည့်ဝပြီး ဂြိုဟ်တိုင်များက ခွါနိုင်မှာ ဖြစ်ပါတယ်။

    ဒါကြောင့် ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာများအနေနဲ့ ဘာသာရေးကို လောကီရေးတွေနဲ့ မရောယှက်ရအောင် လောကီဆရာတွေ အလိုကျ လုပ်မိနေတတ်တဲ့ “ဘုရားအကြောင်းပြကာ ဂြိုဟ်တိုင်များမှာ သွားပြီး စောစောစီးစီး ဆောင်းတွင်းကြီးမှာ ဆင်းတုတော်ကို ရေလောင်းတာတို့၊ နေ့လယ်နေ့ခင်း ဘုရားရှင်ကို မီးတိုက်တာတို့ မလုပ်ကြဘဲ ပုံတော်ကိုမှန်း ဂုဏ်တော်လွှမ်းကာ ရုပ်ပွားဆင်းတုတော်ကို အပူအအေးကင်းတဲ့ အချိန်မှာ သေသေချာချာ ကျကျနန ရေသပ္ပါယ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ အမှောင်ကိုခွင်းဖို့ လိုအပ်တဲ့အချိန်မှာ မီးထွန်းပူဇော်ခြင်း စသည်တို့ကို ပြုခြင်းဖြင့်သာ ဂြိုဟ်တိုင်များက ခွါပြီး ဘုရားသွားခြင်းရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ သက်ရောက်အောင်သာ ကြိုးစားလုပ်ဆောင် သင့်ပါကြောင်း” အလွဲလေးများကို ထောက်ပြရင်း အမှန်းလမ်းကို ကောက်ပြလိုက်ပါတယ်။
    Read More...

    အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့…

  • by
  • မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
  • ဆရာတော်ကြီးတစ်ပါးက မိန့်ကြားဖူးပါတယ်။ “ပုထုဇင်တွေဟာ တစ်နေ့တစ်နေ့ အိပ်ပျော်နေချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကုသိုလ် သို့မဟုတ် အကုသိုလ်စိတ် တစ်ခုခုနဲ့နေကြတာ”တဲ့။ ဟုတ်ပါတယ်။ စိတ်ဆိုတာဟာ တစ်ပြိုင်တည်း နှစ်စိတ်ဖြစ်လေ့မရှိပါဘူး။ အကုသိုလ်စိတ်ဖြစ်နေရင် ကုသိုလ်စိတ်မဖြစ်နိုင်သလို ကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ် မဖြစ်နိုင်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကတော့ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်တဲ့ဘ၀င်စိတ်ပါ။ ဆိုတော့ကား.. အိပ်ရာကနိုးတဲ့အချိန်ကနေ ညအိပ်ရာဝင်တဲ့အချိန်အထိ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ရင် ကုသိုလ်ဖြစ်တဲ့အချိန်က များသလား၊ အကုသိုလ်ဖြစ်တဲ့အချိန်က များသလား သိနိုင်ပါတယ်။ ကုသိုလ်စိတ် မဖြစ်တဲ့အချိန်ဟာ အကုသိုလ်စိတ်တွေ ဖြစ်နေနိုင်တဲ့အတွက် အကုသိုလ်စိတ်မဖြစ်အောင် ကြိုးစားနေထိုင်သွားကြဖို့ လိုပါတယ်။

    တစ်နေ့တစ်နေ့ ကုသိုလ်မဖြစ်ချင်နေပါစေ အကုသိုလ်မဖြစ်အောင် နေတတ်ဖို့အရေးကြီးပါတယ်။ အကုသိုလ်မဖြစ်အောင် နေထိုင်ဖို့အတွက်က အကုသိုလ်မဖြစ်အောင်မြင်တတ် တွေးတတ်ဖို့လိုပါတယ်။ အကုသိုလ်မဖြစ်အောင် မြင်တတ်ဖို့က အကောင်းမြင်တတ်ဖို့လိုပါတယ်။ အကောင်းမြင်တတ်မှ အကောင်းတွေး တတ်မှာပါ။ အကောင်းတွေးတတ်တာဟာ အကုသိုလ်မဖြစ်အောင် တွေးလိုက်တာပါ။ လောကမှာ ရှိရှိသမျှ ပုဂ္ဂိုလ်သတ္တ၀ါတွေကို ကြည့်ကြည့်လိုက်ပါ။ အလုံးစုံပြည့်စုံတဲ့ ပုဂ္ဂိုလ်ရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ အဲလို မပြည့်စုံတဲ့ သူတွေဖြစ်နေတဲ့အတွက် သူတို့ရဲ့အားနည်းချက်တွေ ချို့ယွင်းချက်တွေကိုကြည့်ရင် အပြစ်တွေကိုပဲ တွေ့ရမှာပါ။ အပြစ်တွေကိုကြည့်မိတာနဲ့ နောက်ဆက်တွဲအဖြစ် အကုသိုလ်ဖြစ် စရာတွေပဲ တွေ့လာရမှာပါ။ အဲဒီအခါ အကုသိုလ်စိတ်တွေလည်း မခေါ်ဘဲဝင်လာတော့တာပါပဲ။ ဒါကြောင့် ဘယ်သူ့ကိုပဲကြည့်ကြည့် အကုသိုလ်မဖြစ်အောင် ကြည့်တတ်ဖို့လိုပါတယ်။ တစ်နည်းပြောရရင် အကောင်းဘက်က မြင်တတ်၊ ကြည့်တတ်ဖို့လိုပါတယ်။ အကောင်းမြင်တတ်ဖို့ဆိုတာက ဘယ်သူ့ကိုပဲတွေ့တွေ့ ကောင်းတာလေးတွေကို ရှာဖွေစဉ်းစား မြင်တတ်ကြည့်တတ်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ အဲဒီအပေါ်မှာ လိုက်နာကျင့်ကြံ တတ်ရပါမယ်။

    ဘုန်းဘုန်းတို့ ဖတ်ရှုလေ့လာဖူးတဲ့ စာပေတွေအရ အကုသိုလ်မဖြစ်အောင် ဆက်ဆံနည်းလေးတွေ၊ တွေးနည်းလေးတွေ ရှိပါတယ်။ အဲဒီနည်းလေးတွေကို ကြည့်ပြီး အကုသိုလ်မဖြစ်အောင် လေ့ကျင့်ကြည့်ပါ။ ဒီသဘောတွေအရ…
    * လူပုဂ္ဂိုလ်တွေထဲမှာ အချို့ပုဂ္ဂိုလ်တွေဟာ နှုတ်ထွက်စကား ကြမ်းတမ်းပေမယ့် စိတ်ထားအရမ်းကောင်းတာကို တွေ့ရတတ်ပါတယ်။ အဲလိုသူမျိုးကို သူတို့ရဲ့ အပြောအဆိုကြမ်းတမ်းမှုကို မကြည့်ဘဲ “အော်…သူဟာ အပြောအဆိုကြမ်းတမ်းပေမယ့် စိတ်ထားလေးတော့ ကောင်းရှာသားပဲ”လို့ အကောင်းဘက်ကတွေးပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
    * အချို့ကျတော့ အပြောအဆိုအရမ်းကောင်းပြီး အရမ်းနူးညံ့သိမ်မွေ့တတ်ကြပေမယ့် စိတ်ထားယုတ်ညံ့ပါတယ်။ အဲဒီလိုသူမျိုးကျတော့လည်း “သူဟာ စိတ်ဓာတ်မကောင်းပေမယ့် အပြောအဆိုတော့ ညင်သာနူးညံ့ပါလား”လို့ တွေးပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
    *အချို့ကျတော့ အပြောအဆိုလည်း မကောင်း၊ စိတ်ထားလည်း ယုတ်ညံ့တတ်ကြပေမယ့် တစ်ခါတစ်ရံ အနည်းငယ်ကောင်းတာလေးတွေ ရှိတတ်ပါတယ်။ အဲလိုသူမျိုးကိုလည်း သူ့ရဲ့ ကောင်းကွက်အနည်းငယ်လေး ကိုပဲ ရှာကြံပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
    * အချို့ကျတော့ အပြောအဆိုလည်းမကောင်း၊ စိတ်ထားလည်း မကောင်း၊ တစ်ခါတစ်ရံလည်း ကောင်းကွက်ဆို ဘာမှကို ရှာမရတာတွေ ရှိပါတယ်။ အဲလိုလူမျိုးကျတော့ ဘာမှမဖြစ်အောင် ဥပေက္ခာသာ ပြုနိုင်အောင် ကြိုးစားရပါမယ်။ ဥပေက္ခာပြုတာဟာ ကုသိုလ်လည်းမဖြစ်၊ အကုသိုလ်လည်း မဖြစ်အောင် ကြိုးစားတာပါ။

    ဒါကြောင့်…တစ်နေ့တစ်နေ့ ကုန်ဆုံးရတဲ့အချိန်လေးတွေမှာ အကုသိုလ်စိတ်တွေ မများရအောင် အကောင်းမြင်တတ်အောင်၊ အကောင်းတွေးတတ်အောင် လေ့ကျင့်ပြီး ကုသိုလ်စိတ်ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။
    Read More...

    တောင့်တ၍ မရပါ…

  • by
  • မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
  • တစ်နေ့ သံဝေဂကဗျာလေး တစ်ပုဒ်ကိုဖတ်နေစဉ် စာရေးသူအတွေးထဲ မဃဒေ၀မင်းကြီး၏ သံဝေဂဖြစ်ပုံလေးကို သွားသတိယလိုက်မိ၏။ မဃဒေ၀မင်းကြီးသည် ခေါင်းပေါ်မှာ ဆံပင်ဖြူလေးတစ်ပင် တွေ့ရှိရသည်ကို အကြီးအကျယ် သံဝေဂဖြစ်ကာ မင်းစည်းစိမ်ကိုစွန့်ပြီး တောထွက်တော်မူသည်အထိ ဖြစ်သွားခဲ့၏။ သံဝေဂ အမှန်တစ်ကယ်ဖြစ်ပြီ၊ အမှန်ရပြီဆိုလျှင် အလွန်တုန်လှုပ်ပြီး လွတ်မြောက်မှုကို ရှာဖွေသွားတတ်ကြသည်ကို မဃဒေ၀မင်းကြီးက သက်သေပြသကဲ့သို့ ဖြစ်၏။ မဃဒေ၀မင်းကြီး၏ သံဝေဂဖြစ်ပုံ အတွေးလေးကို ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ကြီးမှ ကဗျာလင်္ကာလေးဖြင့် ဖော်ကျူးတားသည်ကိုလည်း သံဝေဂဖြစ်ဖွယ် ဖတ်လိုက်ရ၏။ ဆရာတော်ကြီးက ``မဟာဘူတ၊ ဤကာယအား၊ နေ့ညမယွင်း၊ ရေဆာသွင်း၍၊ မပျင်းလုပ်ကျွေး၊ ပြုစုမွေးလည်း၊ ကျေးဇူးမထင်၊ အကတညု၊ မြွေလေးခုသို့၊ ကိုက်မှုမဆဲ၊ ခဲမှုမငြိမ်း၊ ကိုယ်လုံးရှိန်းအောင်၊ ရှောင်တိမ်းမသာ၊ စစ်ကြီးလာသို့၊ ဇရာမြွေဆိပ်၊ တရိပ်ရိပ်ဖြင့်၊ ဦးထိပ်ထက်စီး၊ ရောက်လာပြီးပြီ`` စသည်ဖြင့် အိုခြင်းတရား၏ ကြောက်စရာ ကောင်းပုံလေးကို ဥပမာပေး၍ သီးကုံးတော်မူထား၏။

    မှန်၏။ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓာတ်ကြီးလေးပါး (မဟာဘုတ်လေးပါး) ဖြင့် ဖွဲ့စည်းထားသည့် ဤခန္ဓာကိုယ်ကြီးသည် မနက်၊ နေ့၊ ည ပုံမှန်စားနေ၊ သောက်နေ ပြုပြင်နေသော်လည်း တစ်နေ့ထက်တစ်နေ့ ပိုပြီးနုပျိုလာသည်ဟူ၍ မရှိဘဲ တဖြည်းဖြည်း အိုအိုသွားသည်သာ ရှိ၏။ မည်သူကဖြင့် တစ်နေ့တစ်ခြား ပိုပိုလှလာသည်၊ နုလာသည်ဟူ၍မရှိပေ။ လူအများ ပြောဆိုနေကြသည့် ``တစ်သားမွေး တစ်သွေးလှ`` ဟူသော စကားသည် စင်စစ် မြှောက်ပြောနေကြခြင်းသာ ဖြစ်၏။ မည်သည့်ပုဂ္ဂိုလ်မျှ တစ်နေ့ထက်တစ်နေ့ ပိုပိုနုပျိုလာသည်ဟု မရှိနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် မွေးဖွားလာသည် ဆိုကတည်းကပင် အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောက တစ်ပါတည်း ပါလာကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ``လောကတွင် သတ္တ၀ါများ တောင့်တ၍ မရသည့် အရာငါးမျိုး`` ရှိကြောင်း ဟောကြားတော် မူခဲ့ခြင်းဖြစ်၏။ ဘုရားရှင်ဟောတော်မူခဲ့သည့် ယင်းတရားငါးမျိုးမှာ
    ၁။ ဇရာဟူသော အိုခြင်းတရား
    ၂။ ဗျာဓိဟူသော နာခြင်းတရား
    ၃။ မရဏဟူသော သေခြင်းတရား
    ၄။ ခယဓမ္မဟူသော ကုန်ခမ်းခြင်းတရား
    ၅။ နဿဓမ္မဟူသော ပျက်ဆီးခြင်း တရားတို့ပင် ဖြစ်၏။

    မှန်၏။ မည်သည့်သတ္တ၀ါမဆို ပဋိသန္ဓေယူ မွေးဖွားလာပြီဆိုသည်နှင့် တစ်ပြိုင်နက် အိုခြင်းတရားသည် နောက်မှပါလာပြီးဖြစ်၏။ ယင်းအိုခြင်းတရားကို ကောင်းမှုကုသိုလ်ပြု၍ မအိုပါရစေနှင့်ဟု ဆုတောင်းနေ၍ မရပေ။ အချိန်တန်လျင် အိုလာကြရမည်သာ ဖြစ်၏။ ``ခန္ဓာကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍မပျို၊ အိုသာအိုခဲ့`` ဟု မန်လည်ဆရာတော်ကြီး စပ်ဆိုတော်မူသကဲ့သို့ ရရှိလာသည့် ခန္ဓာကိုယ်ကြီးသည်လည်း မည်မျှပင် ပြုပြင်ပြုပြင် တစ်ဖန်ပြန်ပြီး မနုပျိုနိုင်ပေ။ တိုး၍သာ အိုလာကြမည်သာ ဖြစ်၏။ ဤသဘောတရားကို မသိနားမလည်ကြသဖြင့် သတ္တ၀ါတို့သည် ရုပ်တရားအပေါ် အမှီပြုပြီး အလှမာန်တက်နေကြ၏။ စင်စစ်လှသည်ဆိုသည်မှာ တဒင်္ဂအခိုက်အတန့်မျှသာ ဖြစ်၏။ ဤသည်မှာလည်း သတ္တ၀ါတို့၏ အ၀ိဇ္ဇာဖုံးသည့် မျက်စိဖြင့် ကြည့်၍သာ လှသည်ဟု ထင်နေကြခြင်း ဖြစ်၏။ အလှမာန်နှင့် ပတ်သက်ပြီး နောက်ဆုံး မာနခ၀ါချသွားသည့် အကြောင်းလေးကို စာရေးသူ သတိယမိပါ၏။ ရှေးအခါက အလွန်ချောမောလှပသည့် မင်းသမီးတစ်ယောက်ရှိ၏။ သူမ၏ အလှသတင်းကြောင့် အတိုင်းတိုင်း အပြည်ပြည်ရှိ မင်းသားတို့သည် သူမနှင့်လက်ထပ်နိုင်ရန် ကြိုးစားကြ၏။ အမျိုးမျိုးသော လက်ဆောင်ပဏ္ဏာများဖြင့် နီးစပ်အောင် ချဉ်းကပ်ကြ၏။ သို့သော် မင်းသမီးသည် လက်ခံခြင်းမရှိ၊ ငြင်းဆိုမြဲ ငြင်းဆိုနေ၏။ ထိုမင်းသားများတွင် ထူးခြားသည့် မင်းသားတစ်ယောက် ပါလာ၏။ မင်းသားသည် ပထမအကြိမ် လာစဉ် ရွှေခွက်ထဲတွင် လက်ဝတ်ရတနာ အပြည့်ဖြင့် လက်ဆောင်ပဏ္ဏာ ဆက်သ၏။ မင်းသမီးကား လက်မခံပေ။ ဒုတိယအကြိမ်တွင် လက်ဝတ်ရတနာအပြည့်ပါသည့် ငွေခွက်ဖြင့် ချဉ်းကပ်၏။ မင်းသမီးကား ငြင်းဆိုမြဲ ငြင်းဆို၏။ တတိယအကြိမ်တွင်ကား လက်ဆောင်ပဏ္ဏာ အနည်းငယ်သာပါသည့် ကြေးခွက်ဖြင့် ချဉ်းကပ်၏။ မင်းသမီးသည် ငြင်းဆိုမြဲ ငြင်းဆိုသော်လည်း ထိုမင်းသား၏ လုပ်ရပ်ကို သတိထားမိလာသည့်အပြင် ဒေါသပါထွက်လာ၏။ သို့ဖြင့် မင်းသမီးက `` ရှင်ဟာ ကျွန်မအချစ်ကို ရဖို့ကြိုးစားနေတဲ့ လူမဟုတ်လား၊ ဒီလိုကြိုးစားနေတဲ့သူဟာ တစ်ခေါက်နဲ့တစ်ခေါက် ကျွန်မစိတ်တိုင်းကျအောင် ပိုပိုပြီး ကြိုးစားရမယ့်အစား ခုတော့ ရှင့်ဟာက တစ်ခေါက်နဲ့ တစ်ခေါက် ပိုပိုပြီး တန်ဘိုးတွေ နည်းနည်းလာပါလား.. ဘာလဲ ဒါ ကျွန်မကို သက်သက်လာပြီး အရှက်ခွဲဆော်ကား နေတာလား`` စသည်ဖြင့် ရန်တွေ့၏။ ထိုအခါ မင်းသားက `` အရှင်မင်းသမီး ကျွန်ုပ်မင်းသမီးကို ဆော်ကားတာလည်း မဟုတ်၊ အရှက်ခွဲတာလည်း မဟုတ်ပါဘူး၊ အမှန်တရားကိုပဲ လုပ်ခြင်းဖြစ်ပါတယ်၊ တစ်ကယ်တော့ မင်းသမီးဟာ တစ်ခေါက်နဲ့တစ်ခေါက် ပိုပိုပြီး လှလှလာတာ မဟုတ်ပါဘူး၊ ပိုပိုပြီးပဲ အိုလာတာပါ၊ ဒါကြောင့် ကျွန်တော်မျိုးဟာ မင်းသမီးရဲ့ အလှနဲ့တန်တဲ့ လက်ဆောင်ပဏ္ဏာတွေပဲ ယူယူလာတာပါ`` စသည်ဖြင့် ပြောဆိုရှင်းပြသဖြင့် မင်းသမီး အလှမာန်ကျသွားကြောင်း မှတ်သားဖူး၏။ ဤနေရာတွင် ပြောလိုသည်မှာ ဇရာဟူသည့် အိုခြင်းတရား အကြောင်းပင် ဖြစ်၏။ ခန္ဓာကိုယ်ရလာသည့် သတ္တ၀ါမှန်သမျှ ကြာလေအိုလေ ကြာလေအိုလေသာ ဖြစ်၏။ မအိုပါရစေနှင့်ဟု မည်သို့မျှ တောင့်တ၍ မရပေ။ ဤသဘောတရားကို သိမြင်ပြီး ရုပ်တရားအပေါ် အမှီပြု၍ မာန်မာန မတက်ရန်သာ ကြိုးစားကြရမည် ဖြစ်၏။

    ဗျာဓိဟူသည့် အနာရောဂါသည်လည်း ထို့အတူပင်ဖြစ်၏။ မနာပါရစေနှင့်ဟု တောင့်တ၍ မရပေ။ ရုပ်တရားကို ပိုင်ဆိုင်နေသမျှ နာနေကြရမည်သာ ဖြစ်၏။ ရုပ်တရားရှိနေသမျှ အချိန်မရွေး၊ အရွယ်မရွေး နာနေကြရမည်သာ ဖြစ်၏။ အနာရောဂါ ဆွဲကပ်နေကြမည်သာ ဖြစ်၏။ မည်သည့်အရွယ်မှ နာကြရမည်ဟု သတ်မှတ်ချက်မရှိပေ။ အချို့ဆိုလျှင် မွေးလာကတည်းကပင် အနာရောဂါ ဆွဲကပ်ပြီးမွေးလာကြရ၏။ စင်စစ် အနာဂေါဟူသည် တစ်ခြားမဟုတ်ပေ။ ဤရုပ်တရားကြီးကပင်လျှင် အနာရောဂါ အစုကြီးဖြစ်နေ၏။ မြတ်စွာဘုရားရှင်အား ရဟန်းတစ်ပါးက လျှောက်၏။ ``ရောဂေါ ရောဂေါတိ ဘန္တေ ကတမော ရောဂါ = ရောဂါ ရောဂါလို့ ပြောပြောနေကြ ပါတယ် အရှင်ဘုရား… ရောဂါဆိုတာ ဘယ်လိုဟာပါလဲ ဘုရား… `` ဟုမေးလျှောက်၏။ ထိုအခါ ဘုရားရှင်ကား ``ရူပံ ၀ုစ္စတိ ဘိက္ခဝေ ရောဂါတိ = ချစ်သားတို့ ရောဂါဆိုတာ တစ်ခြားမဟုတ် ဒီရုပ်တရားကြီးပဲ`` ဟု ဖြေကြားတော်မူ၏။ မှန်၏။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ စသည်ဖြင့် မည်မျှပင် အမည်နာမ တပ်တပ် စင်စစ်ဤရုပ်တရား ရှိနေ၍သာ ရောဂါအမျိုးမျိုး၊ အနာအမျိုး ဆွဲကပ်နေကြခြင်း ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ရောဂါအမည်မတပ်ဘဲ ``ဤရုပ်တရားကိုပင် ရောဂါ``ဟု ဆိုကြောင်း မိန့်တော်မူခြင်းဖြစ်၏။ ``ရုပ္ပတီတိ ရူပံ = ဖောက်ပြန်တတ်သည့် သဘောကို ရုပ်`` ဟု စာပေကဖွင့်ပြ၏။ ရုပ်တရားရှိသဖြင့် ဖောက်ပြန်ပျက်ဆီးမှုလည်း ရှိနေ၏။ ဖောက်ပြန်ပျက်ဆီးမှုသည်ပင် ဗျာဓိဟူသည့် အနာရောဂါ ဖြစ်နေခြင်းဖြစ်၏။ ရုပ်တရားရှိသဖြင့် အနာရောဂါဖြစ်ခြင်းသည် မဆန်းပေ။ စိတ်ရောဂါမဖြစ်ရန်သာ အဓိကဖြစ်၏။ စိတ်ရောဂါဖြစ်လျှင်ကား စိတ်ဖြင့်ပြန်လည် ကုစားခြင်းမှတစ်ပါး အခြားဆေးမရှိပေ။ ထို့ကြောင့် ရုပ်တရားရှိသဖြင့် ဗျာဓိဟူသည့် အနာရောဂါရှိလာရသောကြောင့် မနာပါရစေနှင့်ဟု တောင့်တမနေကြဘဲ စိတ်ရောဂါမဖြစ်ရန်သာ သတိတရားဖြင့် ထိန်းသိမ်းသွားကြဖို့ လိုအပ်လှ၏။
    တတိယ တောင့်တ၍ မရသည့် တရားကား မရဏဟူသည့် သေခြင်းတရားပင် ဖြစ်၏။ ဤတရားကိုလည်း မသေပါရစေနှင့်ဟု မည်သို့မျှ တောင့်တ၍ မရပေ။ အသက်ရှင်နေမှု၏ နောက်တွင် သေခြင်းတရားက ရှိနေပြီးဖြစ်၏။ အတိတ်ကလည်း အဖန်ဖန် သေခဲ့ကြရပြီးဖြစ်၏။ ယခုလည်း မည်သည့်အချိန်၊ မည်သည့်အရွယ်၊ မည်သည့်နေရာတွင် သေရမည်ကိုသာ ကြိုတင်၍ မသိနိုင်သော်လည်း သေရမည်ဆိုသည်ကား မုချဧကန် မလွဲပေ။ နိဗ္ဗာန်မရမချင်း သေနေကြရဦးမည်သာ ဖြစ်၏။ မြတ်စွာဘုရားရှင် လက်ထက်က ကိသာဂေါတမီဟူသော အမျိုးသမီး တစ်ယောက်ရှိ၏။ ထိုအမျိုးသမီးတွင် အလွန်ချစ်လှစွာသော သားလေးတစ်ယောက်လည်း ရှိ၏။ တစ်နေ့တွင် ထိုသားလေးသည် ရုတ်တရက်သေဆုံးသွား၏။ ကိသာဂေါတမီသည် အလွန်ချစ်လှစွာသည့် သားလေးသေဆုံးသွား သဖြင့် ယူကျုံးမရ၊ ဖြေဆည်ရာမရဖြစ်ကာ အရူးတစ်ပိုင်းဖြစ်လျက် သားသေကိုပိုက်၍ အသက်ပြန်ရှင်အောင် လုပ်ပေးရန် အရပ်ထဲလှည့်လည် နေလေ၏။ သို့သော် မည်သူမျှ မကူညီနိုင်ကြပေ။ နောက်ဆုံး ဘုရားရှင်ထံ ရောက်ပြီး သားသေကို အသက်ပြန်ရှင်အောင် ဆေးကုပေးရန် တောင်းဆိုလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က ``ချစ်သမီး… ကောင်းပြီ၊ သင့်သားကို အသက်ပြန်ရှင်အောင် ငါကုပေးမယ်၊ ဒါပေမယ့် ဒီအရပ်မှာ ရှိတဲ့ လူမသေဖူးတဲ့ အိမ်ကနေပြီး မုံညင်းစေ့ကို ချစ်သမီး ငါ့ဆီရှာယူလာခဲ့`` ဟု အရှာခိုင်း၏။ ကိသာဂေါတမီလည်း သားသေကို အသက်ပြန်သွင်းလိုသော ဆန္ဒဖြင့် လူမသေဖူးသည့် အိမ်ကို တစ်အိမ်တက်ဆင်း လိုက်ရှာသော်လည်း တစ်အိမ်မျှ ရှာမတွေ့ဘဲ နောက်ဆုံးဘုရားရှင်ထံပြန်ရောက်၊ ဘုရားရှင်တရားတော်ကို နာယူပြီး သာသနာ့ဘောင်သို့ အပြီးဝင်ရောက်သွားခဲ့၏။ ကိသာဂေါတမီ၏ ဤအဖြစ်အပျက်သည် အမှန်ပင်ဖြစ်၏။ ကိသာဂေါတမီအား ဘုရားရှင် မိန့်တော်မူသည့် တရားစကားလေးသည် မှတ်သားဖွယ်ကောင်းလှ၏။ ``ချစ်သမီး သားသေတာဟာ ချစ်သမီးတစ်ယောက်ထဲမှာပဲ ရှိတာမဟုတ်ပါဘူး… ချစ်သမီးလိုသူတွေ ဒီလောကမှာ အများကြီးပါပဲ`` ဟူ၍ဖြစ်၏။ ထို့ကြောင့် အားလုံးတစ်နေ့ သေကြရမည် ဖြစ်သဖြင့် မသေပါရစေနှင့်ဟု တောင့်တမနေကြဘဲ မသေမီ ကြိုတင်ပြီး လုပ်ရမည့်၊ ပြင်ဆင်ရမည့် အရာများကိုသာ အချိန်မီ ကြိုတင်ပြုလုပ် အားထုတ်ကြရမည်သာ ဖြစ်ပါ၏။

    ခယဓမ္မဟူသည့် ကုန်ခမ်းခြင်းတရားကိုလည်း မကုန်ခမ်းပါရစေနှင့်ဟု တောင့်တ၍ မရပေ။ ဤနေရာ၌ ကုန်ခမ်းခြင်းဟူသည် စည်းစိမ်ဥစ္စာတို့၏ ကုန်ခမ်းခြင်းကို ဆိုလို၏။ စည်းစိမ်းဥစ္စာမှန်သမျှသည် အချိန်တန်လျှင် ကုန်ခမ်းသွားကြရမည်သာ ဖြစ်၏။ အချို့ဆိုလျှင် အချိန်မတန်မီပင် ကုန်ခမ်းသွားကြသည့်ဟု ထင်မှတ်တတ်ကြ၏။ စင်စစ် ဤကုန်ခမ်းခြင်းသဘောသည်လည်း အချိန်အတိအကျမရှိ၊ အချိန်မရွေးကုန်ခမ်း ပျောက်ပျက်သွားကြမည်သာ ဖြစ်၏။ ထို့ကြောင့် မကုန်မခမ်းမီ ရသမျှ ယူသွားနိုင်အောင် ကြိုးစားကြရမည် ဖြစ်၏။ ရသမျှ ယူသွားရန်မှာ မိမိနှင့်တစ်ပါတည်း ယူသွားရန်ကား မဖြစ်နိုင်ပေ။ ကောင်းမှုကုသိုလ်ပြုပြီး ထိုကုသိုလ်၏ အကျိုးကိုသာလျှင် ယူသွား၍ ရနိုင်ပေ၏။ ထို့ကြောင့် အချိန်မရွေး ကုန်ခမ်းသွားနိုင်သည့် သဘောကိုလည်း သတိပြုဆင်ခြင်းကာ မကုန်ခမ်းပါရစေနှင့်ဟု တောင့်တမနေဘဲ မကုန်ခမ်းမီ ရသမျှယူသွားနိုင်ရန်သာ ကြိုးစားအားထုတ် သင့်လှပေ၏။

    ထို့အတူ နဿဓမ္မဟူသည့် ပျက်ဆီးခြင်းသဘောကိုလည်း မပျက်ဆီးပါရစေနှင့်ဟု တောင့်တ၍ မရနိုင်ပေ။ ပျက်ဆီးချိန်တန်လျှင် ပျက်ဆီးသွားကြရမည်သာ ဖြစ်၏။ ``သဗ္ဗေသင်္ခါရာ အနိစ္စာ= အရာအားလုံးသည် အမြဲမရှိ`` ဟူသော ဘုရားရှင်၏ စကားတော်အတိုင်းပင် မည်သည့်အရာမျှ အမြဲတည်ရှိသည်ဟု မရှိနိုင်ပေ။ ပြုပြင်စီရင်ထားသည့် သင်္ခါရတရား မှန်သမျှ ပျက်ဆီးခြင်းသာ အဆုံးရှိပေသည်။ ထိုသဘောတရားသည် ယနေ့ခေတ်တွင် ပို၍ထင်ရှားနေ၏။ သိပ္ပံပညာများ မည်မျှပင်တိုးတက်ပါစေ၊ မည်မျှပင် အစွမ်းထက်ပါစေ ထာဝရတည်တံ့ပြီး မပျက်ဆီးနိုင်မည့် အရာများကို တီထွင်၍ မရနိုင်ကြသေးပေ။ နောင်လည်း ရမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ပြုပြင်စီရင်ထားသည့် သင်္ခါရတရားများ ဖြစ်နေသောကြောင့် ဖြစ်၏။ ပြုပြင်ထားမှု၏ အဆုံးသည် ပျက်ဆီးခြင်းသာလျှင် ဖြစ်နေသောကြောင့်ဖြစ်၏။ ထိုကြောင့်လည်း ကွန်ပျူတာများ၊ အင်တာနက်များ၊ ထူးဆန်းသည့် လျှက်စစ်ပစ္စည်း အမျိုးမျိုးတို့ကို မည်မျှအဆန်းတကျယ် ခိုင်ခိုင်ခံ့ခံ့ တီထွင်ထားပင် ထားငြားသော်လည်း သေချာသည့်အချက်ကား ထိုပစ္စည်းများသည် နောက်ဆုံးပစ္စည်းသွားကြရခြင်း အချက်ပင်ဖြစ်ပါ၏။ ထို့ကြောင့် တည်မြဲခြင်းတစ်စုံတစ်ခုမျှ မရှိသည့် ဤလောကကြီးတွင် မပျက်ဆီးသည့် အရာဟူသည် မရှိပါသဖြင့် အကောင်းများနှင့် ကြုံတွေ့နေကြသော်လည်း တစ်ချိန်ချိန်မှာ ပျက်ဆီးသွားမည့်အရေး ကြိုတင်မျှော်တွေးလျက် မာနခ၀ါချကာ သံဝေဂဉာဏ်ပွားပြီး သတိရှိရှိနေသင့်လှပေ၏။

    အချုပ်အားဖြင့် ဗုဒ္ဓဟောကြားတော်မူထားသည့် ဤတောင့်တ၍ မရသည့် အရာငါးမျိုးကို သဘောပေါက်သိမြင်ပြီး သံဝေဂဉာဏ် အမှန်ပွားနိုင်မည်ဆိုပါက သတ္တ၀ါများ၏ သန္တာန်တွင် မာနဟုဆိုသော ခက်ထန်ထောင်လွှားမှုများ တဖြည်းဖြည်း အားနည်းသွားနိုင်မည်ဟူသည့် အချက်ပင်ဖြစ်၏။ စင်စစ် ဤလောကကြီးတွင် အသက်ရှင်နေထိုင်ရသည့် ဘ၀သည် အလွန်တိုတောင်းလှ၏။ ဤကဲ့သို့ တိုတောင်းလှသည့် ဘ၀တွင် လူတို့သည် တစ်ဦးအပေါ် တစ်ဦး ဒေါသ၊ မာနများဖြင့် ဆက်ဆံနေကြသည်များကို ကြည့်ကာ အိုနာသေ စသည့် တရားများကို မေ့နေကြပါလားဟု သံဝေဂဖြစ်မိ၏။ အမှန်အားဖြင့် ထိုတရားများသည့် တောင့်တ၍မရသည့် တရားများ ဖြစ်သကဲ့သို့ မေ့ထား၍ ရကောင်းသော တရားများလည်း မဟုတ်ပေ။ အမြဲဆင်ခြင် နှလုံးသွင်းထားရမည့် တရားများဖြစ်ပေသည်။ တောင့်တ၍ မရသည့်အရာကို တောင့်တနေပါက လူပင်ပန်း စိတ်ပင်ပန်း ဖြစ်တတ်၏။ စိုးရိမ်ပူဆွေးမှုများ တိုးပွားတတ်၏။ ထို့ကြောင့် မရသည့်အရာကို တောင့်တနေမည့်အစား ထိုတရားများ မည်သည့်အခါမျှ ပြန်လည်မဖြစ်နိုင်တော့မည့် အရာများကိုသာ ရှာဖွေလုပ်ဆောင်ရန် လိုအပ်၏။ ထိုတရားများ ထာဝရ မဖြစ်ပေါ်နိုင်ရန်မှာကား နိဗ္ဗာန်ရမှသာ ဖြစ်နိုင်ပေ၏။ နိဗ္ဗာန်ရရန်အတွက်ကား မမေ့မလျော့သော သတိတရား ရှိမှပင်ဖြစ်ပေမည်။ သတိမရှိ မေ့လျော့နေပါက နိဗ္ဗာန်နှင့် ပို၍ပို၍ ဝေးနေဦးမည်သာ ဖြစ်၏။ ဆရာတော်ကြီး တစ်ပါးက အမိန့်ရှိဖူး၏။ ဆရာတော်ကြီးက ``မသွားဘဲ နီးနေ့သည့်အရာကား သုဿာန် ဖြစ်ပြီး သွားပါလျက်နှင့် ဝေးဝေးနေသည့် အရာကား နိဗ္ဗာန်ဖြစ်၏`` ဟု မိန့်တော်မူဖူး၏။ ထို့ကြောင့် စာရေးသူအပါအ၀င် အားလုံးသော ပုဂ္ဂိုလ်သတ္တ၀ါ အပေါင်းတို့သည် တောင့်တ၍ မရသည့်အရာများကို တောင့်တနေကြမည့်အစား မေ့ထား၍မရသည့် ထိုတရားများကို အမြဲဆင်ခြင် နှလုံးသွင်းကာ သုဿာန်နှင့် မနီးခင် အပြီးခရီးနှင်ပြီး နိဗ္ဗာန်နှင့် နီးသထက်နီးစေရန် အမြန်ကြိုးစားသင့်လှပါကြောင်း…
    Read More...

    သေမှာမကြောက်ကြသူများ ...

  • by
  • မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
  • ဤလောက၌ ပုထုဇင် ပုဂ္ဂိုလ်သတ္တ၀ါ မှန်သမျှသည် သေရမည်ကို ကြောက်ကြ၏။ ထို့ကြောင့်လည်း သေရမည့်ဘေးနှင့် ကြုံကြသည့်အခါ လွတ်ရာလမ်းကို နည်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေကြခြင်း ဖြစ်၏။ အသက်ရှင်အောင် နည်းအမျိုးမျိုးဖြင့် အားထုတ်ကြ၏။ သေဘေးနှင့် မကြုံရအောင် အသက်ရှင် ရပ်တည်နိုင်ရေး နည်းလမ်းကို ရှာဖွေကြ၏။ အစာမစားလျှင် သေရမည်ကို ကြောက်ကြသဖြင့် အစာစားကြ၏။ ရေမသောက်လျှင် သေမည်စိုးသဖြင့် ရေသောက်ကြ၏။ ရောဂါကြောင့် သေမည်ကို ကြောက်ကြသဖြင့် ရောဂါမဖြစ်အောင်၊ ဖြစ်လာလျှင်လည်း ပျောက်ကင်းသက်သာအောင် အားထုတ်ကြ၏။ မှန်၏။ ထို့အတွက်ကြောင့်လည်း စည်းစိမ်ဥစ္စာနှင့် ခြေလက်အင်္ဂါတစ်ခုခု ယှဉ်လာလျှင် စည်းစိမ်ဥစ္စာကို စွန့်၍ ခြေလက်အင်္ဂါကို ရွေးချယ်ကြခြင်းဖြစ်၏။ ခြေလက်အင်္ဂါတို့နှင့် အသက်ယှဉ်လာလျှင် ခြေလက်အင်္ဂါတို့ကို စွန့်၍ အသက်ကို ရွေးချယ်ကြခြင်းဖြစ်၏။ မသေဘူးဆိုလျှင် အသက်ကလွဲ၍ ကျန်သည့်အရာများကို စွန့်လွတ်ရန် ၀န်မလေးတတ်ကြပေ။ ဤသည်တို့မှာ သေရမည်ကို ကြောက်ကြသောကြောင့်ပင် ဖြစ်၏။ သာမန်သူများ မဆိုထားဘိ လောကတွင် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ရသဖြင့် မခံစားနိုင်ဖြစ်ပြီး မိမိကိုယ်ကို သတ်သေရန် ကြိုးစားကြသည့် သူများပင်လျှင် လက်တွေ့သေကြရမည် ဆိုသောအခါ ကြောက်လန့်မှု ဖြစ်ကြသေး၏။

    ကြားဖူးသည့် ပုံပြင်လေး တစ်ခုရှိ၏။ ရှေးတုန်းက ကျေးရွာတစ်ရွာတွင် အလွန်ဒုက္ခဆင်းရဲ ဖြစ်သဖြင့် မိမိကိုယ်ကို ဆွဲကြိုးချသေရန် ကြိုးစားသည့် သူတစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူသည် မိမိကိုယ်ကို သတ်သေရန် ကြိုးအရှည်တစ်ချောင်းကို ယူကာ ရွားထိပ်က သစ်ပင်ကြီးရှိရာ အရပ်သို့ သွား၏။ သစ်ပင်ရှိရာသို့ ရောက်သည့်အခါ ကြိုးတစ်စကို သစ်ပင်၏သစ်ကိုင်း တစ်ခုတွင် ချည်ပြီး ကျန်တစ်စကို မိမိ၏ လည်ပင်းတွင် ချည်ကာ သစ်ပင်ပေါ်မှ ခုန်ချလေ၏။ သို့သော် မည်သို့ပင် ကြိုးစားကြိုးစား ဘာမျှမဖြစ်ဘဲ အသက်ရှင်လျှက်သာရှိ၏။ စင်စစ် ထိုသို့ဖြစ်ခြင်းမှာ သူ၏ကြိုးမှာ သစ်ကိုင်းနှင့် မြေကြီးထက်နှစ်ဆလောက် ရှည်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း ခုန်ချတိုင်း ကြိုးစက မြေကြီးပေါ်တွင် ပုံလျက်သားဖြစ်ကာ မသေခြင်းဖြစ်၏။ ထိုအချင်းအရာကို မြင်းစီးပြီး တစ်နေရာသို့ ခရီးသွားသည့် သူတစ်ယောက်က တွေ့ကာ ``ဟေ့လူ… ဘာလုပ်နေတာလဲ`` ဟု မေး၏။ ထိုအခါ သစ်ပင်ပေါ်မှ သူက ``ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေမလို့ပါ။ ဒါပေမယ့် ဘယ်လိုဖြစ်မှန်း မသိ၊ သေလို့ကို မရဘူးဖြစ်နေတယ်``ဟု ပြန်ပြော၏။ ထိုအခါ ခရီးသွားက အခြေအနေကို ကြည့်ပြီး ``ဟာ… ခင်ဗျားနှယ်… အ ရန်ကော… ခင်ဗျားလုပ်တာက ဟုတ်မှမဟုတ်ဘဲ… လာဆင်းခဲ့ ကျွန်တော်ပြမယ် သေသေချချာကြည့်`` ဟု ဆိုကာ သေကြောင်းကြံမည့် သူဆီမှ ကြိုးကိုယူပြီး သူကိုယ်တိုင် သစ်ပင်ပေါ်တက်သွားကာ အောက်ကလူကို ``ဟေ့လူ… ဒီမှာ ကျုပ်ပြမယ် သေသေချချာကြည့်.. ခင်ဗျားဟာက ကြိုးရှည်နေလို့ ဖြစ်တာ၊ ကြိုးကို ဒီလိုတိုအောင် ဖြတ်၊ ပြီးရင် ဒီလို လည်ပင်မှာ ချည်ပြီး ဒီလိုခုန်ချရတယ်..`` ဟု ဆိုကာ သူ့လည်ပင်းကို ကြိုးကွင်းစွပ်ကာ သူကိုယ်တိုင် ခုန်ချပြလိုက်၏။ အပြကောင်းသည့် ခရီးသွားကား တစ်ခါတည်း မိမိကိုယ်ကို မိမိသတ်သေပြီး ဖြစ်သွားလေ၏။ ထိုအခြင်းအရာကို မြင်သည့်အခါ အမှန်တကယ် မိမိကိုယ်ကို သတ်သေရန် ကြိုးစားသည့် ရွာသားမှာ အလွန်အမတန် ကြောက်လန့်ပြီး ``ဟာ… သေတာဟာ ကြောက်စရာကြီးပါလား…`` ဟု ရေရွတ်ပြီး မသေရဲတော့ဘဲ ကြောက်အားလန့်အား ရွာထဲပြန်ဝင် ပြေးသွားလေ၏။ ဤပုံပြင်လေးသည် ဟာသဆန်ဆန် ပုံပြင်လေးဖြစ်သော်လည်း တစ်ဘက်က ကြည့်ပါက အမှန်တကယ် သေချင်ကြသည့် သူများပင်လျှင် လက်တွေ့သေရမည် ဆိုသောအခါ ကြောက်လန့်တတ်ကြကြောင်း သွယ်ဝိုက်ပြီး နားလည်သဘောပေါက်နိုင်၏။ ထို့ကြောင့် သေရမည်ကို မကြောက်သည့်သူ မရှိဟု ပြောဆိုကြခြင်း ဖြစ်၏။

    သို့သော် သေမှာမကြောက်သူများသည် အမှန်ပင်ရှိ၏။ မည်သို့သော သူများသည် သေမှာမကြောက်ကြကြောင်း ဗုဒ္ဓစာပေတွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူထားသည်များ ရှိ၏။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ် ပါဠိတော် အဘယသုတ်တွင် သေမှာမကြောက်သည့် ပုဂ္ဂိုလ်လေးယောက် ရှိကြောင်း မြတ်ဗုဒ္ဓဟောတော်မူထား၏။ ဤတရားတော်သည် ဇာဏုေဿာဏီ အမည်ရှိသော ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်ကို မြတ်စွာဘုရားရှင်မှ ဖြေကြားဟောထားခြင်းဖြစ်၏။ ဤအဘယသုတ်တွင် သေမှာကြောက်သည့်သူများ နှင့် သေမှာ မကြောက်သည့် သူများကို ဟောတော်မူထားသော်လည်း ဤနေရာတွင် သေမှာမကြောက်သူများကိုသာ တင်ပြလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေမှာမကြောက်သူများကို တင်ပြလိုက်ကာမျှဖြင့် အပြန်အားဖြင့် သေမှာကြောက်သည့် သူများကိုလည်း အလွယ်တကူ နားလည်နိုင်မည် ဖြစ်သောကြောင့်ပင် ဖြစ်၏။

    မြတ်စွာဘုရားရှင်မှ ပုဏ္ဏားကြီးအား
    ``- ပုဏ္ဏား… ဤလောက၌ အချို့သောသူသည် ကာမဂုဏ်တို့၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကာမဂုဏ်တို့သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
    - ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် ကိုယ်၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကိုယ်သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကိုယ်ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
    - ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် မကောင်းမှုကို မပြု။ ကြမ်းကြုတ်မှုကို မပြု။ ညစ်နွမ်းမှု အကုသိုလ်ကို မပြု။ ကောင်းမှုကို ပြုပြီးဖြစ်၏။ ကုသိုလ်ကို ပြုပြီးဖြစ်၏။ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးဖြစ်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် မကောင်းမှုကို မပြု၊ ကြမ်းကြုတ်မှုကို မပြု၊ ညစ်နွမ်းမှုကို မပြု၊ ကောင်းမှုကို ပြုပြီးပြီ၊ ကုသိုလ်ကို ပြုပြီးပြီ၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးပြီ၊ အချင်းတို့ စင်စစ် မကောင်းမှုကို မပြုသော၊ ကြမ်းကြုတ်မှုကို မပြုသော၊ ညစ်နွမ်းမှုကို မပြုသော၊ ကောင်းမှုကို ပြုပြီးသော၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးသော သူတို့၏ လားရာဂတိ ဟူသမျှသို့ ဘ၀နောင်ခါ ငါလားရတော့အံ့ တကား``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
    - ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် သူတော်ကောင်းတရား၌ မယုံမှား။ ဝေခွဲနိုင်၏။ ဆုံးဖြတ်နိုင်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် စင်စစ် သူတော်ကောင်းတရား၌ မယုံမှား၊ ဝေခွဲနိုင်၏၊ ဆုံးဖြတ်နိုင်၏``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။ ပုဏ္ဏား… သေခြင်းသဘောရှိသည်ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိန်လန့်ခြင်းသို့ မရောက်သော သူတို့သည် ဤလေးမျိုးတို့တည်း`` ဟု မိန့်တော်မူ၏။

    အထက်ပါ ဟောကြားချက်တွင် မြတ်ဗုဒ္ဓမှ သေမှာ မကြောက်သည့် ပုဂ္ဂိုလ်လေးမျိုးကို ခွဲခြားဟောကြားတော် မူထားသည်ကို ဖတ်ရှုကြည်ညိုနိုင်ကြမည် ဖြစ်၏။ ထိုဟောကြားချက်ကို အနှစ်ချုပ် အလွယ်နားလည်အောင် ကောက်ချက်ချပြရလျှင် သေမှာ မကြောက်သူတို့ဟူသည်
    ၁။ ကာမဂုဏ်တို့၌ တပ်မက်မှုရာဂ၊ တွယ်တာမှုသံယောဇဉ်၊ ဆာလောင်မွတ်သိပ်ပူပန်ခြင်း ကင်းသောသူ
    ၂။ ခန္ဓာကိုယ်၌ တွယ်တာနှစ်သက် တပ်မက်မှုတဏှာ ကင်းသောသူ
    ၃။ မကောင်းမှု အကုသိုလ်ကို မပြု၊ ကောင်းမှုကုသိုလ်ကို ပြုပြီးသောသူ
    ၄။ သူတော်ကောင်းတရား၌ ယုံမှားသံသယ မရှိသောသူ ဟူသော ဤလေးမျိုးတို့ပင် ဖြစ်ပါ၏။

    မှန်၏။ စင်စစ် လူ့ဘ၀တွင် နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့သာ လိုက်နေကြသူများ၊ ``ငါ၊ င့ါခန္ဓာ``ဟု စွဲလမ်းတပ်မက်မှု ရှိနေကြသူများ၊ ကုသိုလ်ကောင်းမှု မရှိ အကုသိုလ်များဖြင့်သာ အချိန်ကုန်နေကြသူများ၊ သူတော်ကောင်းတရားကို မသိနားမလည်သူများသည် သေခါနီးအခါကာလတွင် မိမိတို့ ဘ၀သံသရာအတွက် အားကိုးအားထားပြုစရာ တစ်စုံတစ်ခုမျှ မရှိသည့်အတွက် သေရမည်ဆိုသည့်အခါ ကြောက်ကြခြင်းဖြစ်၏။ အပြန်အားဖြင့် အသက်ရှင်နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့မလိုက်သူ၊ ငါ၊ ငါ့ခန္ဓာဟု တပ်မက်စွဲလမ်းမှု မရှိသူ၊ အကုသိုလ်ကိုပြုခြင်းမရှိ ကုသိုလ်များဖြင့်သာနေသူ၊ သူတော်ကောင်းတရားကို သိရှိနားလည် လိုက်နာကျင့်ကြံနေသူများ အတွက်ကား မိမိတို့သံသရာအတွက် ရိက္ခာအပြည့်ထုတ်ပြီး ဖြစ်သဖြင့် ယခုဘ၀သေရမည့် အရေးတွေးပြီး ကြောက်စရာမလိုကြခြင်း ဖြစ်၏။ အထူးသဖြင့် မဟုတ်သည့်အရာများ၊ မကောင်းသည့်အမှုများကို ပြုလုပ်ထားခြင်း မရှိကြသည့်အတွက် မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့် ရှိနေပြီး မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ဖြစ်စေ မည်သို့သော အရာမျိုးကိုမှ ကြောက်လန့်တုန်လှုပ်မှု မရှိနိုင်တော့ပေ။

    ထို့အပြင် သေခြင်းတရားနှင့် ပတ်သက်၍ ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ သာမာဝတီဝတ္ထုတွင် မြတ်ဗုဒ္ဓဟောတော်မူထားသည့် တရားတစ်ပုဒ်ကိုလည်း သတိရမိ၏။ မြတ်ဗုဒ္ဓက သာမာဝတီကို အကြောင်းပြု၍ အောက်ပါဂါထာ တစ်ပုဒ်ဖြင့် သတိပေးစကား ဟောကြားခဲ့၏။
    ``အပ္ပမာဒေါ အမတံ ပဒံ၊ ပမာနော မစ္စုနော ပဒံ၊
    အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။`` ဟူသော ဤတရားဂါထာ၏ ဆိုလိုရင်းမှာ ``မမေ့လျှော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်ပြီး မေ့လျှော့ပေါ့ဆခြင်းသည် သေခြင်း၏ အကြောင်းဖြစ်၏။ မမေ့မလျှော့ နေကြသူများသည် သေခြင်းကင်းသူများနှင့် တူကုန်ပြီး မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ နေကြသူများသည် အသက်ရှင်နေသော်လည်း သေနေကြသူများနှင့် တူကြကုန်၏။`` ဟူ၍ဖြစ်၏။

    ဓမ္မပဒလာ ထိုတရားစကားသည် မြတ်ဗုဒ္ဓနေ့စဉ် မိန့်တော်မူနေကြဖြစ်သည့် အပ္ပမာဒေန သမ္ပာဒေထ - မမေ့မလျော့ မပေါ့မဆသော သတိတရားနှင့် ပြည့်စုံအောင်နေကြ ဟူသော မိန့်မှာချက်ကို ထပ်ဆင့်အထူးပြု သတိပေးထားသကဲ့သို့ ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ဤမိန့်မှာချက်ကို ဆက်စပ်ယူလိုက်လျင် အထက်တွင်ဖော်ပြခဲ့သည့် သေမှာမကြောက်သူများ ပြည့်စုံရမည့် အချက်များနှင့် ပြည့်စုံသူများအား မမေ့မလျော့ မပေါ့မဆ နေကြသူများအဖြစ် ညွှန်ပြနိုင်မည်ဖြစ်ပြီး သေမှာမကြောက်သူများဟူသည် သတိရှိကြသူများပင်တည်းဟု ကောက်ချက်ချနိုင်မည် ဖြစ်၏။

    ထို့ကြောင့် လောကတွင် သေရမည်ကို လူတိုင်းကြောက်ကြသည် ဆိုသော်လည်း သေမှာမကြောက်သည့် သူများလည်း ရှိသည်ကို အထက်ဖော်ပြပါ မြတ်ဗုဒ္ဓ ဟောတော်မူချက်များက သက်သေပြုနေပြီး ဖြစ်သဖြင့် မိမိတို့ ယခုလက်ရှိဘ၀တွင် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန်၊ သေရမည့်အရေး တွေးကြောက်စရာ မလိုသည့် သေမှာမကြောက်သူများ ဖြစ်စေရန် အချိန်ရှိခိုက် သတိစိုက်၍ ကြိုးစားကြရန်သာ လိုအပ်ပေတော့၏။ ထိုသို့ ကြိုးစားကြရန်လည်း တိုက်တွန်းလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေခြင်းတရားဟူသည် အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရေး ဧကန်မုချ လာနိုင်သောကြောင့်ပင် ဖြစ်ပါ၏။
    Read More...

    အရဟံဂုဏ်တော်အား ကြည်ညိုကြည့်ခြင်း…

  • by
  • မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
  • မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးတို့တွင် အရဟံ ဂုဏ်တော်ကို ပထမဆုံးဂုဏ်တော်အဖြစ် ပိဋကတ်စာပေများ၌ တွေ့ရမည်ဖြစ်၏။ ဘုရားရှင်၏ဂုဏ်တော်များ အကြောင်းပြောကြလျှင်လည်း အရဟံစသော ဂုဏ်တော်ကိုးပါးဟူ၍ ပြောလေ့ရှိကြ၏။ ထို့အပြင် အရဟံဂုဏ်တော်နှင့် ပတ်သက်၍လည်း အဋ္ဌကထာများတွင် အမျိုးမျိုးဖွင့်ဆို ချီးကျူးတော်မူကြ၏။ ထင်ရှားသည့် ဖွင့်ဆိုချက်များမှာ

    မြတ်စွာဘုရားသည်…
    ၁။ အလုံးစုံသော ကိလေသာအပေါင်းမှ ကင်းစင်တော်မူခြင်း
    ၂။ သံသရာစက်လည်ပတ်မှု အကန့်တို့ကို ဖျက်ဆီးတော်မူပြီးဖြစ်ခြင်း
    ၃။ လူ၊ နတ်၊ ဗြာဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း
    ၄။ အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တော်မူပြီးဖြစ်ခြင်း
    ၅။ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူတတ်ခြင်း စသော အကြောင်းတို့ကြောင့် အရဟံဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏ ဟူသည့် ဖွင့်ဆိုချက်များ ဖြစ်၏။

    ထိုဂုဏ်တော်အဖွင့်များတွင် စာရေးသူနှင့် စာဖတ်သူတို့ အထူးသဖြင့် ကြည်ညိုကြည့်သင့်သည့် အချက်မှာ နံပါတ် (၅) အဖွင့်ဖြစ်သည့် ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူခြင်း ဟူသော အချက်ပင်ဖြစ်၏။ ထိုဖွင့်ဆိုချက်ကို မိမိတို့၏ ကိုယ်တွေ့အခြေအနေနှင့် ချိန်ထိုးကြည့်လျှင် ပိုပြီးကြည်ညိုတတ်ပေမည်။ မိမိတို့ တစ်ယောက်တည်း တိတ်ဆိတ်ပြီး မမြင်ကွယ်ရာမှာ ရှိနေသည့်အခိုက် ဖြစ်တတ်သည့် စိတ်အစဉ် အခြေအနေများနှင့် ယှဉ်ကြည့်လျှင် ပိုပြီးထင်ရှား၏။ မှန်ပါသည်။ မည်သူမဆို ပုထုဇင်မှန်သမျှ စိတ်အစဉ် မတည်ငြိမ်ကြသဖြင့် မကောင်းသည့် အကုသိုလ်များနှင့် မပြတ်ယှဉ်တွဲ နေတတ်ကြ၏။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို အမှီပြု၍ မကောင်းသည့် ကာယကံမှုများ၊ ၀စီကံမှုများ၊ မနောကံမှုများ ဖြစ်ပေါ်တတ်ကြ၏။ အထူးသဖြင့် မမြင်ကွယ်ရာတွင် ရှိသည့်အခိုက်၌ ပိုပြီးဖြစ်တတ်ကြ၏။ တစ်ခါတစ်ရံ အခန်းထဲတွင် တစ်ယောက်တည်း ရှိသည့်အခါ အာရုံတစ်ခုခုကို အမှီပြု၍ မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်တတ်သည်ကို သတိပြုမိကြမည်ဖြစ်၏။ တစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် စိတ်ကိုသတိဖြင့် မကပ်ဘဲ နေမိပါက တစ်စုံတစ်ယောက်ကို အကြောင်းပြု၍ဖြစ်စေ၊ တစ်စုံတစ်ခုကို အကြောင်းပြု၍ဖြစ်စေ မကောင်းသည့် စိတ်အတွေးများ ဖြစ်ပေါ်တတ်ကြ၏။ ယင်းမကောင်းသည့် စိတ်အတွေးတွင် မရပ်မိကြဘဲ လက်တွေ့ကာယကံမြောက် ပြုသည်အထိ အာရုံနောက်ကို စိတ်လိုက်ကာ ကျူးလွန်မိတတ်ကြ၏။

    စိတ်ဟူသည်ကလည်း အခက်သားပင်။ အပြောင်းအလဲ အဖြစ်အပျက် မြန်ဆန်လှသည့်အတွက် တဒင်္ဂအခိုက်မှာပင် အကုသိုလ်မျိုးစုံကို ကျူးလွန်မိတတ်၏။ အပြုခံအာရုံနှင့် ပြုတတ်သည့်သဘော တို့ကြောင့် ဖြစ်ပေါ်လာတတ်သည့် စိတ်အမျိုးမျိုးသည် အကြောင်းအကျိုး ဆက်စပ်နေ၏။ ဥပမာအားဖြင့် ရူပါရုံနှင့် စက္ခုပသာဒတို့ ပေါင်းစုံမိသည့်အခါ စက္ခုဝိညာဏ်ဟူသော မြင်သိစိတ်ဖြစ်သကဲ့ ဖြစ်၏။ တစ်ယောက်တည်း ရှိနေသော်လည်း အာရုံတစ်ခုခုကို အမှီပြု၍ မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်တတ်၏။ တစ်ယောက်တည်း မမြင်ကွယ်ရာ အရပ်မှာဖြစ်နေခြင်းကပင် မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်နေတတ်၏။ ``ငါတစ်ယောက်တည်း ရှိတာပဲ… ဘယ်သူ့မှ မသိလောက်ပါဘူးလေ… `` စသည့် စိတ်အကြံဖြင့် မကောင်းမှုကို ကျူးလွန်မိတတ်၏။ ထိုသို့ တစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် တရားနာခြင်း၊ တရားအားထုတ်ခြင်းစသည့် ကောင်းသည့်စိတ်၊ ကောင်းသည့်လုပ်ရပ်များထက် ``ဘယ်သူမှ မရှိတုန်း ... ဘာလေးတော့ လုပ်လိုက်ဦးမှ… ဘာလေးတော့ ကြည့်လိုက်ဦးမှ…`` စသည့် မကောင်းသည့် စိတ်အကြံ၊ လုပ်ရပ်များက ပို၍အဖြစ်များတတ်၏။ အဘယ့်ကြောင့်ဆိုသော် စိတ်၏ သဘောကပင် ` မကောင်းမှုမှာ မွေ့လျော်တတ်ခြင်း (ပါပသ္မိံ ရမတိ မနော)` သဘော ရှိသည်၏ အဖြစ်ကြောင့်ဖြစ်၏။

    အမှန်စင်စစ် တစ်ယောက်တည်း ဆိတ်ကွယ်ရာ အရပ်၌ ရှိနေသဖြင့် မည်သူမျှ မသိလောက်ပါဘူးဟူသော အတွေးဖြင့် မည်သည့်အလုပ်ကို မည်မျှပြုလုပ်သည်ဖြစ်စေ အခြားသူများ မသိနိုင်သော်လည်း မိမိကိုယ်ကို မိမိကား သိနိုင်၏။ မိမိကိုယ်ကို မိမိလိမ်လည် လှည့်စား၍မရနိုင်ပေ။ တိတ်ဆိတ်ကွယ်ရာမှာ မည်မျှပင် ရှောင်တိမ်းပြီး နေပါစေ မိမိစိတ်ကိုကား ရှောင်တိမ်း၍ မရနိုင်ပေ။ တိတ်ဆိတ်ကွယ်ရာတွင် ကောင်းသည့်အလုပ်များဖြင့် နေနိုင်ပါက အတိုင်းထက်အလွန် ကောင်းသော်လည်း မကောင်းသည့် အတွေးအကြံများဖြင့် မကောင်းမှုများကို ပြုလုပ်မည်ဆိုပါက မည်မျှပင် မမြင်ကွယ်ရာ၌ပင် ဖြစ်ပါစေ ဖုံးကွယ်၍ မရနိုင်ပေ။ ပတ်ဝန်းကျင်ကို ဖုံးကွယ်၍ ရနိုင်သော်လည်း မိမိကိုယ်ကို ဖုံးကွယ်လိမ်ညာ၍ မရပေ။ အဘယ့်ကြောင့်ဆိုသော် မိမိ၏လုပ်ရပ်ကို မိမိသာလျှင် အသိဆုံးဖြစ်သောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်လည်း မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိဟု ဆိုကြခြင်းဖြစ်၏။ ဆိတ်ကွယ်ရာ မရှိသကဲ့သို့ စိတ်ကွယ်ရာလည်း မရှိပေ။ မည်သူမျှ မသိလောက်သည့် ဆိတ်ကွယ်ရာ အရပ်ပင် ဖြစ်သော်လည်း မိမိ၏ စိတ်ကွယ်ရာအရပ်ကား မရှိနိုင်ဟူသော သဘောကို ဆိုလို၏။ မြတ်စွာဘုရားသည် ထိုသဘောကို လွန်မြောက်ပြီးသည့် အတုမရှိ အနှိုင်းမဲ့ဖြစ်၏။

    မှန်ပါသည်။ မြတ်စွာဘုရားရှင်သည်ကား အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တော်မူပြီးသည်၏ အဖြစ်ကြောင့် မည်မျှပင် ဆိတ်ကွယ်ရာ အရပ်ဖြစ်သော်လည်း မကောင်းမှု အကုသိုလ်ကို မပြုတော့ပေ။ မိမိတို့ ပုထုဇင်များသည် ``ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတို့ မပြတ်ဖြစ်နေတတ်သောကြောင့် ပုထုဇင် မည်၏`` ဟူသည့် အဖွင့်အတိုင်းပင် ကိလေသာများဖြင့် အမြဲမပြတ် ဆက်ဆံနေတတ်ကြ၏။ အာရုံအမျိုးမျိုးကို အမှီပြု၍ မကေင်းမှုများ မပြတ်ဖြစ်ပေါ် နေတတ်၏။ အများနှင့်နေသည့် အခါဖြစ်စေ၊ တစ်ယောက်တည်း နေသည့်အခါဖြစ်စေ မကောင်းသည့် အကုသိုလ်များ ဖြစ်နေတတ်ကြ၏။ တစ်ခါတစ်ရံ ``မမြင်အပ်ရာ ကိလေသာ သူဟာသူငြိမ်း၏`` ဟူသော မဟာစည်ဆရာတော်ကြီး၏ ဆုံးမမှုအတိုင်း အပြင်မထွက်၊ ပြင်ပရှိ အာရုံများနှင့် မတွေ့သည့်အတွက် အကုသိုလ် ကိလေသာများ မဖြစ်နိုင်သော်လည်း မည်မျှပင် တစ်ယောက်တည်း ဆိတ်ကွယ်ရာ အရပ်တွင် ရှိနေပါစေ မိမိ၏စိတ်ကိုမိမိ ကောင်းသည့်အာရုံများနှင့် ရှိနေအောင် အားမထုတ်ပါက မကောင်းမှုများ ပို၍ဖြစ်ပေါ်လာတတ်၏။ စင်စစ် အများနှင့်နေသည်ဖြစ်စေ တစ်ယောက်တည်း ရှိနေသည်ဖြစ်စေ မိမိ၏စိတ်မှာ မကောင်းသည့် ကိလေသာများ မဖြစ်ရန် အရေးကြီး၏။ အထူးသဖြင့် ဆိတ်ကွယ်ရာ အရပ်တွင် တစ်ယောက်တည်း ရှိနေသည့်အခါ မကောင်းသည့် အတွေးအမြင် အကြံအစည်၊ အပြောအဆို၊ အလုပ်အကိုင်များ မဖြစ်ရန် လိုအပ်၏။ ထိုကြောင့် ထိုသို့ ဆိတ်ကွယ်ရာမှာ တစ်ယောက်တည်း ရှိနေသည့်အခါ မြတ်စွာဘုရားရှင်၏ အရဟံ ဂုဏ်တော်ကို အာရုံပြုလျှက် ``ဘုရားရှင်သည် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူပါတကား`` ဟု မြတ်ဗုဒ္ဓထံ စိတ်ညွှတ်၍ မကောင်းသည့် စိတ်မဖြစ်အောင် ကြိုးစားသင့်၏။ မမြင်ကွယ်ရာမှာ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဖြစ်ရန်အကြောင်း ပေါ်လာသည့်အခါ မြတ်စွာဘုရားရှင်၏ ဤအရဟံ ဂုဏ်တော်အဖွင့်ကို အာရုံပြု၍ မပြုဖြစ်အောင် အလေ့အကျင့် လုပ်ပေးသင့်၏။ စိတ်ဟူသည် တဖြည်းဖြည်း လေကျင့်ပေးရသည့် သဘောရှိသည့်အတွက် အသေးအဖွဲလေးဟူ၍ အထင်မသေးဘဲ တတ်နိုင်သမျှ လေ့ကျင့်ပေးရန် လိုအပ်၏။ အရဟံဂုဏ်တော်ကို စံပြု၍ မိမိတို့ သန္တာန်မှာ ဖြစ်ပေါ်လာမည့် မကောင်းစိတ်များကို တဖြည်းဖြည်း ဖယ်ရှားနိုင်အောင် ကြိုးစားသင့်၏။

    သို့ဖြစ်၍ ဘုရားရှင်ကို ကြည်ညိုသည့်ပုဂ္ဂိုလ်များ သိထားရမည့်အချက်မှာ နှလုံးသားဝယ် ဘုရားတည်နိုင်အောင် ကြိုးစားသင့်သည့် အချက်ပင်ဖြစ်၏။ နှလုံးသားဝယ် ဘုရားတည်သည်ဆိုရာတွင် ဘုရားရှင်၏ အဆုံးအမအတိုင်း နေထိုင်ခြင်းကို ဆိုလို၏။ ဘုရားရှင်သည် ကိုးကွယ်သူများအတွက် နည်းပြလမ်းညွှန်ပေးသည့် အနှိုင်းမယ့် အရှင်ဖြစ်၏။ ဘုရားရှင်ကို အမှန်တကယ် ကြည်ညိုသည်ဆိုပါက ဘုရားရှင်ထုံး နှလုံးမူသင့်၏။ ဘုရားရှင်သည် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှုအကုသိုလ်ကို မပြုတတ်သည်ကို အတုယူကာ မိမိတို့သည်လည်း ဆိတ်ကွယ်ရာ အရပ်တွင် မကောင်းမှု အကုသိုလ်ကို မပြုမိအောင် ကြိုးစားအားထုတ်သင့်၏။ ဤကဲ့သို့ နေပြခြင်းသည် ဘုရားရှင်ကို ပူဇော်ရာရောက်၏။ ဘုရားရှင်၏ အဆုံးအမကို နှလုံးသားဝယ် အမှန်တကယ် တည်ပြရာရောက်၏။ ထို့ကြောင့် စာရေးသူအပါအ၀င် အားလုံးသော ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် နှလုံးသားဝယ် ဘုရားတည်ရာရောက်အောင် ``ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူ တတ်သည်ဖြစ်၍ အရဟံ`` ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသည့် ဘုရားရှင်၏ ဂုဏ်ကို အာရုံပြု ကြည်ညိုပြီး မိမိတို့လည်း ဆိတ်ကွယ်ရာအရပ်တွင် ရှိသည့်အခါ မကောင်းမှု အကုသိုလ်ကို မပြုဖြစ်အောင် ကြိုးစားကာ ဘုရားရှင်အား ပူဇော်ကြပါစို့ ဟူ၍….
    Read More...

    စေတနာသုံးတန် ပြည့်စုံဖို့ဆိုရာဝယ်…

  • by
  • မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
  • ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်အများ ကြားဖူးပြီးသားဖြစ်တဲ့အပြင် တရားပွဲများ၊ အလှူခံမဏ္ဍပ်များ စတဲ့ဘာသာရေး ဆိုင်ရာနေရာဌာန အမျိုးမျိုးမှာ သုံးစွဲနေကြတဲ့ စေတနာသုံးတန် ဆိုတဲ့ဒီစကားအသုံးလေး အတွက် ဗဟုသုတအဖြစ် ပို့စ်လေးတစ်ခု ရေးကြည့်လိုက်တာပါ။ စေတနာသုံးတန်လို့ခေါ်တဲ့ အဲဒီ စေတနာ သုံးမျိုးက
    ၁။ ပုဗ္ဗစေတနာ = မလှူမီ ကြိုတင်ဖြစ်တဲ့ စေတနာ
    ၂။ မုဉ္စစေတနာ = လှူဆဲအခိုက်မှာ ဖြစ်နေတဲ့ စေတနာ နဲ့
    ၃။ အပရစေတနာ = လှူပြီးနောက်ပိုင်းမှာ ဖြစ်တဲ့စေတနာ တို့ပဲ ဖြစ်ပါတယ်။

    ဒီသုံးမျိုးမှာ ဗုဒ္ဓဘာသာဝင်အများ အဖြစ်များကာ ဖြစ်ဖို့လည်းလွယ်တဲ့စေတနာတွေက ပုဗ္ဗစေတနာနဲ့၊ မုဉ္စစေတနာတွေဖြစ်ပြီး အပရစေတနာက ဖြစ်ဖို့အတော်ခက်ခဲပါတယ်။ ဆိုကြပါစို့… အလှူဒါန တစ်ခုခုကို ပြုကြတော့မယ်ဆိုရင် အလှူရှင်တွေရဲ့ စိတ်ထဲမှာ ဘယ်မှာလှူလိုက်မယ်၊ ဘယ်လိုလှူလိုက်မယ်၊ ဘယ်လောက်လှူလိုက်မယ် ဆိုတဲ့ စိတ်ကူးအကြံလေးတွေ ဖြစ်နေတာ၊ ကြိုတင်ပြီး လှူဖို့အတွက် ပြင်ဆင်စုဆောင်းနေတာ စတာတွေဟာ ကိုယ်လှူမယ့်အလှူအတွက် မလှူမီဖြစ်ပေါ်နေတဲ့ ပုဗ္ဗစေတနာပါ။ အဲဒီလို ကြိုတင်ပြီးဖြစ်ပေါ်နေတဲ့ စေတနာလေးတွေဟာ ကုသိုလ်စိတ်ကို ဖြစ်စေပြီး ကုသိုလ်တရားကို တိုးပွားစေပါတယ်။ ထို့အတူ လှူဆဲအခိုက်အတန့်မှာ စေတနာအပြည့်နဲ့ ကြိုးကြိုးစားစား ဆက်ကပ်လှူဒါန်း၊ ကျွေးမွေးဧည့်နေတာဟာ မမောနိုင်မပန်းနိုင်ပါပဲ။ အဲဒီအခိုက်အတံ့မှာ ကျွေးချင်မွေးချင် အဆင်ပြေပြေ ဧည့်ခံချင်စိတ်ကလွဲပြီး ကျန်တဲ့ဘာစိတ်မှ မရှိတဲ့အတွက် လှူဆဲအခိုက်အတန့်မှာ ဖြစ်တဲ့စေတနာကလည်း အထူးပြောစရာ မလိုအောင် ပြည့်စုံနေတတ်ကြပါတယ်။ အဲ… ပြဿနာက လှူပြီးအခိုက်အတန့်မှာ ဖြစ်ရမယ့် အပရစေတနာပါ။ ကိုယ်လှူထားတဲ့ အလှူကို သတိတရဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်၊ ပီတိဖြစ်ကာ မကြာခဏ ဆင်ခြင်ပြီး ကောင်းလိုက်တာ အားရလိုက်တာ စတဲ့အတွေးလေးတွေနဲ့ နေနိုင်မှ အပရစေတနာလေး အားကောင်းပြီး ကုသိုလ်တရား တိုးပွားမှာပါ။ ဒါပေမယ့် များသောအားဖြင့် ဒီစေတနာလေးတွေ ချို့တဲ့ နေကြတာကို တွေ့နေရပါတယ်။ လှူပြီးနောက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရမယ့်အစား နောင်တတွေသာ ကျန်နေကြတာကို တွေ့ရ၊ မြင်ရ၊ သိနေရပါတယ်။ အချို့ဆို အလှူကြီး အဆင်ပြေစေဖို့ မလိုအပ်တဲ့ ချဲ့ထွင်မှုတွေ ချေးငှါးမှုတွေ ဂုဏ်ပကာသနတွေကြောင့် အလှူပွဲကြီးပြီး သူချဲ့ထွင်ခဲ့တဲ့ အလှူပွဲအတွက် အဆင်မပြေမှုတွေ၊ ချေငှါးထားတဲ့ အရာတွေ ပြန်ဆပ်ရမယ့်အရေးတွေတွေးပြီး ရင်လေးနေတာတွေ စတဲစတဲ့ အတွေးတွေကြောင့် လှူဒါန်းမှုအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ကာ အပရစေတနာလေးတွေ ကောင်းရမယ့်အစား မှားသွားပြီးဆိုတဲ့ နောင်တတရားတွေသာ ရလိုက်ကြတာကို တွေ့ကြရမှာပါ။ မလှူခင် စေတနာ၊ လှူဆဲအခိုက်ဖြစ်တဲ့ စေတနာတွေ ပြည့်စုံပေမယ့် လှူပြီးနောက်မှ ဖြစ်ရမယ့် စေတနာက မပြည့်စုံတဲ့အတွက် စေတနာသုံးတန်က မပြဌာန်းနိုင်၊ မပြည့်စုံနိုင်ကြတော့တာပါ။

    စေတနာသုံးတန် ပြည့်စုံပြဌာန်းမှု မရှိပါက ကုသိုလ်ရဲ့ အကျိုးကို ရရှိခံစားတဲ့အခါ အပြည့်အ၀ မခံစားရ တတ်ပါဘူး။ ကုသိုလ်တရားဟာ ပြုလုပ်တဲ့သူရဲ့ စေတနာကိုလိုက်ပြီး အကျိုးတရားကို ဖြစ်စေပါတယ်။ စေတနာသုံးတန်ပြည့်စုံပြီး လှူဒါန်းမှုပြုတဲ့ပုဂ္ဂိုလ်တွေ အတွက်အကျိုးတရား ရရှိတဲ့အခါမှာလည်း ပြည့်ပြည့်၀၀ ရရှိတတ်ပါတယ်။ အဲလိုမဟုတ်ဘဲ စေတနာသုံးတန်မှာ တစ်ခုခု ချို့တဲ့ပါက အကျိုးတရားဖြစ်တော့ ဖြစ်ပါတယ်။ ရတော့ရပါတယ်။ အပြည့်အ၀ မရဘဲရှိတတ်ပါတယ်။ အထူးသဖြင့် စေတနာသုံးတန်မှာ များသောအားဖြင့် နောက်ဆုံးအပရစေတနာ ချို့တဲ့တာများတဲ့အတွက် အကျိုးပေးတဲ့အခါမှာလည်း အပရစေတနာရဲ့ အကျိုးခံစားမှုက လျော့နေတတ်ပါတယ်။ ထင်ရှားတဲ့ သာဓကပြရမယ်ဆိုရင် ယနေ့ခေတ်မှာ ချမ်းသာပြီး အကောင်းမစားနိုင်ကြတဲ့သူတွေ၊ ကားရှိပြီး လိုင်းကားတိုးစီးနေရတဲ့သူတွေ၊ ခေတ်ပေါ်အကောင်းစား အ၀တ်စားတွေကို ၀ယ်ဝတ်နိုင်ပါရဲ့နဲ့ ၀ယ်မ၀တ်ချင်သူတွေ အကောင်းစားတွေ သုံးရင်ဝတ်ရင် ကိုယ်မှာတစ်ခုခုဖြစ်တာတို့ ယားတာယံတာတို့ စတာတွေဖြစ်ကြတာကို တွေ့ဖူးကြုံဖူးကြမှာ။ အဲဒီသူတွေဟာ ကုသိုလ်ဒါနပြုတဲ့အခါမှာ နောက်ပိုင်းမှာဖြစ်ရမယ့် အပရစေတနာ ချို့တဲ့ကြတဲ့အတွက် မြင်သာမြင်မကြင်ရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကုသိုလ်ပြုတဲ့အခါ စေတနာသုံးတန် အလုံးစုံပြည့်စုံအောင် ကြိုးစားကြဖို့လိုပါတယ်။

    ပြောခဲ့ပြီးဖြစ်တဲ့အတိုင်း ဒီစေတနာ သုံးမျိုးမှာ ပုဗ္ဗစေတနာနဲ့ မုဉ္စစေတနာတွေဟာ ဖြစ်ဖို့ပြည့်စုံဖို့ လွယ်တဲ့အတွက် အထူးပြောစရာမရှိပေမယ့် အပရစေတနာနဲ့ ပြည့်စုံဖို့အတွက် အလေ့အကျင့် လုပ်ပေးကြဖို့ လိုပါတယ်။ အပရစေတနာ ကောင်းဖို့အတွက် ကုသိုလ်မပြုခင်၊ မလှူခင်ကတည်းက သေချာစီစစ် ရွေးချယ်ပြီး ပေးလှူတတ်ဖို့လိုပါတယ်။ နောက်ပိုင်းစေတနာ ပျက်ကွက်မှုများကိုကြည့်ပါက အခြားအကြောင်းအရာများ ရှိပင်ရှိငြားသော်လည်း အလှူခံပုဂ္ဂိုလ်ကြောင့် ပျက်ဆီးတတ်ကြတာတွေ ရှိပါတယ်။ အလှူခံပုဂ္ဂိုလ်ပိုင်းကို သေချာရွေးချယ်ပြီး မလှူပါက ကိုယ့်အလှူကို ခံယူတဲ့အလှူခံ ပုဂ္ဂိုလ်ရဲ့ အမူအရာ၊ အပြောအဆို၊ အနေအထိုင်၊ အကျင်သီလတွေကို ကြည့်ပြီးသဒ္ဓါတရား ပျက်တတ်ပါတယ်။ သူသူကိုယ်ကိုယ် ကိုယ်လှူထားတဲ့ အရာလေးတွေကို ကြည့်ပြီးပီတိပွားချင်ကြ၊ ၀မ်းမြောက်ချင်ကြတာ ဓမ္မတာပါ။ အဲဒီလို ပီတိပွားနိုင်ဖို့အတွက် အလှူခံပုဂ္ဂိုလ်၊ နေရာဌာနစတာတွေကို ရွေးချယ်လှူတန်းတတ်ဖို့ လိုပါတယ်။ အလှူခံပုဂ္ဂိုလ်ဆိုပြီးရော သင်္ကန်းပတ်ထားရင်ပြီးရော ဆိုတဲ့အတွေးနဲ့ လှူလိုက်တဲ့အတွက် အဲဒီအလှူခံပုဂ္ဂိုလ်က ကိုယ်လှူတဲ့ပစ္စည်းဝတ္ထု တစ်လွဲအသုံးချသွားတဲ့အခါ ပုထုဇင်များဖြစ်တဲ့ ကိုယ့်အဖို့မှာ ဒီအရာတွေတွေ့ပြီး သဒ္ဓါတရား တိုးဖို့မလွယ်ပါဘူး။ နာမည်ကြီးလို့ လှူတာမျိုး၊ ပေါ်ပင်လိုက်ပြီး လှူတာမျိုးတို့ အလှူခံပုဂ္ဂိုလ်ဆိုပြီးရော လှူတာမျိုးတို့ မလုပ်ကြဘဲ ကိုယ့်အလှူကို လက်တွေ့ထိရောက်စွာ အလှူခံပြီး အမှန်တကယ်လိုအပ်နေတဲ့ အလှူခံပုဂ္ဂိုလ်၊ နေရာဌာန စတာတွေကို ရှာဖွေလှူတမ်းတတ်ဖို့ လိုပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့နေရာတွေမှာ လှူလိုက်တဲ့အတွက် ကိုယ့်အလှူပစ္စည်းကို လက်တွေ့အသုံးပြုနေတာကို ကြည့်ပြီးကိုယ့်မှာ ပီတိဖြစ်ရသလို နောက်ထပ်လှူချင်တဲ့ သဒ္ဓါတရားတွေလည်း တိုးလာတတ်ပါတယ်။ ဥပမာအားဖြင့် မီးမလုံလောက်တဲ့ စာသင်တိုက်မျိုးမှာ မီးစက်လှူတာမျိုးတို့ ဆွမ်းကွမ်းမလုံလောက်တဲ့ စာသင်တိုက်မျိုးမှာ ဆွမ်းပဒေသာပင် စိုက်ထူလိုက်တာမျိုးတို့ဟာ အမှန်တကယ်လိုအပ်နေတဲ့ နေရာမျိုးတွေမှာ လှူလိုက်တဲ့အတွက် အလှူခံအတွက်လည်း အကျိုးရှိ အလှူပေးပုဂ္ဂိုလ်အတွက်လည်း ပီတိသဒ္ဓါပွားနိုင်တဲ့ အလှူမျိုးဖြစ်ပါတယ်။ အဲလိုအလှူမျိုးကြောင့် နောက်ပိုင်းစေတနာပျက်စရာ အကြောင်းမရှိပါဘူး။ ပိုလို့သာ တိုးစေမှာပါ။ ဒီလိုအလှူမျိုးဟာ စေတနာသုံးတန် ပြည့်စုံနိုင်တဲ့အလှူမျိုးပါ။

    ဒါကြောင့် စေတနာသုံးတန် ပြဌာန်းပြီး ပြည့်စုံစွာလှူလိုတဲ့ သူများအတွက် ကိုယ့်အလှူကို လှူမိတာ မှားလေစွ ဆိုတဲ့နောင်တမျိုး မဖြစ်ရအောင် ယုံကြည့်မှု သဒ္ဓါတရားကို စူးစမ်းဆင်ခြင်တတ်တဲ့ ဉာဏ်နဲ့တွဲကာ သဒ္ဓါပညာ ညီညွတ်စွာဖြင့် အလှူခံပုဂ္ဂိုလ်၊ နေရာဌာနများ သေချကျနစွာ စိစစ်ရွေးချယ်တတ်ဖို့ လိုကြောင်း သတိပေးစကား ပါးလိုက်ပါတယ်။ အားလုံး စေတနာသုံးတန် ပြည့်စုံနိုင်ကြပါစေ…
    Read More...

    ကူညီရေးအဘိဓာန်များ

    ဓမ္မစာမျက်နှာအချို့...

    ပညာပေးနှင့် ဖျော်ဖြေရေး

    : manapadayi@gmail.com : (82) 010-3787-9693 မြန်မာပြည်လိပ်စာ သီရိဇေယျုံကျောင်း အိမ်တော်ရာတိုက်၊ မြို့မကျောင်းလမ်း ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ Ph: (95+1) 383-796 ကိုရီးယားလိပ်စာ စိတ္တသုခမြန်မာဘုန်းတော်ကြီကျောင်း No. 1780-3, Singdang-dong, Dalseo-gu, Daegu, South Korea Ph: (82) 053-295-9220

    ဓမ္မဘလော့ဂ်အချို့

    မနာပဒါယီ

    “မနာပ ဒါယီ” အင်တာနက် ဓမ္မစာမျက်နှာမှ ကြိုဆိုပါ၏။ မနာပ ဒါယီဟူသည် “နှစ်သက်ဖွယ်ကိုဆောင်ခြင်း၊ နှစ်သက်ဖွယ်ကို ပေးလှူခြင်း”ဟု အဓိပ္ပါယ်ရ၏။ နှစ်သက်ဖွယ် အပေါင်းတို့တွင်လည်း ဓမ္မဖြင့် နှစ်သက်စေမှုသည် အကောင်းဆုံးဖြစ်၏။ ထို့ကြောင့်...

    ငါလည်းတစ်နေ့

    တစ်ခါတလေ လူငယ်တွေနဲ့ ဟိုစပ်စပ်ဒီစပ်စပ် ပြောကြတဲ့အခါ တစ်ချို့လူငယ်လေးတွေက “အရှင်ဘုရား တပည့်တော် အသိတွေထဲမှာ ဘယ်သူကတော့ ဘယ်လိုအဆင်ပြေသွားတာ၊ ဘယ်သူကတော့ ဘယ်လိုအောင်မြင်သွားတာ၊ ဘယ်သူကတော့ ဘယ်လိုဖြစ်သွားတာ၊ ဘယ်သူကတော့ ဘယ်လိုဒုက္ခရောက်သွားတာ၊ ဘယ်သူကတော့ ဘယ်လိုမှကို ထင်မထားတာတွေ ဖြစ်သွားတာ” စသဖြင့် သူတို့သူတို့လေးတွေရဲ့ အတွေ့အကြုံ၊ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုလာတာကိုလည်း နားထောင်ဖြစ်ခဲ့ရပါတယ်။ အဲဒီအလို အခါမျိုးမှာ သူတို့ရဲ့ စကားကိုလိုက်ပြီး သူများတွေကိုပြောရင်း ကိုယ့်ကိုယ်ကိုလည်း “ငါလည်းတစ်နေ့”ဆိုတဲ့ ခံယူချက်နဲ့ ဖြေဆည်ရာကို အမြဲနှလုံးသွင်းထားကြဖို့ ပြောဖြစ်ခဲ့ပါတယ်။ ဘဝမှာ “ငါလည်းတစ်နေ့”ဆိုတာကို မမေ့ဖို့ သတိပေးဖြစ်ခဲ့ပါတယ်။

    ဟုတ်ပါတယ်။ “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီစကားလေးရဲ့နောက်မှာ လေးနက်တဲ့ အဓိပ္ပါယ်တွေ အများကြီးရှိနေပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို အားပေးတဲ့အခါ၊ ကိုယ့်ကိုယ်ကို ဆင်ခြင်တဲ့အခါတွေမှာ တကယ့်ကိုပဲ အားပေးရာ၊ ဖြေဆည်ရာတွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီစကားလေးရဲ့ ထောက်ကူမှုဟာ အသုံးချတတ်မယ်ဆိုရင် အခြေအနေတိုင်းမှာ အသုံးတည့်မှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့သူ၊ အဆင်ပြေတဲ့ သူတွေကို တွေ့တဲ့အခါမှာလည်း “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီစကားလေးနဲ့ ကိုယ့်ကိုယ်ကို အားယူနိုင်သလို၊ ကျရှုံးသူများ၊ နိမ့်ကျသူများ၊ ပျက်ဆီးသွားသူများကို တွေ့တဲ့အခါမှာလည်း “ငါလည်းတစ်နေ့”ဆိုတာလေးကို သတိပြုဆင်ခြင်ရင်း ကိုယ့်ကိုယ်ကို ရင်ဆိုင်နိုင်ဖို့၊ ကိုယ့်ကိုယ်ကို ဖြေဆည်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဆိုတော့ကား ဘဝမှာ ဘာပဲဖြစ်ဖြစ် “ငါလည်းတစ်နေ့”ဆိုတာဟာ အသေအချာပဲ ဖြစ်ပါတယ်။

    သေချာတွေးကြည့်ရင် လူတိုင်းလူတိုင်းမှာ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်း၊ အဆင်ပြေခြင်းနဲ့ မပြေခြင်း၊ ရှိခြင်းနဲ့ မရှိခြင်း၊ ဖြစ်ခြင်းနဲ့ ပျက်ခြင်း စတဲ့ ဆန့်ကျင်ဘက် လောကဓံတွေဟာ အမြဲရှိနေတတ်ကြတာ ဖြစ်ပါတယ်။ သူ့မှာရှိသလို ကိုယ့်မှာလည်း ရှိနေကြတာ ဖြစ်ပါတယ်။ သူအောင်မြင်သလို ကိုယ်လည်းအောင်မြင်နိုင်၊ သူကျရှုံးသလို ကိုယ်လည်းကျရှုံးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ လောကရှိလူသားတိုင်း၊ သတ္တဝါတိုင်း မလွဲမသွေ ကြုံတွေ့ကြရတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ ဘယ်သူမှ တစ်သမှတ်တည်း ရှိနေတာ မဟုတ်ကြပါဘူး။ အောင်မြင်သူတွေလည်း အောင်မြင်မှုရဲ့နောက်မှ ကျရှုံးမှုတွေ ရောက်လာတတ်သလို မအောင်မြင်သေးသူတွေ အနေနဲ့လည်း ကြိုးစားရင် အောင်မြင်မှုဆိုတာ ရောက်လာမှာပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေအတွက် အဓိကတာဝန် အရှိဆုံးကတော့ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

    ကိုယ်ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုဟာ ကိုယ့်ဘဝရဲ့ အတက်အကျကို ဖန်တီးတည်ဆောက် ပေးနိုင်တာ ဖြစ်တဲ့အတွက် အောင်မြင်နေတဲ့သူတွေကို တွေ့တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို ခိုင်မှာတဲ့စိတ်ဓာတ်နဲ့ “ငါလည်းတစ်နေ့”ဆိုတဲ့ အတွေးနဲ့ သူတို့လိုဖြစ်အောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ အတိတ်ကံကို ဘေးဖယ်ထားပြီး ဒီပစ္စုပ္ပန်ဘဝမှာပဲ မှန်ကန်တဲ့လမ်းကို မဆုတ်မနစ်တဲ့ ဝိရိယနဲ့ အားသွန်ခွန်စိုက် ကြိုးစားလိုက်မယ်ဆိုရင် အတိတ်ကံကောင်းသူတွေလောက် အများကြီး အောင်မြင်မှု မရနိုင်တာတောင်မှ ဝိရိယအကျိုးနဲ့ အထိုက်အလျောက် အောင်မြင်မှုကတော့ ရောက်လာကြမှာပဲ ဖြစ်ပါတယ်။ “သူဖြစ်သလို ငါလည်း ဖြစ်ကိုဖြစ်ရမယ်”ဆိုတဲ့ စိတ်နဲ့ ဇွဲမလျော့ဘဲ ကြိုးစားနိုင်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာတွေတောင် ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ ဘဝတစ်ခု အောင်မြင်မှုရှိဖို့အတွက် လူတိုင်းလူတိုင်းမှာ “ငါလည်းတစ်နေ့”ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကိုလက်ကိုင်ထားပြီး ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ သူလည်းဖြစ်သလို ငါးလည်း ဖြစ်နိုင်တယ်ဆိုတဲ့ နိယမတစ်ခုပဲ ဖြစ်ပါတယ်။

    နောက်တစ်ချက်က အောင်မြင်သူများရဲ့ ကျရှုံးမှုပဲ ဖြစ်ပါတယ်။ အောင်မြင်နေရာကနေ ကျဆုံးသွားတဲ့သူတွေကို ကြည့်ရင် တစ်ချို့ကတော့ လမ်းလွဲသွားကြလို့ ဖြစ်သလို၊ တစ်ချို့ကျတော့ ဘဝင်မြင့်ပြီး ဘဝမေ့သွားကြလို့ပဲ ဖြစ်ပါတယ်။ တစ်ချို့လည်း ကံမကောင်း အကြောင်းမလှလို့ ဖြစ်ကြသလို တစ်ချို့လည်း ပြုပြင်လို့မရတဲ့ အကြောင်းအကျိုး ဆက်စပ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘာသာတရား ရှုထောင့်ကကြည့်ရင် ဘယ်အရာမှ အမြဲမရှိဘူးဆိုတဲ့ အချက်ကို ကောက်ချက်ချလို့ ရနိုင်ပါတယ်။ ဘဝဆိုတဲ့ ဖြစ်တည်မှုတစ်ခုဟာ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းဆိုတဲ့ သဘာဝဓမ္မတွေနဲ့ ဆက်ဆံနေတာဖြစ်တဲ့အတွက် ဖြစ်နေ၊ ရှိနေ၊ ရနေ၊ အောင်မြင်နေတာတွေဟာလည်း အချိန်မရွေး ပြောင်းလဲသွားနိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီသဘောတွေက ကိုယ်ရော၊ သူများရော အားလုံး ရင်ဆိုင်ထားရမယ့် သဘောပဲ ဖြစ်ပါတယ်။ ကိုယ့်မှာ တကယ်လို့ ဒီသဘောတွေ မရောက်သေးပေမယ့် ရောက်လာတဲ့သူတွေကိုကြည့်ပြီး “ငါလည်းတစ်နေ့” ဆိုတာကိုတော့ မမေ့ကြဖို့ လိုပါတယ်။ အဲလို အသိလေးကို အမြဲနှလုံးသွင်းထာမယ်ဆိုရင် ကိုယ့်ဆီကို အဆိုးတွေ ရောက်လာတဲ့အခါ စိတ်မှာသက်သောင့်သက်သာ ခံနိုင်ရည် ရှိလာမှာ ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ ဘဝတစ်ခုတောင် ပျက်ဆီးသွားနိုင်တဲ့အထိ လောကဓံရဲ့ ရိုက်ပုတ်မှုအောက်ကို ရောက်သွားနိုင်တာ ဖြစ်ပါတယ်။

    ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့လက်တွေ့ဘဝထဲမှာ ဒီသဘောတရားတွေကို အများကြီး တွေ့ကြုံဖူးကြမှာ ဖြစ်ပါတယ်။ မရှိရာကနေ ရှိနေသူများ၊ အဆင်မပြေရာကနေ ပြေသွားသူများ၊ ဆင်းရဲနေရာကနေ ချမ်းသားသွားသူများ၊ ကျရှုံးနေရာကနေ အောင်မြင်သွားသူများ ရှိနေကြသလို ရှိနေရာကနေ မရှိဘဲ ဖြစ်သွားသူများ၊ အဆင်ပြေနေရာကနေ မပြေဘဲ ဖြစ်သွားသူများ၊ ချမ်းသာနေရာကနေ မွဲသွားသူများ၊ အောင်မြင်နေရာကနေ ကျရှုံးသွားသူများလည်း ရှိနေကြမြဲ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အဆိုးဆုံးပြောရမယ်ဆိုရင် အကောင်းပကတိ ရှိနေရာကနေ ခြေလက်အင်္ဂါ၊ ပျက်ဆီးသွားသူများ၊ အသက်ရှင်နေရာကနေ ရုတ်တရက် အသက်ဆုံးသွားသူများအထိ အမျိုးမျိုးရှိနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေကောင်းသူများနဲ့ အခြေအနေ ဆိုးသွားသူများကို မြင်သိကြားရတဲ့အခါမှာ ကိုယ့်ကိုယ်ကို အားပေးဖို့နဲ့ ဖြေဆည်ဖို့၊ ပြီးတော့ သတိပြု ဆင်ခြင်ဖို့ကတော့ “ငါးလည်းတစ်နေ့”ဆိုတာပဲ ဖြစ်ပါတယ်။

    တစ်လောကတောင် နိုင်ငံခြားမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာဒကာအချို့အကြောင်း ကြားသိလိုက်ရပါသေးတယ်။ အထိုက်အလျောက် ဝတ္ထုကြေးငွေလေးတွေ စုဆောင်းမိလို့ ပြန်မယ်လုပ်ထားပြီးမှ စက်ထဲလက်ညှက်လို့ မပြန်နိုင်သေးဘဲ ဆေးကုနေရတဲ့သူတွေ၊ ရုတ်တရက် အသက်ထွက်သွားသူတွေ စသည်ဖြင့် အစုံပါပဲ။ မကြာသေးခင်က သက်ပျောက်ဆွမ်းပင့်လို့ သွားပြီး ဟောပြောပေးခဲ့ရတဲ့ ဒကာလေးဆိုရင် ထင်တောင်မထင်ရက်စရာပဲ ဖြစ်ပါတယ်။ သူ့ဦးလေး စက်ထဲမှာ လက်ညက်လို့ လက်သုံးချောင်းပျက်ပါသွားပြီး ဆေးရုံတက်နေတဲ့အတွက် ဆေးရုံမှာ လူနာစောင့်အနေနဲ့ လာစောင့်ပေးနေရာက အဲဒီလူနာစောင့်လုပ်တဲ့ တူတော်မောင်ဟာ ဆေးရုံဧည့်ခန်းမှာ တီဗီကြည့်နေရင်း အသက်ပါပျောက်သွားတာတဲ့လေ။ ဘဝမှာ အသက်အရွယ်အရ ကြည့်ရင် အရင်မွေးပြီး အသက်အရွယ် ကြီးနေတဲ့သူက အရင်သေရမှာ ဖြစ်ပေမယ့် ဦးလေးအရင် တူတော်မောင်က ဘဝခရီးကို စောစောစီးစီး ထွက်သွားတဲ့ အဖြစ်ဟာ ကြောက်တတ်မယ်ဆိုရင် သေခြင်းတရားရဲ့ မမြင်နိုင်တဲ့ သဘောကို ကောင်းကောင်းတွေ့ရမှာ ဖြစ်ပါတယ်။

    လူတွေဟာ ကိုယ့်အလှည့် မရောက်သေးလို့ အကြောက်တရားတွေ ပျောက်နေတတ်ကြပေမယ့် ကြောက်တတ်မယ်ဆိုရင် ကိုယ့်ရှေ့မှာ ဖြစ်သွားကြတဲ့ သူတွေကိုကြည့်ပြီး “ငါလည်းတစ်နေ့”ဆိုတာလေးကို တွေးမိရုံနဲ့တင် ကြောက်စရာ ကောင်းနေတော့တာ ဖြစ်ပါတယ်။ သူဖြစ်သလို ငါလည်းမဖြစ်နိုင်ဘူးလို့ ဘယ်သူမှ ပြောလို့မရတဲ့အဖြစ်ကို သတိပြုမိရင်ကိုပဲ တကယ်ကြောက်ဖွယ် အဖြစ်တွေပဲ ဖြစ်ပါတယ်။ ပျက်ဆီးခြင်းတရား၊ သေခြင်းတရားဆိုတာ သူမှာမှ ဖြစ်ရမယ်၊ ငါ့မှာမဖြစ်ရဘူး၊ ဟိုမှာမှ ဖြစ်ရမယ် ဒီမှာမဖြစ်ရဘူး၊ ဘယ်အချိန်မှာ ဖြစ်ရမယ်၊ ဘယ်အချိန်မှာ မဖြစ်ရဘူး၊ ဘယ်လိုဖြစ်ရမယ်၊ ဘယ်လိုမဖြစ်ရဘူး စသဖြင့် သတ်မှတ်ထားလို့၊ ကျိန်းသေပြောလို့ ရတဲ့အရာတွေ မဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်ရင်၊ ဖြစ်ချိန်တန်ရင် ဖြစ်လာကြမှာပဲ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့သာ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ “ငါလည်းတစ်နေ့”ဆိုတဲ့ အသိနဲ့ သတိမလွတ်ဘဲ နေနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။

    သတိမလွတ်ဘဲ နေဖို့တင် မဟုတ်ပါဘူး။ နေတုန်းအခိုက်မှာ မကောင်းတဲ့အလုပ်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး ကောင်းတဲ့အလုပ်တွေကို ဆောင်ထားနိုင်အောင်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီအသိနဲ့ အဲဒီ တစ်နေ့လေး ရောက်မလာခင် လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် ကိုယ့်ဘဝကိုယ် ဖန်တီးတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဘဝမှာ ဒီဘဝအတွက် ကြိုးစားဖန်တီးကြသလို နောင်သံသရာအတွက်လည်း ပြုလုပ်ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် တစ်ဘဝ ကောင်းစားရေးကိုသာ မကြည့်ဘဲ ပစ္စုပ္ပန် သံသရာနှစ်ခုလုံး ကောင်းစားရေးအတွက်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီဘဝကောင်းစားရေးအတွက် ဖန်တီးတဲ့အခါ “ငါလည်းတစ်နေ့ ဖြစ်ကိုဖြစ်ရမယ်”ဆိုတဲ့ ခံယူချက်နဲ့ အပြစ်ကင်းအောင် ကြိုးစားဖန်တီးကြရမှာ ဖြစ်သလို နောင်သံသရာ ကောင်းစားရေးအတွက်လည်း “ပျက်ဆီးခြင်းဟာ ငါ့အတွက်လည်း အချိန်မရွေး ရောက်လာတတ်တယ်”ဆိုတဲ့ အသိနဲ့ အခုလက်ရှိအချိန်မှာ ကောင်းမှုကုသိုလ်ကို များများလုပ်ထားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ “ငါလည်းတစ်နေ့”ဆိုတဲ့ အချက်လေးကပေးတဲ့ ပစ္စုပ္ပန်သံသရာ ကောင်းစားရေး အသိပေးစကားလေးပဲ ဖြစ်ပါတယ်။

    ဆိုလိုတာက ငါတွေပေါနေကြတဲ့ လောကကြီးမှာ အတော်များများက ငါကိုအစွဲပြုပြီး မာနထောင်တာ၊ မဟုတ်တာလုပ်တာ၊ ယုတ်မာတာတွေကို လုပ်နေကြပေမယ့် တကယ်တမ်းကျတော့ အဲဒီငါအားလုံးဟာ ဘာမှအသုံးမကျဘဲ တစ်နေ့တော့ သူဟာနဲ့သူ၊ သူ့ဘဝကို သူဖန်တီး တည်ဆောက်သွားတတ်ကြတာ ဖြစ်တဲ့အတွက် သူများတွေကို အသာထား ကိုယ့်ကိုယ်ကို သတိစကား ပါးနေရမှာက ဘာပဲဖြစ်ဖြစ် “ငါလည်းတစ်နေ့” ဆိုတာလေးပဲ ဖြစ်ကြောင်း၊ “သူဖြစ်သလို ငါလည်း တစ်နေ့မဖြစ်ဘူးလို့ မပြောနိုင်၊ သူပျက်သလို ငါလည်း တစ်နေ့မပျက်ဘူးလို့ မပြောနိုင်”တဲ့အချက်ကို သတိပြုဆင်ခြင်ပြီး ကိုယ့်ရဲ့လုပ်ရပ်တိုင်းမှာ အပြစ်မပါအောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ ဘာပဲ ဖြစ်ဖြစ် “ငါလည်းတစ်နေ့”ဆိုတာလေးကို မမေ့ကြဖို့လိုကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

    ဒါကြောင့် ဘဝမှာ သူများကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်ကြည့်တဲ့ အနေနဲ့ အောင်မြင်နေသူတွေကို တွေ့တဲ့အခါ “ငါလည်းတစ်နေ့…”၊ မထင်မှတ်တာတွေ ဖြစ်သွားတဲ့သူတွေကို တွေ့တဲအခါ “ငါလည်းတစ်နေ့…” ဆိုတဲ့ အသိတရားလေးနဲ့ အားပေးဖို့ လိုအပ်တဲ့အခါ ကိုယ့်ကိုယ်ကို အားပေး၊ ဖြေဆည်ဖို့လိုအပ်တဲ့အခါ ကိုယ့်ကိုယ်ကို ဖြေဆည်၊ သံဝေဂယူဖို့ လိုအပ်တဲ့အခါ သံဝေဂယူရင်း အဲဒီတစ်နေ့တွေ ရောက်မလာခင် လက်ရှိအချိန်ကို အကောင်းဆုံး ဖန်တီးတည်ဆောက်ကြမှာ ဖြစ်ပါကြောင်း အသိပေးစကား ပါးလိုက်ရပါတယ်။

    သူခိုးလူမိသွားခြင်း

    မှတ်မှတ်ရရ အဲဒီနေ့က ၁၅-၁-၂၀၁၂ရက်နေ့ ဘုန်းဘုန်းရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ မွေးနေ့အလှူအဖြစ် သီရိဓမ္မာ သီလရှင်စာသင်တိုက်နဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ရခိုင်ပြည်နယ် ကျောင်းဆောင်မှာ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာ ပစ္စည်းလေးပါး ဒကာမတစ်ဦးက မွေးနေ့အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားကြွဖို့ လာပင့်တာနဲ့ လိုက်သွားဖြစ်ပါတယ်။ ဘုရားရောက်တော့ ကားပါကင်လွယ်တဲ့နေရာ မြောက်ဘက်မုခ်က တက်ဖြစ်ခဲ့ကြပါတယ်။ လူတွေက သူတို့ဖိနပ်ကို ကားထဲမှာ ထားခဲ့ပေမယ့် ဘုန်းဘုန်းကတော့ ဓာတ်လှေခါးနားအထိ စီးသွားပြီး နီးစပ်ရာ အတက်အဆင်း တစ်နေရာမှာ ဖိနပ်ကို ချွတ်ထားဖြစ်ခဲ့ပါတယ်။ အရင်တုန်းကလည်း ဒီလိုချွတ်ထားနေကျဆိုတော့ ဖိနပ်အပ်တဲ့နေရာမှာ မအပ်ဘဲ အဆင်ပြေတဲ့ နေရာမှာပဲ ထားဖြစ်ခဲ့ပါတယ်။ ဘုရားဖူးပြီး ပြန်အဆင်းမှာ ဖိနပ်စီးဖို့ ချွတ်ထားခဲ့တဲ့ နေရာကို သွားခဲ့ပေမယ့် ဖိနပ်က မရှိတော့ပါဘူး။ အဲဒါ အတူပါလာတဲ့ ဒကာမတွေက ဟိုမေးဒီမေး ဟိုရှာဒီရှာ လုပ်ကြပါတယ်။ ဘုရားလာဖူးတဲ့ သူတွေကြားမှာ ဘုန်းကြီးတစ်ပါးရဲ့ ဖိနပ်ပျောက်ရှာပုံတော်ဟာ လူတွေအတွက် အာရုံကျစရာ ဖြစ်လာပါတယ်။

    ဟိုကကြည့်ဒီကကြည့်နဲ့ ကြာတော့ဘုန်းဘုန်းတို့တွေ ရှက်လာပါတယ်။ “ကဲ…ကဲ… ရှာမနေပါနဲ့ အသစ်သာ ဝယ်လိုက်ကြပါတော့” ဆိုပြီး နီးစပ်ရာ သင်္ကန်းဆိုင်တစ်ဆိုင်မှာ ဖိနပ်အသစ်တစ်ရံ ဝယ်စီးပြီး ဖိနပ်အသစ်နဲ့ကျောင်းကို ပြန်လာဖြစ်ခဲ့ပါတယ်။ အတူပါလာတဲ့ ဒကာမတစ်ယောက်က အရှင်ဘုရားကလည်း ကိုယ့်ဖိနပ်ကိုယ်ရှာတာ ဘာဖြစ်လို့ ရှက်ရမှာလဲလို့ မေးပါတယ်။ “ရှက်တာက ဖိနပ်ပျောက်သွားလို့ မဟုတ်ဘူး ဒကာမရေ၊ သူခိုးလူမိသွားလို့ ရှက်တာပါ”လို့ ဘုန်းဘုန်းကပြောတော့ ဒကာမက နားမလည်ဘဲ ဖြစ်သွားပါတယ်။ ဒီတော့ ဘုန်းဘုန်းက “ဟုတ်တယ် ဒကာမရေ ဘုန်းဘုန်းဖိနပ် သူများယူသွားတာဟာ ပြောမယ်ဆိုရင် ကိုယ်လည်းသူများဖိနပ်ကို တစ်ချိန်ချိန်က ယူခဲ့လို့ နေမှာပေါ့။ ကိုယ်လုပ်ခဲ့တဲ့ ကံတွေဟာ အကြောင်းတိုက်ဆိုင်ရင် တစ်ချိန်ချိန်မှာ ပြန်အကျိုးပေးတတ်တဲ့ သဘောဖြစ်တဲ့အတွက် ဘုန်းဘုန်းလုပ်ခဲ့တဲ့ အကျိုးသက်ရောက်မှု တစ်ခုအနေနဲ့ ဘုန်းဘုန်းပြန်ပေးဆပ်ရတဲ့ သဘောပဲလေ။ ယူတဲ့သူကလည်း သူ့ပစ္စည်း သူပြန်ယူသွားတာ ဖြစ်ကောင်းဖြစ်နိုင်သလို သူ့ကံကိုသူ အသစ်ဖန်တီးလိုက်တာလဲ ဖြစ်ကောင်းဖြစ်မှာပါ။ သေချာတာကတော့ ဘုန်းဘုန်းအနေနဲ့ ဒါဟာ ပိုင်ရှင်ပြန်ပေါ်သွားတဲ့သဘော၊ ကိုယ်လုပ်ခဲ့တဲ့ အပြစ်ကို ကိုယ်ပြန်ခံရတဲ့ သဘောဖြစ်တဲ့အပြင် ဒီလုပ်ရပ်ဟာ အများသူငါရှေ့မှာ သူခိုးလူမိသွားတဲ့ သဘောပဲ ဖြစ်ပါတယ်” စသဖြင့် ပြောပြဖြစ်ခဲ့ပါတယ်။ ဘုရားက အပြန်လမ်းမှာတော့ အားလုံးဟာ အတွေးကိုယ်စီနဲ့ တိတ်ဆိတ်ငြိမ်သက်စွာပဲ ကျောင်းကိုပြန်ရောက်လာခဲ့ပါတယ်။ ဘုန်းဘုန်းကတော့ ဒီအကြောင်းကို တွေးမိတိုင်း ကိုယ့်ကိုယ်ကို သူခိုးလူမိသွားသလို ခံစားမိရင်း ရှက်နေမိပါတယ်။

    တစ်ခါတုန်းက ဆရာတော်ကြီးတစ်ပါး အကြောင်းကို ဖတ်လိုက်မိပါတယ်။ တစ်နေ့ အဲဒီဆရာတော် သီးတင်းသုံးနေတဲ့ကျောင်းကို သူခိုးကဝင်ခိုးပြီး ဆရာတော်ရဲ့ နဝကမ္မအလှူတော်တွေနဲ့ အသုံးအဆောင်ပစ္စည်း အချို့ကို ခိုးယူသွားတယ်လို့ ဆိုပါတယ်။ ဒါကို ဆရာတော်နဲ့ အတူနေတဲ့ ကပ္ပိယက ဆရာတော်ကျောင်း သူခိုးတက်ခိုးသွားတဲ့အကြောင်း ကျောင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေရော၊ ကျောင်းကိုလာတဲ့ ဒကာဒကာမတွေကိုပါ လိုက်ပြောဖြစ်နေတယ်တဲ့လေ။ အဲဒါကို ဆရာတော်ကြီးက သိတော့ ရှက်လွန်းလွန်းလို့ဆိုပြီး ကပ္ပိယကို အဲဒီအကြောင်း လိုက်မပြောဖို့နဲ့ ကပ္ပိယကြီးလုပ်တာနဲ့ ဘုန်းကြီးတောင် သူခိုးမှန်း လူသိကုန်ပြီလို့ ပြောဆိုရှင်းပြ ဖြစ်တယ်လို့ အဲဒီစာအုပ်မှာ ရေးသားထားပါတယ်။

    ဆရာတော်ကြီး အကြောင်းကို ဖတ်လိုက်မိတုန်းက သိပ်ပြီး သတိမထားမိခဲ့ပေမယ့် အခုလို ဘုန်းဘုန်းကိုယ်တိုင် ကြုံတွေ့ရတော့မှ ကိုယ်ကိုယ်တိုင် သူခိုးဖြစ်မှန်းမသိ ဖြစ်သွားရတဲ့အဖြစ်ကို သတိပြုမိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘုန်းဘုန်းကိုယ်တိုင် ကိုယ့်ပစ္စည်းတစ်ခုခု ပျောက်သွားတဲ့အခါ၊ သူများက ကိုယ့်ပစ္စည်းတစ်ခုခု ချေးငှါးပြီး ပြန်မပေးတဲ့အခါ၊ ကိုယ့်ဆီက တစ်စုံတစ်ခုကို လိမ်လည်ယူဆောင်သွားတာမျိုးနဲ့ ကြုံတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုပဲ သံဝေဂယူကာ ဖြေဆည်ရင်း ဒီဘဝရဲ့ လုပ်တဲ့အလုပ်တွေမှာ အပြစ်ကင်းအောင် ကြိုးစားပြီး လုပ်ဖြစ်နေခဲ့ပါတယ်။ ကိုယ်ခံရတဲ့ အကြောင်းအရာတွေကို သူများတွေကို လိုက်ပြောနေရင် ကိုယ်လည်းပဲ တစ်ချိန်ချိန်က ဒီလိုအလုပ်တွေကို လုပ်ခဲ့တယ်ဆိုတာ ထုတ်ပြရာ ရောက်နေသလို ခံစားမိတဲ့အတွက် တော်ရုံကိစ္စကို ဘယ်သူ့ကိုမှ မပြောဖြစ်ဘဲ ကိုယ့်ရဲ့ကံအကျိုးကို ကိုယ်ကိုယ်တိုင်ပဲ ခံနိုင်အောင် ကြိုးစားနေဖြစ်ခဲ့ပါတယ်။

    ဟုတ်ပါတယ်။ ဘဝမှာ လူတိုင်းလူတိုင်း ကိုယ့်ပစ္စည်းတစ်ခုခု ပျောက်သွားဖူးတာ၊ ကိုယ့်ကိုသူများက လိမ်သွားဖူးတာ စတာတွေကို အနည်းနဲ့အများ ကြုံဖူးကြမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ကြုံတဲ့အခါ လူအတော်များများက ကိုယ့်ကိုယ်ကို ပြန်ပြီးဆင်ခြင်တတ်တဲ့ သဘောမရှိဘဲ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဆိုကာ သူများကိုပဲ အပြစ်ပုံချတတ်တဲ့ သဘောတွေ ရှိတတ်ပါတယ်။ အမှန်တော့ ဒါဟာ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတဲ့ နိယမအတိုင်း အကောင်းအဆိုး တစ်မျိုးမျိုးရဲ့ အကျိုးသက်ရောက်မှုဟာ ကိုယ်ကိုယ်တိုင်ရဲ့ စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ တန်ပြန်သက်ရောက်မှုဆိုတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ တစ်ချိန်ချိန်က ကိုယ်လုပ်ခဲ့တဲ့ ကံတွေရဲ့ အကျိုးသက်ရောက်မှုဟာ အခုအချိန်မှာ အကျိုးပေးချိန်တန်လို့ အကျိုးပေးတဲ့ သဘောမျိုးကို သုံးသပ်ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

    သေချာတွေးကြည့်ရင် ပစ္စည်းဥစ္စာရဲ့ သဘောဟာ ထိုက်မှရတတ်တဲ့ သဘောရှိသလို ကိုယ့်ဥစ္စာမှန်ရင်လည်း ဘယ်လိုနေရာမျိုးမှာပဲ ထားထား ပျောက်သွားတတ်တဲ့ သဘောမရှိတတ်ပါဘူး။ ဘယ်သူက ယူသွားယူသွား ကိုယ့်ရဲ့ အတိတ်လုပ်ရပ် မပါဘူးဆိုရင် အချိန်တန် ကိုယ့်ဆီကို ပြန်ရောက်လာတတ်တဲ့ သဘော ရှိတတ်ပါတယ်။ အဲ ကိုယ့်ဥစ္စာမဟုတ်ဘူး၊ ကိုယ်နဲ့မထိုက်တန်တော့ဘူး ဆိုရင်လည်း ဘယ်နေရာ၊ ဘယ်လောက်ကောင်းတဲ့ အရာမျိုး ဖြစ်ပါစေ အချိန်တန်ရင် တစ်နည်းနည်းနဲ့ ပျောက်ပျက်သွားကြတာတွေပဲ ဖြစ်ပါတယ်။ တစ်ခုခုကို ရယူပိုင်ဆိုင်ဖို့ လုပ်ကြတဲ့ အခါမှာလည်း ဒီဘဝလုပ်နေတဲ့ အလုပ်ဆိုတဲ့ ကံတရားရယ်၊ တစ်ချိန်ချိန်က လုပ်ခဲ့တဲ့ အလုပ်ဆိုတဲ့ ကံတရားတွေရဲ့ ဖေးမမှုတွေက အများကြီး အထောက်အကူ ပြုထားတာတွေ ရှိနေတတ်တဲ့အတွက် ပစ္စည်းဥစ္စာ တည်တံ့တာ၊ ပျောက်ဆုံးတာတွေနဲ့ ကြုံတွေ့တဲ့အခါ ကိုယ့်ကိုယ်ကို သတိပြုဆင်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

    တစ်ခါတစ်လေ ဘာပဲလုပ်လုပ် အဖတ်မတင် ဖြစ်နေတဲ့သူတွေ၊ ဘယ်သူ့ကိုပဲ ပေးပေး ပြန်မရဘဲ ပျောက်ပျက်သွားတဲ့သူတွေ၊ သူများခိုးတာ၊ သူများလိမ်တာကို ခဏခဏ ခံရတဲ့သူတွေနဲ့ တွေ့ဆုံဖြစ်ခဲ့ဖူးပါတယ်။ သူတို့တွေဟာ ဒီဘဝမှာ သူများတွေအပေါ်မှာလည်း ယုတ်မှာတဲ့ လုပ်ရပ်တွေ၊ လိမ်ညာကောက်ကျစ်တတ်တဲ့ သဘောတွေ မရှိဘဲနဲ့ သူတို့ကိုကျတော့ သူများက အမျိုးမျိုး ပြုမူဆက်ဆံ သွားတာတွေ ရှိနေကြတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။ သူတို့ဘက်ကပြောရရင် ဒါဟာ အလွန်ခံပြင်းစရာ၊ ကံတရားရဲ့ မျက်နှာသာပေးမှုဟာ သံသယ ဖြစ်စရာ ဖြစ်နေပေမယ့် သေချာတွေးကြည့်ရင် အခုဘဝမှာ သူတို့မဟုတ်တာ မလုပ်ခဲ့ပေမယ့် အတိတ်တစ်ချိန်ချိန်က သူတို့လုပ်ခဲ့ဖူးတဲ့ အလုပ်တွေရဲ့ သက်ရောက်မှုဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ ကံကို ပုံချတာ မဟုတ်ပေမယ့် ကံတရားရဲ့ ဆန်းကြယ်မှုကိုတော့ လက်ခံကြရမှာ ဖြစ်ပါတယ်။

    ဘဝမှာ ဒီဘဝရဲ့ ကြိုးစားအားထုတ်မှုဟာ အဓိကကျပေမယ့် အတိတ်ဘဝ တစ်ခုခုက လုပ်ခဲ့တဲ့ ကံတရားရဲ့ သက်ရောက်မှုဟာလည်း လျစ်လျူရှုလို့ မရတာကို ထည့်တွက်ကြရမှာ ဖြစ်ပါတယ်။ ကံရယ်၊ ဉာဏ်ရယ်၊ ဝိရိယရယ် ဆိုတဲ့ ဒီအကြောင်းတရား သုံးမျိုးဟာ သတ္တဝါ တစ်ဦးဦးရဲ့ အကျိုးပေးသက်ရောက်မှုကို အထူးပြု ပေးတာဖြစ်တဲ့အတွက် ဝီရိယကို ဉာဏ်နဲ့ယှဉ်ပြီး ကံတရားအပေါ် သတိထားကာ ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ ကံမရှိ ဉာဏ်ရှိတိုင်းမွဲဆိုသလို ကံတရားရဲ့ သက်ရောက်မှုတွေဟာလည်း ဘဝမှာ အများကြီး ပဲ့ကိုင်ထားတာ ဖြစ်တဲ့အတွက် လက်တွေ့ဘဝမှာ လုပ်ရမယ့် ဉာဏ်နဲ့ယှဉ်တဲ့ ကြိုးစားအားထုတ်မှုကို အရင်းတည်ပြီး ကြိုးစားတဲ့အတိုင်း ဖြစ်မလာခဲ့ရင်လည်း ကိုယ့်ရဲ့ကံတရားကို ဆင်ခြင်ကာ ပြုပြင်နေထိုင်နိုင်ကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘဝမှာ တစ်ခုခုကို ဆုံးရှုံးသွားတဲ့ အခါတိုင်း ကိုယ့်ကံကိုဆင်ခြင် ကိုယ့်ကိုယ်ကိုပဲ သက်သောင့်သက်သာ ဖြစ်အောင် ပြုပြင်ကြရမှာ ဖြစ်ပါတယ်။

    ဆိုလိုတာက “လူအတော်များများဟာ ဘဝမှာ ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ၊ ရှိထားတာတွေ ပျောက်ပျက်သွားတဲ့အခါ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် စသဖြင့် သူများကို အပြစ်ပုံချကာ အလွန်အကျွံ စိတ်ဒုက္ခ ခံစားမှုတွေ ရှိတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုတော့ ပြန်ပြီးဆင်ခြင်မှု အားနည်းတတ်ကြောင်း၊ ဒီလို အကျိုးသက်ရောက်မှုတွေဟာ တစ်ချိန်ချိန်က ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေရဲ့ တန်ပြန်သက်ရောက်မှု အကျိုးတရားတွေကြောင့်လည်း ဖြစ်နိုင်တာကို သတိပြုဆင်ခြင်မှု အားနည်းတတ်ကြောင်း၊ အဲဒီလို ကိုယ့်ကိုယ်ကို သတိမပြုမိတဲ့အတွက်ကြောင့် ဘဝမှာ တစ်ခုခုပျောက်ပျက်သွားတဲ့အခါ မကောင်းတာတွေနဲ့ ကြုံတွေ့တဲ့အခါ အရမ်းခံစားမှု ဖြစ်ကြခြင်း ဖြစ်ကြောင်း၊ အမှန်ဖြစ်သင့်တာက အဲဒီလို ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း မဖြစ်ဘဲ ကိုယ့်ရှိတာတွေ ပျောက်ပျက်သွားတဲ့အခါ ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ပြီး ကိုယ့်ကံကိုမြင်ကာ ကိုယ်ကိုယ်တိုင်ပဲ ပြင်ကြရမှာ ဖြစ်ကြောင်း” စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

    ဒါကြောင့် စာဖတ်သူတွေအနေနဲ့လည်း ဘဝမှာ ကိုယ့်ကိုသူများက ယုတ်မာသွားတဲ့အခါ၊ ကိုယ့်ပစ္စည်းကို သူများက ခိုးယူသွားတဲ့အခါ၊ ကိုယ့်ရှိတာကို လိမ်ညာပြီး ယူသွားတာကို ခံရတဲ့အခါ စတဲ့အခါမျိုးတွေမှာ ဒီဘဝမှာ ဥပဒေအကြောင်းအရ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုအပ်ပေမယ့် တစ်ဖက်ကလည်း အတိတ်ဘဝတစ်ခုခုက ကိုယ်လုပ်ခဲ့ လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုအဖြစ် ကိုယ့်ကိုယ်ကိုဆင်ခြင်ပြီး ကိုယ့်စိတ်ကိုကိုယ် သက်သောင့်သက်သာဖြစ်အောင် ကြိုးစားရင်း ကိုယ်ကိုယ်တိုင် သူခိုးဖြစ်ခဲ့ဖူးတာ၊ ကိုယ်ကိုယ်တိုင် လူလိမ်ဖြစ်ခဲ့ဖူးတာ စတာတွေနဲ့ ဖြေတွေးတွေးကာ နောက်နောင်မှာ ဒါမျိုးအဖြစ်တွေ မကြုံရအောင် ခုအချိန်မှာပဲ လုပ်သမျှအလုပ်တွေမှာ အပြစ်ကင်းအောင်း လုပ်ကြရမှာ ဖြစ်ပါကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။

    စိတ်အားဖြည့် စကားစုလေးများ (၃)…

    တရားအားထုတ်တယ်ဆိုတာ…
    တရားအားထုတ်တယ်ဆိုတာ တကယ်တော့ “တရားတဲ့ အားတွေ ထုတ်တာပါ”ပဲ။ ကိုယ့်သန္တာန်မှာရှိတဲ့ မတရားတဲ့ အားတွေ အပြင်မထွက်အောင် မတရားတဲ့ အားတွေ မပေါ်အောင် တရားတဲ့အားတွေနဲ့ အနိုင်ယူတာကို တရားအားထုတ်တယ်လို့ ဆိုတာပါ။ မတရားတဲ့ အားဆိုတာ တခြားမဟုတ်ပါဘူး။ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသားတရားတွေကို ပြောတာပါ။ ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတွေ မပြတ်ဖြစ်နေတဲ့ အတွက်ကြောင့် ပုထုဇဉ်လို့ ဆိုတဲ့အတိုင်း ပုထုဇင်များမှာ ကိလေသာတရားများ အမြဲမပြတ် တိုးတက်ဖြစ်ပွား နေတတ်ပါတယ်။ တစ်နေ့တစ်နေ့ ပြန်တွေးကြည့်လိုက်ရင် မတရားတဲ့ အားတွေဖြစ်တဲ့ ကိလေသာတွေနဲ့သာ အချိန်ကုန်နေတတ်တာကို တွေ့ရပါတယ်။ အချိန်မရွေး သူများကိုကြည့်ပြီး၊ သူများပိုင်ဆိုင်တာတွေကြည့်ပြီး လောဘဖြစ်လိုက်၊ အလိုမကျတာတွေနဲ့ တွေ့တဲ့အခါ ဒေါသဖြစ်လိုက်၊ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ မာနတွေဖြစ်လိုက်၊ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်တဲ့ မောဟဖြစ်လိုက် စသည်စသည်ဖြင့် နေ့စဉ်မပြတ် တစ်မျိုးပြီးတစ်မျိုး အကုသိုလ် ကိလေသာတွေ ဖြစ်နေတဲ့အတွက် တရားတာတွေ ပျောက်ပျောက်နေပြီး မတရားတာတွေပဲ ရောက်ရောက်နေတတ်ပါတယ်။ ဒါဟာ ပုထုဇင်တွေရဲ့ သဘာဝပါပဲ။ ဒါကြောင့် ဒီမတရားတဲ့ ကိလေသာတွေ မဖြစ်အောင်၊ မတရားတဲ့ အားတွေအဖြစ်နည်းအောင် တရားတဲ့အားတွေ ထုတ်ကြတာ ဖြစ်ပါတယ်။ ဒါကိုပဲ တရားအားထုတ်တယ်လို့ ဆိုကြခြင်းပါ။

    ဉာဏ်ဝီရိယ ပြည့်စုံမှ ကံကကူညီမည်…လူဟာ ဘုန်းကံကြီးမားပြီး အရာရာကို ဖန်တီးနိုင်တဲ့ သူဖြစ်သော်လည်း ကံ ဉာဏ် ၀ီရိယတို့ကို အသုံးပြုပြီး ရရှိလာတဲ့ ဘ၀ကို တန်ဘိုးရှိအောင် အသုံးမပြုနိုင်ရင် လူပီသတဲ့ လူလို့မဆိုနိုင်ပါဘူး။ တချို့ လူ့ဘ၀ကို ရလာပေမယ့် ရရှိလာတဲ့ ဘ၀ကို ဖြစ်သလို နေပစ်လိုက်တတ်ပါတယ်။ အရာရာကို ဖန်တီးနိုင်တဲ့ လူ့ဘ၀မှာ ကိုယ်လိုချင်တဲ့ပုံစံ မဖန်တီးဘဲ တန်ဘိုးမဲ့တဲ့ လူအဖြစ် ဖြုန်းတီးပစ်တတ်ပါတယ်။ ကြိုးစားရင် ဖြစ်နိုင်တဲ့ ဘ၀ကို မကြိုးစားဘဲ ကံကိုသာ အပြစ်ပုံချတတ်ပါတယ်။ ကံ မကောင်းပါဘူးလို့ဆိုကာ ကိုယ့်ရဲ့ ပစ္စုပ္ပန် အစွမ်းကို မေ့ထားလိုက်ကြပါတယ်။ ဉာဏ်နဲ့ ၀ီရိယကိုပယ်ပြီး အတိတ်ကံ မကောင်းလို့ ဒီလိုဘ၀မျိုး ဖြစ်နေရတာလို့ ဘာမှမလုပ်ဘဲ မခိုင်လုံတဲ့ အကြောင်းပြများနဲ့ပဲ အဖော်ပြုနေကြပါတယ်။ တကယ်တော့ လူအဖြစ် မွေးဖွားပေးလိုက်တာနဲ့တင် အတိတ်ကံ၏ အကျိုးပေးမှု ပြီးဆုံးသွားပါပြီ။ ပစ္စုပ္ပန် တိုးတက်ဖို့ အတွက်ကတော့ ပစ္စုပ္ပန်မှာ လုပ်ရမယ့် လူရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အမှန်တော့ ကံဆိုတာ အလုပ်ကို ဆိုတာဖြစ်တဲ့အတွက် အလုပ်ကောင်းရင် ကံကောင်းမှာဖြစ်ပြီး အလုပ်ဆိုးရင်တော့ ကံဆိုးမှာပဲပေါ့။ ဒါကြောင့် ကံရဲ့အကျိုးပေးကောင်းကို လိုချင်ရင် ဉာဏ်ဝီရိယနဲ့ပဲ ကြိုးစားရယူဖို လိုပါတယ်။ ဉာဏ်ဝီရိယ ရှိပါမှ ကံကကူညီမည်လို့ ဆိုတဲ့အတိုင်း စေတနာကောင်းပါတဲ့ ဉာဏ်ဝီရိယနဲ့ ကြိုးစားရင် ကံလည်းကောင်းလာမှာ ဖြစ်ပါတယ်။

    လူ့…လူ…လူး…လူ့ဘ၀ဟာ အရာရာကို ဖန်တီးနိုင်စွမ်းရှိတဲ့ ဘ၀၊ အမြင့်မြတ်ဆုံး ဘ၀၊ တန်ဘိုးအရှိဆုံး ဘ၀ဖြစ်ပေမယ့် အဲဒီဘ၀ကို အချည်းနှီးဖြစ်စေ၊ ပစ္စုပ္ပန် သံသရာ အစစအရာရာတွင် လု့နေ၊ မကောင်းတဲ့ လုပ်ရပ်များကြောင့် မကောင်းတဲ့ ဘုံဘ၀များမှာပဲ လူးနေရတဲ့ ဘ၀များအဖြစ် ပြောင်းလဲပစ်နိုင်တာလည်း လူပဲဖြစ်တဲ့အတွက် လူသားများဟာ လူပီသတဲ့ လူများဖြစ်စေဖို့၊ လုနေရသည့် လူများမဖြစ်စေဖို့နဲ့ လူးနေရတဲ့ လူများမဖြစ်စေဖို့ အသိဉာဏ်ပညာပါတဲ့ အားထုတ်မှုကို လက်ကိုင်ထားပြီး စေတနာကောင်းနဲ့ ကိုယ်လိုချင်တဲ့အရာကို ရအောင်ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရရှိလာတဲ့ တန်ဘိုးရှိတဲ့ လူအဖြစ်ကို လုရင်း၊ လူးရင်းနဲ့ အချိန်မကုန်ကြစေဘဲ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ ကုသိုလ် အကုသိုလ်ကို သိရှိလိုက်နာကျင့်သုံးပြီး စေတနာကောင်းပါတဲ့ လုပ်ရပ်များနဲ့ လူပီသတဲ့ လူများဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

    အစမလုပ်နဲ့ အဆုံးမရှိ ဖြစ်တတ်တယ်…စိတ်ဆိုတာကလည်း သိတဲ့အတိုင်း မကောင်းတဲ့ဘက်မှာပဲ ပျော်မွေ့တတ်ပါတယ်။ ကောင်းတဲ့အလုပ်ကို လုပ်ဖို့ခက်သလောက် မကောင်းတဲ့အလုပ်ကျတော့ အချိန်မရွေး အလွယ်တကူ ထလုပ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့ အလုပ်၊ မကောင်းတဲ့ အကျင့်ဟာ လုပ်ဖို့လွယ်၊ ဖြစ်ဖို့လွယ်တဲ့ အတွက် စပြီးမလုပ်မိအောင် ကြိုးစားဖို့နဲ့ ကောင်းတဲ့အလုပ်၊ ကောင်းတဲ့အကျင့်ကတော့ လုပ်ဖို့ဖြစ်ဖို့ ခက်တဲ့အတွက် ချက်ချင်းထလုပ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ မကောင်းတဲ့အလုပ်၊ မကောင်းတဲ့ အကျင့်ဟာ ဘာမှမဖြစ်လောက်ပါဘူး ဆိုပြီး စမ်းသပ်တဲ့ သဘောနဲ့တောင် မလုပ်မိကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ သူများလုပ်တာတွေ့လို့ လုပ်ကြည့်တာမျိုး၊ သူမျိုးတိုက်တွန်းလို့ လုပ်ကြည့်တာမျိုးကအစ ဘယ်လိုသဘောမျိုးနဲ့မှကို မလုပ်မိကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို စမ်းသပ်တာ၊ စမ်းလုပ်တာကစပြီး နောက်ပိုင်းဖြတ်ဖို့ ခက်လာကာ ဘ၀ကို ဒုက္ခဖြစ်စေနိုင်တဲ့အထိ ဖြစ်သွားတတ်လို့ပဲ ဖြစ်ပါတယ်။

    မာနလေးတွေ လျှော့ကြည့်ပါ…မာနဟာ တက်ကြွခြင်း၊ ထောင်လွှားခြင်း သဘောရှိပါတယ်။ မာနအားကြီးလာရင် အရိုအသေ ပြုတတ်တဲ့ ဂါရ၀တရားတွေ ခေါင်းပါးလာတတ်ပါတယ်။ မာနကြီးလာရင် ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နိဝါတ တရားတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ ဂါရ၀၊ နိဝါတဆိုတာ မင်္ဂလာ တရားတော်တွေပါ။ မာနကြောင့် ဒီမင်္ဂလာတရားတွေ မရှိဖြစ်လာရင် ကိုယ့်သန္တာန်မှာ ကျက်သရေ မရှိဖြစ်လာတာနဲ့ အတူတူပါပဲ။ မင်္ဂလာမရှိဘူးဆိုရင် အမင်္ဂလာပဲပေါ့။ အမင်္ဂလာဆိုတာ အကုသိုလ်ပါပဲ။ ဒါဆိုရင် မင်္ဂလာမရှိတဲ့သူဟာ အကုသိုလ်ရှိနေတဲ့သူပဲပေါ့။ သေချာဆက်စပ် တွေးကြည့်လိုက်တော့ မာနတရား လက်ကိုင်ထားမိတဲ့ အတွက် ကိုယ်ကိုယ်တိုင် အကုသိုလ်ကောင်ကြီး ဖြစ်မှန်းမသိ ဖြစ်နေတော့တာပါ။ မာနဆိုတဲ့ ကိလေသာဟာ သူ့ကိုစွဲကိုင်ထားတဲ့ သူတွေကို မင်္ဂလာမရှိအောင်၊ အကုသိုလ်ကောင် ဖြစ်အောင်အထိ တွန်းပို့နိုင်တဲ့အတွက် မာနတရားဟာ မထားသင့်၊ မရှိသင့်တဲ့အရာ ဖြစ်ပါတယ်။ တကယ်တော့ ပညာတွေ ဘယ်လောက်တတ်တတ် မာနကြီးပါက အရိုအသေမဲ့တတ်ပါတယ်။ ရုပ်အဆင်းအင်္ဂါ ဘယ်လောက်ပဲလှလှ မာနကြီးပါက စက်ဆုတ်ရွံ့ရှာခံရ တတ်ပါတယ်၊ ရာထူးဌာနန္တရ ဘယ်လောက်ပဲကြီးကြီး ခက်ထန်မောက်မာပါက အမုန်းခံရတတ်ပါတယ်။ စာသင်စာပြ တရားဟော တရားပြ ဘယ်လောက်ပဲ ကောင်းကောင်း မာနကြီးပြီး ခက်ထန်မောက်မာပါက အကဲ့ရဲ့ခံကာ ရှောင်ပယ်ခံရတတ်ပါတယ်။ ဒါဟာ မာနရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မဖြစ်အောင် မာနလေးတွေ လျှော့ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

    တကယ့်ဒုက္ခငြိမ်းရာဆိုတာ…တစ်ချို့ဆင်းရဲ့တဲ့ နိုင်ငံက လူများက ချမ်းသာတဲ့ နိုင်ငံကိုအားကျကြ၊ ချမ်းသာတဲ့သူတွေကို ကြည့်ပြီး “သူတို့တွေ ဒုက္ခငြိမ်းလိုက်ကြတာ”လို့ ဆိုတတ်ကြပါတယ်။ တကယ်တော့ နာမ်ရုပ်နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ သတ္တ၀ါတွေ မှန်သမျှ ဘယ်နေရာ၊ ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာပဲရှိရှိ ဒုက္ခငြိမ်းတယ်ဆိုတာ မရှိပါဘူး။ ဒုက္ခကိုယ်စီပိုက်ပြီး နေနေကြသူတွေပဲ ဖြစ်ပါတယ်။ ခန္ဓာဝန်လက်စ မသိမ်းသေးသမျှ ဒုက္ခငြိမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ထပ်တစ်ဖန် ဘ၀သစ်ကို မဖြစ်စေနိုင်တော့တဲ့ ကိလေသာကုန်ခမ်း နိဗ္ဗာန်လမ်းကို မရောက်သေးသမျှ ခန္ဓာဝန်လက်စ သိမ်းနိုင်မှာ မဟုတ်ဘဲ ခန္ဓာရှိနေသူမှန်သမျှ ဒုက္ခငြိမ်းတယ်ဆိုတာ မရှိပါဘူး။ သူ့ဒုက္ခနဲ့ သူဆိုတာ ရှိနေကြတာပါပဲ။ မရှိတောင့်တ၊ ရှိကြောင့်ကြလို့ ဆိုသလို မရှိတော့လဲ မရှိလို့တဲ့အလျှောက်၊ ရှိတော့လည်း ရှိတဲ့အလျှောက် ဒုက္ခဖြစ်တာပါပဲ။ အမှန်အကြွင်းမဲ့ ဒုက္ခငြိမ်းစေနိုင်တာကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ကိလေသာတွေငြိမ်းမှ အလုံးစုံငြိမ်းမှာပါ။ ဒါကြောင့် တကယ့်ဒုက္ခငြိမ်းရာဟာ ကိလေသာအပေါင်း ငြိမ်းရာပါလို့ ဆိုခြင်းဖြစ်ပါတယ်။

    ကိုယ်ကျင့်သီလ…ပါးစပ်က ဗုဒ္ဓဘာသာလို့ ဘယ်လောက်ပဲ ပြောပြော၊ သီလတွေ ဘယ်လောက်ပဲ ယူယူ လက်တွေ့အားဖြင့် ကိုယ်ကိုယ်တိုင် ရအောင်မကျင့်နိုင်သေးရင်တော့ ကိုယ်ကျင့်သီလတွေ ရနေတယ်၊ တည်နေတယ်လို့ မပြောနိုင်သေးပါဘူး။ ကိုယ်ကျင့်မှ ကိုယ်ရမှာဖြစ်တဲ့ ဒီသီလဟာ ကိုယ်ကိုယ်တိုင်ပဲ လုပ်ယူရပါတယ်။ သူများပေးလို့ မရပါဘူး။ တောင်းပြီးယူရတဲ့ အရာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ကျင့်သုံးပြီး ရယူရတဲ့ အရာဖြစ်ပါတယ်။

    မဖြစ်ပါရစေနဲ့…ပုထုဇင်တွေဟာ အမြဲလိုချင်နေတတ်၊ ရချင်နေတတ်၊ ဖြစ်ချင်နေတတ်ပါတယ်။ ဒါကြောင့်လည်း ဘာလေးပဲလုပ်လုပ် လိုချင်ဖြစ်ချင်ရချင်တဲ့ စိတ်ဆန္ဒတွေနဲ့ တောင့်တကြပါတယ်။ ဒီစိတ်ကြောင့်ပဲ ဘာကုသိုလ်လေးပဲ လုပ်လုပ် ဖြစ်ပါရစေ၊ ရပါရစေ စသဖြင့် ဆုတောင်းလေ့ရှိကြပါတယ်။ ဖြစ်ချင်တာတွေက များတဲ့အတွက် ကုသိုလ်လေးကနဲနဲ တောင်းတာတွေက အများကြီး ဖြစ်နေကြပါတယ်။ ကုသိုလ်ကောင်းမှုလုပ်တဲ့သူ အတော်များများရဲ့ အသံတွေ နားထောင်လိုက်ရင် သူတို့ပြုတဲ့ ကုသိုလ်အပေါ် ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ တောင်းနေကြတာကို ကြားနေရမှာပါ။ မဖြစ်ပါရစေနဲ့လို့ ဆုတောင်းပြီး ကုသိုလ်လုပ်သူ အတော်ရှားလှပါတယ်။ တကယ်လို့ မဖြစ်မနေ တောင်းချင်တယ်ဆိုရင်လည်း ဖြစ်ပါရစေလို့ တောင့်တနေမယ့်အစား လောဘမဖြစ်ဖို့၊ ဒေါသမဖြစ်ဖို့၊ မောဟမဖြစ်ဖို့၊ မာနမဖြစ်ဖို့၊ ဣဿာ၊ မစ္ဆရိယမဖြစ်ဖို့ စသဖြင့် တောင်းတာက ပိုပြီးအဓိပ္ပါယ်ပြည့်ဝ၊ အနှစ်သာရ ရှိပါတယ်။ ဖြစ်ပါရစေလို့ပဲ ဆုတောင်းဆုတောင်း မဖြစ်ပါရစေနဲ့လို့ပဲ တောင့်တတောင့်တ အမှန်တော့ နှစ်ခုလုံး တောင့်တတာတွေပါ။ ဒါပေမယ့် ဖြစ်ပါစေလို့ တောင့်တမှုကတော့ သံသရာရှည်မှုကို ဖြစ်စေတတ်ပြီး မဖြစ်ပါရစေနဲ့လို့ တောင့်တမှုကတော့ လွတ်မြောက်မှုကို ဦးတည်စေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆုတောင်းနေ့ဖို့ထက် လက်တွေ့ကျင့်ကြံဖို့က အရေးကြီးပါတယ်။ ဒီလို ကျင့်ကြံတဲ့အခါမှာတော့ ဦးတည်ချက် မှန်ဖို့လိုပါတယ်။ တစ်ချို့ ကုသိုလ်တွေ အမျိုးမျိုး လုပ်ကြပါတယ်။ ဒီလိုလုပ်နေကြပေမယ့် ဦးတည်ချက်ကတော့ လူ့စည်းစိမ် နတ်စည်းစိမ် စတာတွေကို ရစေဖို့ဖြစ်နေပါတယ်။ တစ်ချို့ကျတော့ ဒီစည်းစိမ်တွေကို မရည်ရွယ်ပါဘူး။ လောဘကင်းမှု၊ ဒေါသကင်းမှု၊ မောဟကင်းမှု၊ နိဗ္ဗာန်မျက်မှောက်ပြုမှုတွေကို ဦးတည်ပါတယ်။ ဒီဦးတည်ချက်နဲ့ပဲ ဖြစ်ပါရစေဆိုတာတွေနဲ့ ဆန့်ကျင်ပြီး မဖြစ်ပါရစေနဲ့ ဆိုတာကို ရည်ရွယ်ကြပါတယ်။ ဒီလို မဖြစ်ပါရစေနဲ့လို့ ရည်ရွယ်မှုကတော့ လွတ်မြောက်မှုအတွက် ဦးတည်ချက်ကောင်း ဖြစ်စေပါတယ်။ ဒါကြောင့် ဖြစ်ပါရစေဆိုတာထက်၊ မဖြစ်ပါရစေက ပိုကောင်းပါတယ်။

    အသေကောင်းဖို့်…လောကသားတွေဟာ နေဖို့အတွက် ကြိုးစားကြသလို သေဖို့အတွက်လည်း ကြိုးစားသင့်ကြပါတယ်။ အနေကောင်းအောင် ပြင်ဆင်ကြသလို အသေကောင်းအောင်လည်း ပြင်ဆင်ကြဖို့ လိုပါတယ်။ နေတဲ့အခိုက်မှာ မတောင့်မတ မကြောင့်မကျ နေနိုင်အောင် အားထုတ်ကြသလို သေတဲ့အခိုက်မှာလည်း မပူမပင် မပင်မပန်း သေနိုင်အောင် အားထုတ်သင့်ကြပါတယ်။ မတောင့်မတ နေနိုင်အောင် ရှာဖွေကြရင်း မကြောင့်မကျ သေနိုင်အောင်လည်း ရှာသင့်ပါတယ်။ ဆိုလိုတာက ဘ၀နေဖို့အတွက် ငွေကြေးပစ္စည်းဥစ္စာ ရအောင်ရှာရင်း နေခြင်းရဲ့နောက် သေခြင်းအတွက်လည်း သတိတရား လက်ကိုင်ထားနိုင်အောင် တရားတစ်ခုခု ရအောင်ရှာသင့်ပါတယ်။ ဒီလိုအသေကောင်းဖို့ တရားရှာတဲ့အခါ အကောင်းဆုံကတော့ ၀ိပဿနာ တရားပဲကောင်းပါတယ်။ ၀ိပဿနာ အားထုတ်ဖူးတဲ့သူ သတိပဋ္ဌာန်တစ်မျိုးမျိုးကို အထူးပြု အားထုတ်ဖူးသူတွေဟာ အနေကောင်းနေသူတွေဖြစ်ပြီး အသေကောင်းသူတွေဆိုလည်း မမှားပါဘူး။ တရားအားထုတ်ထားတဲ့ သူတစ်ယောက်အဖို့ သာမန်သူတွေ မခံနိုင်တဲ့ အကောင်းအဆိုး လောကဓံတွေကို ကောင်းကောင်းခံနိုင်ရည် ရှိလာကြပါတယ်။ လောကသားတွေ ဒုက္ခရောက်ကြ၊ ပျက်စီးကြတယ်ဆိုတာလည်း ဒီလောကဓံကို မခံနိုင်ကြလို့ပဲ ဖြစ်ပါတယ်။ တရားအားထုတ်ခြင်းဖြင့် လောကဓံကို ခံနိုင်ရည် ရှိနေတဲ့သူဟာ ဘာအခက်အခဲမဆို ခံနိုင်ရည်ရှိနေတဲ့ အနေကောင်းသူတွေ ဖြစ်နေကြပါတယ်။ ဒီအလုပ်ကို အားထုတ်ရင်း ဒီအတိုင်းပဲ အမှတ်သတိ မပြတ်ရှိသွားမယ်ဆိုရင် အသေလည်းကောင်းမှာ သေချာပါတယ်။

    ဥပေက္ခာပြုလိုက်ပါ…လောကမှာ လုပ်ယူလို့၊ ပြုပြင်လို့ မရတဲ့ အရာတွေ၊ မရတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒါမျိုးကို မရရအောင် ပြုပြင်နေရင် ကိုယ်ပဲစိတ်ပင်ပန်း လူပင်ပန်း ဖြစ်တတ်ပါတယ်။ ကိုယ့်လမ်း ကိုယ်လျှောက်နေချိန်မှာ သူတစ်ပါးကို အမှီပြုပြီး ကိုယ်ကိုယ်တိုင်ပါ နစ်မွန်းလာနိုင်ပါက အဲလိုအရာမျိုး၊ အဲလိုလူမျိုးကို ရှောင်ဖို့လို၊ ဥပေက္ခာပြုလိုက်ဖို့ လိုပါတယ်။ အမှန်တော့ ဥပေက္ခာပြုတယ်ဆိုတာ သူတစ်ပါးကို အမှီပြုပြီး ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်အောင် နေလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ကုသိုလ်မရချင် နေပါစေ အကုသိုလ် မဖြစ်ဖို့တော့ လိုပါတယ်။ တစ်ခါတစ်လေ ဥပေက္ခာပြုကြည့်လိုက်လို့ အပြုခံရတဲ့သူဟာ နောင်တရပြီး ပြုပြင်ပြောင်းလဲ သွားတတ်တာလည်း ရှိပါတယ်။ သေချာတာကတော့ ဥပေက္ခာပြုလိုက်တဲ့အတွက် ကိုယ်ကိုယ်တိုင် အရင်ဆုံး သက်သောင့်သက်သာ ဖြစ်သွားတယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါကြောင့် တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို အကြောင်းပြုလို့ အကုသိုလ်ဖြစ်မယ်၊ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် လစ်လျူရှုနိုင်အောင်၊ ဥပေက္ခာပြုနိုင်အောင် ကြိုးစားကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

    ကံမသိ မှန်ကြည့်ပါ…မှန်ဟာ ကြည့်သူများကို အရှိအတိုင်း ထင်ရှားစေသလို ကံတရားဟာလည်း ပြုသူများကို မျက်နှာလိုက်ခြင်း၊ မျက်နှာသာပေးခြင်း မရှိဘဲ အရှိအတိုင်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။ မှန်ပါတယ်။ မှန်ကြည်တဲ့အခါ မြန်မာပဲကြည့်ကြည့် ကိုရီးယားပဲကြည့်ကြည့်၊ အမေရိကန်ပဲကြည့်ကြည့်၊ ဂျပန်ပဲကြည့်ကြည့်၊ ဖြူသူပဲကြည့်ကြည့် မဲသူပဲကြည့်ကြည့် ဘယ်သူပဲကြည့်ကြည့် မှန်မှာ်ပေါ်လာတဲ့ ထင်ဟပ်မှုဟာ အရှိအတိုင်းပင် ဖြစ်ပေါ်စေသလို ကံတရားဟာလည်း ဘယ်နိုင်ငံ၊ ဘယ်လူမျိုးက ဘာအလုပ်ကိုပဲ လုပ်လုပ် တန်ပြန်အကျိုးသက်ရောက်မှုမှာ အဲဒီသူတို့ ပြုတဲ့အတိုင်း၊ သူတို့စိတ်စေတနာ အတိုင်းပဲ ဖြစ်ပေါ်စေပါတယ်။ ကံတရားရဲ့ အကျိုးပေးမှုမှာ ဂုဏ်ပကာသနမရှိ၊ ရာထူးဌာနန္တရမရှိ၊ ပစ္စည်းဥစ္စာမရှိ သတ္တ၀ါမှန်သမျှအပေါ် တစ်ပြေးညီတည်းပါပဲ။ ဒါကြောင့် ကိုယ်ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ကိုပြန်ပြီ အကျိုးသက်ရောက်မှု ဖြစ်စေမှာဖြစ်တဲ့အတွက် မှန်ကြည့်ပြီး လုပ်ကြဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။

    နဲနဲလေးတော့ လွဲနေတယ် (၃)...

    ဂြိုဟ်တိုင်များနဲ့ ဗုဒ္ဓဘာသာ…
    လွဲနေတာလေးတွေ ပြောရင်းနဲ့ နောက်ထပ်အလွဲတစ်ခု ပြောစရာ ပေါ်လာပြန်ပါတယ်။ အဲဒါက စေတီပုထိုးများနဲ့ ဂြိုဟ်တိုင်များကိစ္စ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားတယ်၊ ဘုရားသွားတယ်နဲ့ တကယ်တော့ ဘုရားသွားပြီး ဘုရားအာရုံပြု ရှိခိုးကြတာထက် ဘုရားရောက်ရောက်ချင်း ဂြိုဟ်တိုင်လိုက်ရှာ နေကြတာတွေပါ။ ကိုယ်မွေးတဲ့ မွေးနေ့အလိုက် လုပ်ထားတဲ့ ဂြိုဟ်တိုင်တွေမှာ သွားပြီးဘုရားကို ရေသွားပက်ကြတာ၊ ခေါင်းပေါ်ကနေ ရေလောင်းပေးကြတာ၊ အမွေးတိုင်း၊ ဖယောင်တိုင်းအစည်းလိုက် မီးရှို့ပြီး ဘုရားကို မီးတိုက်ကြတာတွေဟာ ရုပ်ပွားဆင်းတုတော် ဖြစ်တဲ့ဘုရားက ဘာမှ မပြောပေမယ့် သက်ရှိသူတစ်ယောက်သာ ဆိုရင် ထရိုက်လိုက်မှာ အမှန်ပါပဲ။

    ဘုန်းဘုန်းတို့ကျောင်းက အိမ်တော်ရာ ဘုရားဝင်းထဲမှာ ရှိတော့ ဘုရားလာဖူးတဲ့ သူတွေရဲ့ လုပ်ဆောင်ချက်တွေကို တွေ့မြင်နေရပါတယ်။ တွေ့ရုံတင်မဟုတ်ပါဘူး။ ဘုန်းဘုန်းကိုယ်တိုင် ဦးဆောင်ဖွဲ့ပေးထားတဲ့ ဗုဒ္ဓဟူးဝတ်အသင်းက ဗုဒ္ဓဟူးနေ့ မနက်တိုင်း သန့်ရှင်းရေး လုပ်ကြတဲ့ အခါမှာ အသင်းဝင်အချို့ရဲ့ ဂြိုဟ်တိုင်နားက မခွါနိုင်တာတွေကိုလည်း သတိထားမိပါတယ်။ တံမြက်လှဲ၊ ဘုရားပန်းလဲ၊ ရင်ပြင်သန့်ရှင်းရေးတွေ အားလုံးလုပ်ပြီး ကိုယ့်ဂြိုဟ်တိုင် ကိုယ်သွားကာ ဆောင်းတွင်းမနက် စောစောစီးစီး ဘုရားကို ခေါင်းပေါ်ကနေလောင်းလို့ သက်စေ့ရေပက် နေတာတွေကြောင့် သူတို့ကို ပြောပြရပါသေးတယ်။ ကိုယ်ကိုယ်တိုင် ဆောင်းတွင်းကြီးမှာ ခေါင်းပေါ်ကနေ ရေလောင်းကြည့်ပါလားလို့…။ လွဲနေတာတွေပါ။

    ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားကြတယ်ဆိုရင် ဘုရားရင်ပြင်တော်မှာ ရှိတဲ့ စနေ၊ တနင်္ဂနွေ၊ တနင်္လာစတဲ့ ဆိုင်ရာနေ့နံတွေကို အရောက်သွားကာ ဂြိုဟ်တိုင်မှာရှိတဲ့ ဘုရားရုပ်ပွားနဲ့ ရုပ်ပွားတော်အောက်က နဂါး၊ ဂဠုံ၊ ကျားစတဲ့ သတ္တ၀ါတွေကို အဓိကသွားပြီး သက်စေ့ရေလောင်းနေကြတာ တွေ့ဖူးကြမှာပါ။ ကိုယ်ကိုယ်တိုင်လည်း အဲဒီအထဲမှာ ပါရင်ပါနေကြမှာပါ။ ပြောတော့ ဘုရားကို သက်စေ့ရေလှူတာတဲ့။ နောက်ဆုံးတော့ ဗေဒင်ဆရာစကားအတိုင်း လိုက်လုပ်နေကြတာတွေပါ။ ဘုရားကို ရေလှူချင်တယ်၊ ရေသပ်ပယ်ချင်တယ် ဆိုရင်လည်း သက်စေ့တွေ ဘာတွေလုပ်မနေနဲ့ပေါ့။ နေ့နံတွေ ဘာတွေရွေး မနေနဲ့ပေါ့။ သင့်လျော်တဲ့ ရုပ်ပွားဆင်းတုတော်ကို သေသေချာချာ ကျကျနန သန့်သန့်ရှင်းရှင်းလုပ်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကို အာရုံပြုလို့ အပူအအေး သင့်မြတ်တဲ့အချိန်တွေမှာ ရေသပ္ပါယ်သင့်တာပေါ့။ မီးပူဇော်တာလည်း ဒီအတိုင်းပါပဲ။ ဘုရားမီးပူဇော်တယ် ဆိုရင်လည်း ဖယောင်းတိုင် သက်စေ့တွေ ဘာတွေလုပ်မနေနဲ့ ဘုရားရှင်ကို မီးမြိုက်သလို မဖြစ်အောင် ခပ်ဝေးဝေးကနေ ထွန်းညှိပူဇော်ကြပေါ့။ မီးပူဇော်တယ်ဆိုတာ အမှောင်ကျတဲ့အချိန်မှာ ဘုရားကို အလင်းရအောင် ညဘက်ပူဇော်တာဖြစ်ပါတယ်။ ခုတော့ နေ့ခင်းကြောင်တောင်ကြီးလည်း ဘုရားရှေ့နားမှာ ဖယောင်းတိုင်တွေ သက်စေ့ထွန်းပြီး လှူထားတာဟာ မီးပူဇော်တာနဲ့ မတူဘဲ နေ့ခင်းကြောင်တောင် ဘုရားကို မီးတိုက်သလို ဖြစ်နေပါတယ်။ ကိုယ်ကိုယ်တိုင် မီးအပူခံကြည့်ဖို့တောင် လိုနေပါပြီ။ ဒါကြောင့် ဗုဒ္ဓဘာသာတွေ ဘုရားပျောက်နေကြတယ်လို့ တစ်ချို့က ပြောကြတာ ဖြစ်မှာပါ။

    ဟုတ်သင့်သလောက်လည်း ဟုတ်နေပါတယ်။ ရွှေတိဂုံဘုရားသွားပြီး ဘုရားစေတီမှာ ဌပနာထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ဓာတ်တော်ကို အာရုံပြု၊ ဘုရားဂုဏ်ကို နှလုံးသားမှာတည်ကာ ဘုရားရှိခိုး ပူဇော်ရမယ့်အစား ဂြိုဟ်တိုင်သွားပြီး ရေလောင်း၊ မီးတိုက်နေကြတော့ ဘုရားသွားတဲ့ အဓိပ္ပါယ်ပျောက်ကာ ဘုရားသွားပြီး ဘုရားမမြင်ကြတဲ့ သူတွေလို့ ပြောစရာ ဖြစ်ကုန်ပါတော့တယ်။ ဘုရားသွားဖူးတာ မဟုတ်ဘဲ ဘုရားကို အလည်သွားသလို ဖြစ်နေပါတယ်။ ဖြစ်သင့်တာက ဘုရားစေတီ သွားရင်လည်း သင့်လျော်တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရွေးချယ်၊ ဘုရားရုပ်ပွားတော် ဒါမှမဟုတ် စေတီတော်ကို မှန်းကာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ လွှမ်းခြံပြီး ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ၊ တရားထိုင်တာတွေ လုပ်သင့်ပါတယ်။ ဘုရားကို ရေပူဇော်ချင်တယ်၊ မီးပူဇော်ချင်တယ်ဆိုရင်လည်း အပူအအေးမျှတဲ့အခါ၊ အမှောင်ရှိတဲ့အခါမျိုးမှာ သက်တော်ထင်ရှား ဘုရားရှင်ကို ရေသပ်ပယ်ပေးနေသလို၊ ညအမှောင်မှာ ဘုရားရှင်ကို အလင်းဓာတ်နဲ့ ပူဇော်သလို၊ အနံ့အသက်ကောင်းအောင် အမွေးတိုင်နဲ့ ပူဇော်သလို စေတနာအပြည့်နဲ့ ရိုရိုသေသေ လေးလေးစားစား ပြုစုပူဇော်သင့်ပါတယ်။ ဒါမှ ဘုရားသွားခြင်းရဲ့ အဓိပ္ပါယ်ပြည့်ဝပြီး ဂြိုဟ်တိုင်များက ခွါနိုင်မှာ ဖြစ်ပါတယ်။

    ဒါကြောင့် ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာများအနေနဲ့ ဘာသာရေးကို လောကီရေးတွေနဲ့ မရောယှက်ရအောင် လောကီဆရာတွေ အလိုကျ လုပ်မိနေတတ်တဲ့ “ဘုရားအကြောင်းပြကာ ဂြိုဟ်တိုင်များမှာ သွားပြီး စောစောစီးစီး ဆောင်းတွင်းကြီးမှာ ဆင်းတုတော်ကို ရေလောင်းတာတို့၊ နေ့လယ်နေ့ခင်း ဘုရားရှင်ကို မီးတိုက်တာတို့ မလုပ်ကြဘဲ ပုံတော်ကိုမှန်း ဂုဏ်တော်လွှမ်းကာ ရုပ်ပွားဆင်းတုတော်ကို အပူအအေးကင်းတဲ့ အချိန်မှာ သေသေချာချာ ကျကျနန ရေသပ္ပါယ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ အမှောင်ကိုခွင်းဖို့ လိုအပ်တဲ့အချိန်မှာ မီးထွန်းပူဇော်ခြင်း စသည်တို့ကို ပြုခြင်းဖြင့်သာ ဂြိုဟ်တိုင်များက ခွါပြီး ဘုရားသွားခြင်းရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ သက်ရောက်အောင်သာ ကြိုးစားလုပ်ဆောင် သင့်ပါကြောင်း” အလွဲလေးများကို ထောက်ပြရင်း အမှန်းလမ်းကို ကောက်ပြလိုက်ပါတယ်။

    အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့…

    ဆရာတော်ကြီးတစ်ပါးက မိန့်ကြားဖူးပါတယ်။ “ပုထုဇင်တွေဟာ တစ်နေ့တစ်နေ့ အိပ်ပျော်နေချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကုသိုလ် သို့မဟုတ် အကုသိုလ်စိတ် တစ်ခုခုနဲ့နေကြတာ”တဲ့။ ဟုတ်ပါတယ်။ စိတ်ဆိုတာဟာ တစ်ပြိုင်တည်း နှစ်စိတ်ဖြစ်လေ့မရှိပါဘူး။ အကုသိုလ်စိတ်ဖြစ်နေရင် ကုသိုလ်စိတ်မဖြစ်နိုင်သလို ကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ် မဖြစ်နိုင်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကတော့ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်တဲ့ဘ၀င်စိတ်ပါ။ ဆိုတော့ကား.. အိပ်ရာကနိုးတဲ့အချိန်ကနေ ညအိပ်ရာဝင်တဲ့အချိန်အထိ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ရင် ကုသိုလ်ဖြစ်တဲ့အချိန်က များသလား၊ အကုသိုလ်ဖြစ်တဲ့အချိန်က များသလား သိနိုင်ပါတယ်။ ကုသိုလ်စိတ် မဖြစ်တဲ့အချိန်ဟာ အကုသိုလ်စိတ်တွေ ဖြစ်နေနိုင်တဲ့အတွက် အကုသိုလ်စိတ်မဖြစ်အောင် ကြိုးစားနေထိုင်သွားကြဖို့ လိုပါတယ်။

    တစ်နေ့တစ်နေ့ ကုသိုလ်မဖြစ်ချင်နေပါစေ အကုသိုလ်မဖြစ်အောင် နေတတ်ဖို့အရေးကြီးပါတယ်။ အကုသိုလ်မဖြစ်အောင် နေထိုင်ဖို့အတွက်က အကုသိုလ်မဖြစ်အောင်မြင်တတ် တွေးတတ်ဖို့လိုပါတယ်။ အကုသိုလ်မဖြစ်အောင် မြင်တတ်ဖို့က အကောင်းမြင်တတ်ဖို့လိုပါတယ်။ အကောင်းမြင်တတ်မှ အကောင်းတွေး တတ်မှာပါ။ အကောင်းတွေးတတ်တာဟာ အကုသိုလ်မဖြစ်အောင် တွေးလိုက်တာပါ။ လောကမှာ ရှိရှိသမျှ ပုဂ္ဂိုလ်သတ္တ၀ါတွေကို ကြည့်ကြည့်လိုက်ပါ။ အလုံးစုံပြည့်စုံတဲ့ ပုဂ္ဂိုလ်ရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ အဲလို မပြည့်စုံတဲ့ သူတွေဖြစ်နေတဲ့အတွက် သူတို့ရဲ့အားနည်းချက်တွေ ချို့ယွင်းချက်တွေကိုကြည့်ရင် အပြစ်တွေကိုပဲ တွေ့ရမှာပါ။ အပြစ်တွေကိုကြည့်မိတာနဲ့ နောက်ဆက်တွဲအဖြစ် အကုသိုလ်ဖြစ် စရာတွေပဲ တွေ့လာရမှာပါ။ အဲဒီအခါ အကုသိုလ်စိတ်တွေလည်း မခေါ်ဘဲဝင်လာတော့တာပါပဲ။ ဒါကြောင့် ဘယ်သူ့ကိုပဲကြည့်ကြည့် အကုသိုလ်မဖြစ်အောင် ကြည့်တတ်ဖို့လိုပါတယ်။ တစ်နည်းပြောရရင် အကောင်းဘက်က မြင်တတ်၊ ကြည့်တတ်ဖို့လိုပါတယ်။ အကောင်းမြင်တတ်ဖို့ဆိုတာက ဘယ်သူ့ကိုပဲတွေ့တွေ့ ကောင်းတာလေးတွေကို ရှာဖွေစဉ်းစား မြင်တတ်ကြည့်တတ်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ အဲဒီအပေါ်မှာ လိုက်နာကျင့်ကြံ တတ်ရပါမယ်။

    ဘုန်းဘုန်းတို့ ဖတ်ရှုလေ့လာဖူးတဲ့ စာပေတွေအရ အကုသိုလ်မဖြစ်အောင် ဆက်ဆံနည်းလေးတွေ၊ တွေးနည်းလေးတွေ ရှိပါတယ်။ အဲဒီနည်းလေးတွေကို ကြည့်ပြီး အကုသိုလ်မဖြစ်အောင် လေ့ကျင့်ကြည့်ပါ။ ဒီသဘောတွေအရ…
    * လူပုဂ္ဂိုလ်တွေထဲမှာ အချို့ပုဂ္ဂိုလ်တွေဟာ နှုတ်ထွက်စကား ကြမ်းတမ်းပေမယ့် စိတ်ထားအရမ်းကောင်းတာကို တွေ့ရတတ်ပါတယ်။ အဲလိုသူမျိုးကို သူတို့ရဲ့ အပြောအဆိုကြမ်းတမ်းမှုကို မကြည့်ဘဲ “အော်…သူဟာ အပြောအဆိုကြမ်းတမ်းပေမယ့် စိတ်ထားလေးတော့ ကောင်းရှာသားပဲ”လို့ အကောင်းဘက်ကတွေးပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
    * အချို့ကျတော့ အပြောအဆိုအရမ်းကောင်းပြီး အရမ်းနူးညံ့သိမ်မွေ့တတ်ကြပေမယ့် စိတ်ထားယုတ်ညံ့ပါတယ်။ အဲဒီလိုသူမျိုးကျတော့လည်း “သူဟာ စိတ်ဓာတ်မကောင်းပေမယ့် အပြောအဆိုတော့ ညင်သာနူးညံ့ပါလား”လို့ တွေးပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
    *အချို့ကျတော့ အပြောအဆိုလည်း မကောင်း၊ စိတ်ထားလည်း ယုတ်ညံ့တတ်ကြပေမယ့် တစ်ခါတစ်ရံ အနည်းငယ်ကောင်းတာလေးတွေ ရှိတတ်ပါတယ်။ အဲလိုသူမျိုးကိုလည်း သူ့ရဲ့ ကောင်းကွက်အနည်းငယ်လေး ကိုပဲ ရှာကြံပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
    * အချို့ကျတော့ အပြောအဆိုလည်းမကောင်း၊ စိတ်ထားလည်း မကောင်း၊ တစ်ခါတစ်ရံလည်း ကောင်းကွက်ဆို ဘာမှကို ရှာမရတာတွေ ရှိပါတယ်။ အဲလိုလူမျိုးကျတော့ ဘာမှမဖြစ်အောင် ဥပေက္ခာသာ ပြုနိုင်အောင် ကြိုးစားရပါမယ်။ ဥပေက္ခာပြုတာဟာ ကုသိုလ်လည်းမဖြစ်၊ အကုသိုလ်လည်း မဖြစ်အောင် ကြိုးစားတာပါ။

    ဒါကြောင့်…တစ်နေ့တစ်နေ့ ကုန်ဆုံးရတဲ့အချိန်လေးတွေမှာ အကုသိုလ်စိတ်တွေ မများရအောင် အကောင်းမြင်တတ်အောင်၊ အကောင်းတွေးတတ်အောင် လေ့ကျင့်ပြီး ကုသိုလ်စိတ်ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။

    တောင့်တ၍ မရပါ…

    တစ်နေ့ သံဝေဂကဗျာလေး တစ်ပုဒ်ကိုဖတ်နေစဉ် စာရေးသူအတွေးထဲ မဃဒေ၀မင်းကြီး၏ သံဝေဂဖြစ်ပုံလေးကို သွားသတိယလိုက်မိ၏။ မဃဒေ၀မင်းကြီးသည် ခေါင်းပေါ်မှာ ဆံပင်ဖြူလေးတစ်ပင် တွေ့ရှိရသည်ကို အကြီးအကျယ် သံဝေဂဖြစ်ကာ မင်းစည်းစိမ်ကိုစွန့်ပြီး တောထွက်တော်မူသည်အထိ ဖြစ်သွားခဲ့၏။ သံဝေဂ အမှန်တစ်ကယ်ဖြစ်ပြီ၊ အမှန်ရပြီဆိုလျှင် အလွန်တုန်လှုပ်ပြီး လွတ်မြောက်မှုကို ရှာဖွေသွားတတ်ကြသည်ကို မဃဒေ၀မင်းကြီးက သက်သေပြသကဲ့သို့ ဖြစ်၏။ မဃဒေ၀မင်းကြီး၏ သံဝေဂဖြစ်ပုံ အတွေးလေးကို ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ကြီးမှ ကဗျာလင်္ကာလေးဖြင့် ဖော်ကျူးတားသည်ကိုလည်း သံဝေဂဖြစ်ဖွယ် ဖတ်လိုက်ရ၏။ ဆရာတော်ကြီးက ``မဟာဘူတ၊ ဤကာယအား၊ နေ့ညမယွင်း၊ ရေဆာသွင်း၍၊ မပျင်းလုပ်ကျွေး၊ ပြုစုမွေးလည်း၊ ကျေးဇူးမထင်၊ အကတညု၊ မြွေလေးခုသို့၊ ကိုက်မှုမဆဲ၊ ခဲမှုမငြိမ်း၊ ကိုယ်လုံးရှိန်းအောင်၊ ရှောင်တိမ်းမသာ၊ စစ်ကြီးလာသို့၊ ဇရာမြွေဆိပ်၊ တရိပ်ရိပ်ဖြင့်၊ ဦးထိပ်ထက်စီး၊ ရောက်လာပြီးပြီ`` စသည်ဖြင့် အိုခြင်းတရား၏ ကြောက်စရာ ကောင်းပုံလေးကို ဥပမာပေး၍ သီးကုံးတော်မူထား၏။

    မှန်၏။ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓာတ်ကြီးလေးပါး (မဟာဘုတ်လေးပါး) ဖြင့် ဖွဲ့စည်းထားသည့် ဤခန္ဓာကိုယ်ကြီးသည် မနက်၊ နေ့၊ ည ပုံမှန်စားနေ၊ သောက်နေ ပြုပြင်နေသော်လည်း တစ်နေ့ထက်တစ်နေ့ ပိုပြီးနုပျိုလာသည်ဟူ၍ မရှိဘဲ တဖြည်းဖြည်း အိုအိုသွားသည်သာ ရှိ၏။ မည်သူကဖြင့် တစ်နေ့တစ်ခြား ပိုပိုလှလာသည်၊ နုလာသည်ဟူ၍မရှိပေ။ လူအများ ပြောဆိုနေကြသည့် ``တစ်သားမွေး တစ်သွေးလှ`` ဟူသော စကားသည် စင်စစ် မြှောက်ပြောနေကြခြင်းသာ ဖြစ်၏။ မည်သည့်ပုဂ္ဂိုလ်မျှ တစ်နေ့ထက်တစ်နေ့ ပိုပိုနုပျိုလာသည်ဟု မရှိနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် မွေးဖွားလာသည် ဆိုကတည်းကပင် အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောက တစ်ပါတည်း ပါလာကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ``လောကတွင် သတ္တ၀ါများ တောင့်တ၍ မရသည့် အရာငါးမျိုး`` ရှိကြောင်း ဟောကြားတော် မူခဲ့ခြင်းဖြစ်၏။ ဘုရားရှင်ဟောတော်မူခဲ့သည့် ယင်းတရားငါးမျိုးမှာ
    ၁။ ဇရာဟူသော အိုခြင်းတရား
    ၂။ ဗျာဓိဟူသော နာခြင်းတရား
    ၃။ မရဏဟူသော သေခြင်းတရား
    ၄။ ခယဓမ္မဟူသော ကုန်ခမ်းခြင်းတရား
    ၅။ နဿဓမ္မဟူသော ပျက်ဆီးခြင်း တရားတို့ပင် ဖြစ်၏။

    မှန်၏။ မည်သည့်သတ္တ၀ါမဆို ပဋိသန္ဓေယူ မွေးဖွားလာပြီဆိုသည်နှင့် တစ်ပြိုင်နက် အိုခြင်းတရားသည် နောက်မှပါလာပြီးဖြစ်၏။ ယင်းအိုခြင်းတရားကို ကောင်းမှုကုသိုလ်ပြု၍ မအိုပါရစေနှင့်ဟု ဆုတောင်းနေ၍ မရပေ။ အချိန်တန်လျင် အိုလာကြရမည်သာ ဖြစ်၏။ ``ခန္ဓာကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍မပျို၊ အိုသာအိုခဲ့`` ဟု မန်လည်ဆရာတော်ကြီး စပ်ဆိုတော်မူသကဲ့သို့ ရရှိလာသည့် ခန္ဓာကိုယ်ကြီးသည်လည်း မည်မျှပင် ပြုပြင်ပြုပြင် တစ်ဖန်ပြန်ပြီး မနုပျိုနိုင်ပေ။ တိုး၍သာ အိုလာကြမည်သာ ဖြစ်၏။ ဤသဘောတရားကို မသိနားမလည်ကြသဖြင့် သတ္တ၀ါတို့သည် ရုပ်တရားအပေါ် အမှီပြုပြီး အလှမာန်တက်နေကြ၏။ စင်စစ်လှသည်ဆိုသည်မှာ တဒင်္ဂအခိုက်အတန့်မျှသာ ဖြစ်၏။ ဤသည်မှာလည်း သတ္တ၀ါတို့၏ အ၀ိဇ္ဇာဖုံးသည့် မျက်စိဖြင့် ကြည့်၍သာ လှသည်ဟု ထင်နေကြခြင်း ဖြစ်၏။ အလှမာန်နှင့် ပတ်သက်ပြီး နောက်ဆုံး မာနခ၀ါချသွားသည့် အကြောင်းလေးကို စာရေးသူ သတိယမိပါ၏။ ရှေးအခါက အလွန်ချောမောလှပသည့် မင်းသမီးတစ်ယောက်ရှိ၏။ သူမ၏ အလှသတင်းကြောင့် အတိုင်းတိုင်း အပြည်ပြည်ရှိ မင်းသားတို့သည် သူမနှင့်လက်ထပ်နိုင်ရန် ကြိုးစားကြ၏။ အမျိုးမျိုးသော လက်ဆောင်ပဏ္ဏာများဖြင့် နီးစပ်အောင် ချဉ်းကပ်ကြ၏။ သို့သော် မင်းသမီးသည် လက်ခံခြင်းမရှိ၊ ငြင်းဆိုမြဲ ငြင်းဆိုနေ၏။ ထိုမင်းသားများတွင် ထူးခြားသည့် မင်းသားတစ်ယောက် ပါလာ၏။ မင်းသားသည် ပထမအကြိမ် လာစဉ် ရွှေခွက်ထဲတွင် လက်ဝတ်ရတနာ အပြည့်ဖြင့် လက်ဆောင်ပဏ္ဏာ ဆက်သ၏။ မင်းသမီးကား လက်မခံပေ။ ဒုတိယအကြိမ်တွင် လက်ဝတ်ရတနာအပြည့်ပါသည့် ငွေခွက်ဖြင့် ချဉ်းကပ်၏။ မင်းသမီးကား ငြင်းဆိုမြဲ ငြင်းဆို၏။ တတိယအကြိမ်တွင်ကား လက်ဆောင်ပဏ္ဏာ အနည်းငယ်သာပါသည့် ကြေးခွက်ဖြင့် ချဉ်းကပ်၏။ မင်းသမီးသည် ငြင်းဆိုမြဲ ငြင်းဆိုသော်လည်း ထိုမင်းသား၏ လုပ်ရပ်ကို သတိထားမိလာသည့်အပြင် ဒေါသပါထွက်လာ၏။ သို့ဖြင့် မင်းသမီးက `` ရှင်ဟာ ကျွန်မအချစ်ကို ရဖို့ကြိုးစားနေတဲ့ လူမဟုတ်လား၊ ဒီလိုကြိုးစားနေတဲ့သူဟာ တစ်ခေါက်နဲ့တစ်ခေါက် ကျွန်မစိတ်တိုင်းကျအောင် ပိုပိုပြီး ကြိုးစားရမယ့်အစား ခုတော့ ရှင့်ဟာက တစ်ခေါက်နဲ့ တစ်ခေါက် ပိုပိုပြီး တန်ဘိုးတွေ နည်းနည်းလာပါလား.. ဘာလဲ ဒါ ကျွန်မကို သက်သက်လာပြီး အရှက်ခွဲဆော်ကား နေတာလား`` စသည်ဖြင့် ရန်တွေ့၏။ ထိုအခါ မင်းသားက `` အရှင်မင်းသမီး ကျွန်ုပ်မင်းသမီးကို ဆော်ကားတာလည်း မဟုတ်၊ အရှက်ခွဲတာလည်း မဟုတ်ပါဘူး၊ အမှန်တရားကိုပဲ လုပ်ခြင်းဖြစ်ပါတယ်၊ တစ်ကယ်တော့ မင်းသမီးဟာ တစ်ခေါက်နဲ့တစ်ခေါက် ပိုပိုပြီး လှလှလာတာ မဟုတ်ပါဘူး၊ ပိုပိုပြီးပဲ အိုလာတာပါ၊ ဒါကြောင့် ကျွန်တော်မျိုးဟာ မင်းသမီးရဲ့ အလှနဲ့တန်တဲ့ လက်ဆောင်ပဏ္ဏာတွေပဲ ယူယူလာတာပါ`` စသည်ဖြင့် ပြောဆိုရှင်းပြသဖြင့် မင်းသမီး အလှမာန်ကျသွားကြောင်း မှတ်သားဖူး၏။ ဤနေရာတွင် ပြောလိုသည်မှာ ဇရာဟူသည့် အိုခြင်းတရား အကြောင်းပင် ဖြစ်၏။ ခန္ဓာကိုယ်ရလာသည့် သတ္တ၀ါမှန်သမျှ ကြာလေအိုလေ ကြာလေအိုလေသာ ဖြစ်၏။ မအိုပါရစေနှင့်ဟု မည်သို့မျှ တောင့်တ၍ မရပေ။ ဤသဘောတရားကို သိမြင်ပြီး ရုပ်တရားအပေါ် အမှီပြု၍ မာန်မာန မတက်ရန်သာ ကြိုးစားကြရမည် ဖြစ်၏။

    ဗျာဓိဟူသည့် အနာရောဂါသည်လည်း ထို့အတူပင်ဖြစ်၏။ မနာပါရစေနှင့်ဟု တောင့်တ၍ မရပေ။ ရုပ်တရားကို ပိုင်ဆိုင်နေသမျှ နာနေကြရမည်သာ ဖြစ်၏။ ရုပ်တရားရှိနေသမျှ အချိန်မရွေး၊ အရွယ်မရွေး နာနေကြရမည်သာ ဖြစ်၏။ အနာရောဂါ ဆွဲကပ်နေကြမည်သာ ဖြစ်၏။ မည်သည့်အရွယ်မှ နာကြရမည်ဟု သတ်မှတ်ချက်မရှိပေ။ အချို့ဆိုလျှင် မွေးလာကတည်းကပင် အနာရောဂါ ဆွဲကပ်ပြီးမွေးလာကြရ၏။ စင်စစ် အနာဂေါဟူသည် တစ်ခြားမဟုတ်ပေ။ ဤရုပ်တရားကြီးကပင်လျှင် အနာရောဂါ အစုကြီးဖြစ်နေ၏။ မြတ်စွာဘုရားရှင်အား ရဟန်းတစ်ပါးက လျှောက်၏။ ``ရောဂေါ ရောဂေါတိ ဘန္တေ ကတမော ရောဂါ = ရောဂါ ရောဂါလို့ ပြောပြောနေကြ ပါတယ် အရှင်ဘုရား… ရောဂါဆိုတာ ဘယ်လိုဟာပါလဲ ဘုရား… `` ဟုမေးလျှောက်၏။ ထိုအခါ ဘုရားရှင်ကား ``ရူပံ ၀ုစ္စတိ ဘိက္ခဝေ ရောဂါတိ = ချစ်သားတို့ ရောဂါဆိုတာ တစ်ခြားမဟုတ် ဒီရုပ်တရားကြီးပဲ`` ဟု ဖြေကြားတော်မူ၏။ မှန်၏။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ စသည်ဖြင့် မည်မျှပင် အမည်နာမ တပ်တပ် စင်စစ်ဤရုပ်တရား ရှိနေ၍သာ ရောဂါအမျိုးမျိုး၊ အနာအမျိုး ဆွဲကပ်နေကြခြင်း ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ရောဂါအမည်မတပ်ဘဲ ``ဤရုပ်တရားကိုပင် ရောဂါ``ဟု ဆိုကြောင်း မိန့်တော်မူခြင်းဖြစ်၏။ ``ရုပ္ပတီတိ ရူပံ = ဖောက်ပြန်တတ်သည့် သဘောကို ရုပ်`` ဟု စာပေကဖွင့်ပြ၏။ ရုပ်တရားရှိသဖြင့် ဖောက်ပြန်ပျက်ဆီးမှုလည်း ရှိနေ၏။ ဖောက်ပြန်ပျက်ဆီးမှုသည်ပင် ဗျာဓိဟူသည့် အနာရောဂါ ဖြစ်နေခြင်းဖြစ်၏။ ရုပ်တရားရှိသဖြင့် အနာရောဂါဖြစ်ခြင်းသည် မဆန်းပေ။ စိတ်ရောဂါမဖြစ်ရန်သာ အဓိကဖြစ်၏။ စိတ်ရောဂါဖြစ်လျှင်ကား စိတ်ဖြင့်ပြန်လည် ကုစားခြင်းမှတစ်ပါး အခြားဆေးမရှိပေ။ ထို့ကြောင့် ရုပ်တရားရှိသဖြင့် ဗျာဓိဟူသည့် အနာရောဂါရှိလာရသောကြောင့် မနာပါရစေနှင့်ဟု တောင့်တမနေကြဘဲ စိတ်ရောဂါမဖြစ်ရန်သာ သတိတရားဖြင့် ထိန်းသိမ်းသွားကြဖို့ လိုအပ်လှ၏။
    တတိယ တောင့်တ၍ မရသည့် တရားကား မရဏဟူသည့် သေခြင်းတရားပင် ဖြစ်၏။ ဤတရားကိုလည်း မသေပါရစေနှင့်ဟု မည်သို့မျှ တောင့်တ၍ မရပေ။ အသက်ရှင်နေမှု၏ နောက်တွင် သေခြင်းတရားက ရှိနေပြီးဖြစ်၏။ အတိတ်ကလည်း အဖန်ဖန် သေခဲ့ကြရပြီးဖြစ်၏။ ယခုလည်း မည်သည့်အချိန်၊ မည်သည့်အရွယ်၊ မည်သည့်နေရာတွင် သေရမည်ကိုသာ ကြိုတင်၍ မသိနိုင်သော်လည်း သေရမည်ဆိုသည်ကား မုချဧကန် မလွဲပေ။ နိဗ္ဗာန်မရမချင်း သေနေကြရဦးမည်သာ ဖြစ်၏။ မြတ်စွာဘုရားရှင် လက်ထက်က ကိသာဂေါတမီဟူသော အမျိုးသမီး တစ်ယောက်ရှိ၏။ ထိုအမျိုးသမီးတွင် အလွန်ချစ်လှစွာသော သားလေးတစ်ယောက်လည်း ရှိ၏။ တစ်နေ့တွင် ထိုသားလေးသည် ရုတ်တရက်သေဆုံးသွား၏။ ကိသာဂေါတမီသည် အလွန်ချစ်လှစွာသည့် သားလေးသေဆုံးသွား သဖြင့် ယူကျုံးမရ၊ ဖြေဆည်ရာမရဖြစ်ကာ အရူးတစ်ပိုင်းဖြစ်လျက် သားသေကိုပိုက်၍ အသက်ပြန်ရှင်အောင် လုပ်ပေးရန် အရပ်ထဲလှည့်လည် နေလေ၏။ သို့သော် မည်သူမျှ မကူညီနိုင်ကြပေ။ နောက်ဆုံး ဘုရားရှင်ထံ ရောက်ပြီး သားသေကို အသက်ပြန်ရှင်အောင် ဆေးကုပေးရန် တောင်းဆိုလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က ``ချစ်သမီး… ကောင်းပြီ၊ သင့်သားကို အသက်ပြန်ရှင်အောင် ငါကုပေးမယ်၊ ဒါပေမယ့် ဒီအရပ်မှာ ရှိတဲ့ လူမသေဖူးတဲ့ အိမ်ကနေပြီး မုံညင်းစေ့ကို ချစ်သမီး ငါ့ဆီရှာယူလာခဲ့`` ဟု အရှာခိုင်း၏။ ကိသာဂေါတမီလည်း သားသေကို အသက်ပြန်သွင်းလိုသော ဆန္ဒဖြင့် လူမသေဖူးသည့် အိမ်ကို တစ်အိမ်တက်ဆင်း လိုက်ရှာသော်လည်း တစ်အိမ်မျှ ရှာမတွေ့ဘဲ နောက်ဆုံးဘုရားရှင်ထံပြန်ရောက်၊ ဘုရားရှင်တရားတော်ကို နာယူပြီး သာသနာ့ဘောင်သို့ အပြီးဝင်ရောက်သွားခဲ့၏။ ကိသာဂေါတမီ၏ ဤအဖြစ်အပျက်သည် အမှန်ပင်ဖြစ်၏။ ကိသာဂေါတမီအား ဘုရားရှင် မိန့်တော်မူသည့် တရားစကားလေးသည် မှတ်သားဖွယ်ကောင်းလှ၏။ ``ချစ်သမီး သားသေတာဟာ ချစ်သမီးတစ်ယောက်ထဲမှာပဲ ရှိတာမဟုတ်ပါဘူး… ချစ်သမီးလိုသူတွေ ဒီလောကမှာ အများကြီးပါပဲ`` ဟူ၍ဖြစ်၏။ ထို့ကြောင့် အားလုံးတစ်နေ့ သေကြရမည် ဖြစ်သဖြင့် မသေပါရစေနှင့်ဟု တောင့်တမနေကြဘဲ မသေမီ ကြိုတင်ပြီး လုပ်ရမည့်၊ ပြင်ဆင်ရမည့် အရာများကိုသာ အချိန်မီ ကြိုတင်ပြုလုပ် အားထုတ်ကြရမည်သာ ဖြစ်ပါ၏။

    ခယဓမ္မဟူသည့် ကုန်ခမ်းခြင်းတရားကိုလည်း မကုန်ခမ်းပါရစေနှင့်ဟု တောင့်တ၍ မရပေ။ ဤနေရာ၌ ကုန်ခမ်းခြင်းဟူသည် စည်းစိမ်ဥစ္စာတို့၏ ကုန်ခမ်းခြင်းကို ဆိုလို၏။ စည်းစိမ်းဥစ္စာမှန်သမျှသည် အချိန်တန်လျှင် ကုန်ခမ်းသွားကြရမည်သာ ဖြစ်၏။ အချို့ဆိုလျှင် အချိန်မတန်မီပင် ကုန်ခမ်းသွားကြသည့်ဟု ထင်မှတ်တတ်ကြ၏။ စင်စစ် ဤကုန်ခမ်းခြင်းသဘောသည်လည်း အချိန်အတိအကျမရှိ၊ အချိန်မရွေးကုန်ခမ်း ပျောက်ပျက်သွားကြမည်သာ ဖြစ်၏။ ထို့ကြောင့် မကုန်မခမ်းမီ ရသမျှ ယူသွားနိုင်အောင် ကြိုးစားကြရမည် ဖြစ်၏။ ရသမျှ ယူသွားရန်မှာ မိမိနှင့်တစ်ပါတည်း ယူသွားရန်ကား မဖြစ်နိုင်ပေ။ ကောင်းမှုကုသိုလ်ပြုပြီး ထိုကုသိုလ်၏ အကျိုးကိုသာလျှင် ယူသွား၍ ရနိုင်ပေ၏။ ထို့ကြောင့် အချိန်မရွေး ကုန်ခမ်းသွားနိုင်သည့် သဘောကိုလည်း သတိပြုဆင်ခြင်းကာ မကုန်ခမ်းပါရစေနှင့်ဟု တောင့်တမနေဘဲ မကုန်ခမ်းမီ ရသမျှယူသွားနိုင်ရန်သာ ကြိုးစားအားထုတ် သင့်လှပေ၏။

    ထို့အတူ နဿဓမ္မဟူသည့် ပျက်ဆီးခြင်းသဘောကိုလည်း မပျက်ဆီးပါရစေနှင့်ဟု တောင့်တ၍ မရနိုင်ပေ။ ပျက်ဆီးချိန်တန်လျှင် ပျက်ဆီးသွားကြရမည်သာ ဖြစ်၏။ ``သဗ္ဗေသင်္ခါရာ အနိစ္စာ= အရာအားလုံးသည် အမြဲမရှိ`` ဟူသော ဘုရားရှင်၏ စကားတော်အတိုင်းပင် မည်သည့်အရာမျှ အမြဲတည်ရှိသည်ဟု မရှိနိုင်ပေ။ ပြုပြင်စီရင်ထားသည့် သင်္ခါရတရား မှန်သမျှ ပျက်ဆီးခြင်းသာ အဆုံးရှိပေသည်။ ထိုသဘောတရားသည် ယနေ့ခေတ်တွင် ပို၍ထင်ရှားနေ၏။ သိပ္ပံပညာများ မည်မျှပင်တိုးတက်ပါစေ၊ မည်မျှပင် အစွမ်းထက်ပါစေ ထာဝရတည်တံ့ပြီး မပျက်ဆီးနိုင်မည့် အရာများကို တီထွင်၍ မရနိုင်ကြသေးပေ။ နောင်လည်း ရမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ပြုပြင်စီရင်ထားသည့် သင်္ခါရတရားများ ဖြစ်နေသောကြောင့် ဖြစ်၏။ ပြုပြင်ထားမှု၏ အဆုံးသည် ပျက်ဆီးခြင်းသာလျှင် ဖြစ်နေသောကြောင့်ဖြစ်၏။ ထိုကြောင့်လည်း ကွန်ပျူတာများ၊ အင်တာနက်များ၊ ထူးဆန်းသည့် လျှက်စစ်ပစ္စည်း အမျိုးမျိုးတို့ကို မည်မျှအဆန်းတကျယ် ခိုင်ခိုင်ခံ့ခံ့ တီထွင်ထားပင် ထားငြားသော်လည်း သေချာသည့်အချက်ကား ထိုပစ္စည်းများသည် နောက်ဆုံးပစ္စည်းသွားကြရခြင်း အချက်ပင်ဖြစ်ပါ၏။ ထို့ကြောင့် တည်မြဲခြင်းတစ်စုံတစ်ခုမျှ မရှိသည့် ဤလောကကြီးတွင် မပျက်ဆီးသည့် အရာဟူသည် မရှိပါသဖြင့် အကောင်းများနှင့် ကြုံတွေ့နေကြသော်လည်း တစ်ချိန်ချိန်မှာ ပျက်ဆီးသွားမည့်အရေး ကြိုတင်မျှော်တွေးလျက် မာနခ၀ါချကာ သံဝေဂဉာဏ်ပွားပြီး သတိရှိရှိနေသင့်လှပေ၏။

    အချုပ်အားဖြင့် ဗုဒ္ဓဟောကြားတော်မူထားသည့် ဤတောင့်တ၍ မရသည့် အရာငါးမျိုးကို သဘောပေါက်သိမြင်ပြီး သံဝေဂဉာဏ် အမှန်ပွားနိုင်မည်ဆိုပါက သတ္တ၀ါများ၏ သန္တာန်တွင် မာနဟုဆိုသော ခက်ထန်ထောင်လွှားမှုများ တဖြည်းဖြည်း အားနည်းသွားနိုင်မည်ဟူသည့် အချက်ပင်ဖြစ်၏။ စင်စစ် ဤလောကကြီးတွင် အသက်ရှင်နေထိုင်ရသည့် ဘ၀သည် အလွန်တိုတောင်းလှ၏။ ဤကဲ့သို့ တိုတောင်းလှသည့် ဘ၀တွင် လူတို့သည် တစ်ဦးအပေါ် တစ်ဦး ဒေါသ၊ မာနများဖြင့် ဆက်ဆံနေကြသည်များကို ကြည့်ကာ အိုနာသေ စသည့် တရားများကို မေ့နေကြပါလားဟု သံဝေဂဖြစ်မိ၏။ အမှန်အားဖြင့် ထိုတရားများသည့် တောင့်တ၍မရသည့် တရားများ ဖြစ်သကဲ့သို့ မေ့ထား၍ ရကောင်းသော တရားများလည်း မဟုတ်ပေ။ အမြဲဆင်ခြင် နှလုံးသွင်းထားရမည့် တရားများဖြစ်ပေသည်။ တောင့်တ၍ မရသည့်အရာကို တောင့်တနေပါက လူပင်ပန်း စိတ်ပင်ပန်း ဖြစ်တတ်၏။ စိုးရိမ်ပူဆွေးမှုများ တိုးပွားတတ်၏။ ထို့ကြောင့် မရသည့်အရာကို တောင့်တနေမည့်အစား ထိုတရားများ မည်သည့်အခါမျှ ပြန်လည်မဖြစ်နိုင်တော့မည့် အရာများကိုသာ ရှာဖွေလုပ်ဆောင်ရန် လိုအပ်၏။ ထိုတရားများ ထာဝရ မဖြစ်ပေါ်နိုင်ရန်မှာကား နိဗ္ဗာန်ရမှသာ ဖြစ်နိုင်ပေ၏။ နိဗ္ဗာန်ရရန်အတွက်ကား မမေ့မလျော့သော သတိတရား ရှိမှပင်ဖြစ်ပေမည်။ သတိမရှိ မေ့လျော့နေပါက နိဗ္ဗာန်နှင့် ပို၍ပို၍ ဝေးနေဦးမည်သာ ဖြစ်၏။ ဆရာတော်ကြီး တစ်ပါးက အမိန့်ရှိဖူး၏။ ဆရာတော်ကြီးက ``မသွားဘဲ နီးနေ့သည့်အရာကား သုဿာန် ဖြစ်ပြီး သွားပါလျက်နှင့် ဝေးဝေးနေသည့် အရာကား နိဗ္ဗာန်ဖြစ်၏`` ဟု မိန့်တော်မူဖူး၏။ ထို့ကြောင့် စာရေးသူအပါအ၀င် အားလုံးသော ပုဂ္ဂိုလ်သတ္တ၀ါ အပေါင်းတို့သည် တောင့်တ၍ မရသည့်အရာများကို တောင့်တနေကြမည့်အစား မေ့ထား၍မရသည့် ထိုတရားများကို အမြဲဆင်ခြင် နှလုံးသွင်းကာ သုဿာန်နှင့် မနီးခင် အပြီးခရီးနှင်ပြီး နိဗ္ဗာန်နှင့် နီးသထက်နီးစေရန် အမြန်ကြိုးစားသင့်လှပါကြောင်း…

    သေမှာမကြောက်ကြသူများ ...

    ဤလောက၌ ပုထုဇင် ပုဂ္ဂိုလ်သတ္တ၀ါ မှန်သမျှသည် သေရမည်ကို ကြောက်ကြ၏။ ထို့ကြောင့်လည်း သေရမည့်ဘေးနှင့် ကြုံကြသည့်အခါ လွတ်ရာလမ်းကို နည်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေကြခြင်း ဖြစ်၏။ အသက်ရှင်အောင် နည်းအမျိုးမျိုးဖြင့် အားထုတ်ကြ၏။ သေဘေးနှင့် မကြုံရအောင် အသက်ရှင် ရပ်တည်နိုင်ရေး နည်းလမ်းကို ရှာဖွေကြ၏။ အစာမစားလျှင် သေရမည်ကို ကြောက်ကြသဖြင့် အစာစားကြ၏။ ရေမသောက်လျှင် သေမည်စိုးသဖြင့် ရေသောက်ကြ၏။ ရောဂါကြောင့် သေမည်ကို ကြောက်ကြသဖြင့် ရောဂါမဖြစ်အောင်၊ ဖြစ်လာလျှင်လည်း ပျောက်ကင်းသက်သာအောင် အားထုတ်ကြ၏။ မှန်၏။ ထို့အတွက်ကြောင့်လည်း စည်းစိမ်ဥစ္စာနှင့် ခြေလက်အင်္ဂါတစ်ခုခု ယှဉ်လာလျှင် စည်းစိမ်ဥစ္စာကို စွန့်၍ ခြေလက်အင်္ဂါကို ရွေးချယ်ကြခြင်းဖြစ်၏။ ခြေလက်အင်္ဂါတို့နှင့် အသက်ယှဉ်လာလျှင် ခြေလက်အင်္ဂါတို့ကို စွန့်၍ အသက်ကို ရွေးချယ်ကြခြင်းဖြစ်၏။ မသေဘူးဆိုလျှင် အသက်ကလွဲ၍ ကျန်သည့်အရာများကို စွန့်လွတ်ရန် ၀န်မလေးတတ်ကြပေ။ ဤသည်တို့မှာ သေရမည်ကို ကြောက်ကြသောကြောင့်ပင် ဖြစ်၏။ သာမန်သူများ မဆိုထားဘိ လောကတွင် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ရသဖြင့် မခံစားနိုင်ဖြစ်ပြီး မိမိကိုယ်ကို သတ်သေရန် ကြိုးစားကြသည့် သူများပင်လျှင် လက်တွေ့သေကြရမည် ဆိုသောအခါ ကြောက်လန့်မှု ဖြစ်ကြသေး၏။

    ကြားဖူးသည့် ပုံပြင်လေး တစ်ခုရှိ၏။ ရှေးတုန်းက ကျေးရွာတစ်ရွာတွင် အလွန်ဒုက္ခဆင်းရဲ ဖြစ်သဖြင့် မိမိကိုယ်ကို ဆွဲကြိုးချသေရန် ကြိုးစားသည့် သူတစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူသည် မိမိကိုယ်ကို သတ်သေရန် ကြိုးအရှည်တစ်ချောင်းကို ယူကာ ရွားထိပ်က သစ်ပင်ကြီးရှိရာ အရပ်သို့ သွား၏။ သစ်ပင်ရှိရာသို့ ရောက်သည့်အခါ ကြိုးတစ်စကို သစ်ပင်၏သစ်ကိုင်း တစ်ခုတွင် ချည်ပြီး ကျန်တစ်စကို မိမိ၏ လည်ပင်းတွင် ချည်ကာ သစ်ပင်ပေါ်မှ ခုန်ချလေ၏။ သို့သော် မည်သို့ပင် ကြိုးစားကြိုးစား ဘာမျှမဖြစ်ဘဲ အသက်ရှင်လျှက်သာရှိ၏။ စင်စစ် ထိုသို့ဖြစ်ခြင်းမှာ သူ၏ကြိုးမှာ သစ်ကိုင်းနှင့် မြေကြီးထက်နှစ်ဆလောက် ရှည်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း ခုန်ချတိုင်း ကြိုးစက မြေကြီးပေါ်တွင် ပုံလျက်သားဖြစ်ကာ မသေခြင်းဖြစ်၏။ ထိုအချင်းအရာကို မြင်းစီးပြီး တစ်နေရာသို့ ခရီးသွားသည့် သူတစ်ယောက်က တွေ့ကာ ``ဟေ့လူ… ဘာလုပ်နေတာလဲ`` ဟု မေး၏။ ထိုအခါ သစ်ပင်ပေါ်မှ သူက ``ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေမလို့ပါ။ ဒါပေမယ့် ဘယ်လိုဖြစ်မှန်း မသိ၊ သေလို့ကို မရဘူးဖြစ်နေတယ်``ဟု ပြန်ပြော၏။ ထိုအခါ ခရီးသွားက အခြေအနေကို ကြည့်ပြီး ``ဟာ… ခင်ဗျားနှယ်… အ ရန်ကော… ခင်ဗျားလုပ်တာက ဟုတ်မှမဟုတ်ဘဲ… လာဆင်းခဲ့ ကျွန်တော်ပြမယ် သေသေချချာကြည့်`` ဟု ဆိုကာ သေကြောင်းကြံမည့် သူဆီမှ ကြိုးကိုယူပြီး သူကိုယ်တိုင် သစ်ပင်ပေါ်တက်သွားကာ အောက်ကလူကို ``ဟေ့လူ… ဒီမှာ ကျုပ်ပြမယ် သေသေချချာကြည့်.. ခင်ဗျားဟာက ကြိုးရှည်နေလို့ ဖြစ်တာ၊ ကြိုးကို ဒီလိုတိုအောင် ဖြတ်၊ ပြီးရင် ဒီလို လည်ပင်မှာ ချည်ပြီး ဒီလိုခုန်ချရတယ်..`` ဟု ဆိုကာ သူ့လည်ပင်းကို ကြိုးကွင်းစွပ်ကာ သူကိုယ်တိုင် ခုန်ချပြလိုက်၏။ အပြကောင်းသည့် ခရီးသွားကား တစ်ခါတည်း မိမိကိုယ်ကို မိမိသတ်သေပြီး ဖြစ်သွားလေ၏။ ထိုအခြင်းအရာကို မြင်သည့်အခါ အမှန်တကယ် မိမိကိုယ်ကို သတ်သေရန် ကြိုးစားသည့် ရွာသားမှာ အလွန်အမတန် ကြောက်လန့်ပြီး ``ဟာ… သေတာဟာ ကြောက်စရာကြီးပါလား…`` ဟု ရေရွတ်ပြီး မသေရဲတော့ဘဲ ကြောက်အားလန့်အား ရွာထဲပြန်ဝင် ပြေးသွားလေ၏။ ဤပုံပြင်လေးသည် ဟာသဆန်ဆန် ပုံပြင်လေးဖြစ်သော်လည်း တစ်ဘက်က ကြည့်ပါက အမှန်တကယ် သေချင်ကြသည့် သူများပင်လျှင် လက်တွေ့သေရမည် ဆိုသောအခါ ကြောက်လန့်တတ်ကြကြောင်း သွယ်ဝိုက်ပြီး နားလည်သဘောပေါက်နိုင်၏။ ထို့ကြောင့် သေရမည်ကို မကြောက်သည့်သူ မရှိဟု ပြောဆိုကြခြင်း ဖြစ်၏။

    သို့သော် သေမှာမကြောက်သူများသည် အမှန်ပင်ရှိ၏။ မည်သို့သော သူများသည် သေမှာမကြောက်ကြကြောင်း ဗုဒ္ဓစာပေတွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူထားသည်များ ရှိ၏။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ် ပါဠိတော် အဘယသုတ်တွင် သေမှာမကြောက်သည့် ပုဂ္ဂိုလ်လေးယောက် ရှိကြောင်း မြတ်ဗုဒ္ဓဟောတော်မူထား၏။ ဤတရားတော်သည် ဇာဏုေဿာဏီ အမည်ရှိသော ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်ကို မြတ်စွာဘုရားရှင်မှ ဖြေကြားဟောထားခြင်းဖြစ်၏။ ဤအဘယသုတ်တွင် သေမှာကြောက်သည့်သူများ နှင့် သေမှာ မကြောက်သည့် သူများကို ဟောတော်မူထားသော်လည်း ဤနေရာတွင် သေမှာမကြောက်သူများကိုသာ တင်ပြလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေမှာမကြောက်သူများကို တင်ပြလိုက်ကာမျှဖြင့် အပြန်အားဖြင့် သေမှာကြောက်သည့် သူများကိုလည်း အလွယ်တကူ နားလည်နိုင်မည် ဖြစ်သောကြောင့်ပင် ဖြစ်၏။

    မြတ်စွာဘုရားရှင်မှ ပုဏ္ဏားကြီးအား
    ``- ပုဏ္ဏား… ဤလောက၌ အချို့သောသူသည် ကာမဂုဏ်တို့၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကာမဂုဏ်တို့သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
    - ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် ကိုယ်၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကိုယ်သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကိုယ်ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
    - ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် မကောင်းမှုကို မပြု။ ကြမ်းကြုတ်မှုကို မပြု။ ညစ်နွမ်းမှု အကုသိုလ်ကို မပြု။ ကောင်းမှုကို ပြုပြီးဖြစ်၏။ ကုသိုလ်ကို ပြုပြီးဖြစ်၏။ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးဖြစ်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် မကောင်းမှုကို မပြု၊ ကြမ်းကြုတ်မှုကို မပြု၊ ညစ်နွမ်းမှုကို မပြု၊ ကောင်းမှုကို ပြုပြီးပြီ၊ ကုသိုလ်ကို ပြုပြီးပြီ၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးပြီ၊ အချင်းတို့ စင်စစ် မကောင်းမှုကို မပြုသော၊ ကြမ်းကြုတ်မှုကို မပြုသော၊ ညစ်နွမ်းမှုကို မပြုသော၊ ကောင်းမှုကို ပြုပြီးသော၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးသော သူတို့၏ လားရာဂတိ ဟူသမျှသို့ ဘ၀နောင်ခါ ငါလားရတော့အံ့ တကား``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
    - ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် သူတော်ကောင်းတရား၌ မယုံမှား။ ဝေခွဲနိုင်၏။ ဆုံးဖြတ်နိုင်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် စင်စစ် သူတော်ကောင်းတရား၌ မယုံမှား၊ ဝေခွဲနိုင်၏၊ ဆုံးဖြတ်နိုင်၏``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။ ပုဏ္ဏား… သေခြင်းသဘောရှိသည်ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိန်လန့်ခြင်းသို့ မရောက်သော သူတို့သည် ဤလေးမျိုးတို့တည်း`` ဟု မိန့်တော်မူ၏။

    အထက်ပါ ဟောကြားချက်တွင် မြတ်ဗုဒ္ဓမှ သေမှာ မကြောက်သည့် ပုဂ္ဂိုလ်လေးမျိုးကို ခွဲခြားဟောကြားတော် မူထားသည်ကို ဖတ်ရှုကြည်ညိုနိုင်ကြမည် ဖြစ်၏။ ထိုဟောကြားချက်ကို အနှစ်ချုပ် အလွယ်နားလည်အောင် ကောက်ချက်ချပြရလျှင် သေမှာ မကြောက်သူတို့ဟူသည်
    ၁။ ကာမဂုဏ်တို့၌ တပ်မက်မှုရာဂ၊ တွယ်တာမှုသံယောဇဉ်၊ ဆာလောင်မွတ်သိပ်ပူပန်ခြင်း ကင်းသောသူ
    ၂။ ခန္ဓာကိုယ်၌ တွယ်တာနှစ်သက် တပ်မက်မှုတဏှာ ကင်းသောသူ
    ၃။ မကောင်းမှု အကုသိုလ်ကို မပြု၊ ကောင်းမှုကုသိုလ်ကို ပြုပြီးသောသူ
    ၄။ သူတော်ကောင်းတရား၌ ယုံမှားသံသယ မရှိသောသူ ဟူသော ဤလေးမျိုးတို့ပင် ဖြစ်ပါ၏။

    မှန်၏။ စင်စစ် လူ့ဘ၀တွင် နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့သာ လိုက်နေကြသူများ၊ ``ငါ၊ င့ါခန္ဓာ``ဟု စွဲလမ်းတပ်မက်မှု ရှိနေကြသူများ၊ ကုသိုလ်ကောင်းမှု မရှိ အကုသိုလ်များဖြင့်သာ အချိန်ကုန်နေကြသူများ၊ သူတော်ကောင်းတရားကို မသိနားမလည်သူများသည် သေခါနီးအခါကာလတွင် မိမိတို့ ဘ၀သံသရာအတွက် အားကိုးအားထားပြုစရာ တစ်စုံတစ်ခုမျှ မရှိသည့်အတွက် သေရမည်ဆိုသည့်အခါ ကြောက်ကြခြင်းဖြစ်၏။ အပြန်အားဖြင့် အသက်ရှင်နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့မလိုက်သူ၊ ငါ၊ ငါ့ခန္ဓာဟု တပ်မက်စွဲလမ်းမှု မရှိသူ၊ အကုသိုလ်ကိုပြုခြင်းမရှိ ကုသိုလ်များဖြင့်သာနေသူ၊ သူတော်ကောင်းတရားကို သိရှိနားလည် လိုက်နာကျင့်ကြံနေသူများ အတွက်ကား မိမိတို့သံသရာအတွက် ရိက္ခာအပြည့်ထုတ်ပြီး ဖြစ်သဖြင့် ယခုဘ၀သေရမည့် အရေးတွေးပြီး ကြောက်စရာမလိုကြခြင်း ဖြစ်၏။ အထူးသဖြင့် မဟုတ်သည့်အရာများ၊ မကောင်းသည့်အမှုများကို ပြုလုပ်ထားခြင်း မရှိကြသည့်အတွက် မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့် ရှိနေပြီး မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ဖြစ်စေ မည်သို့သော အရာမျိုးကိုမှ ကြောက်လန့်တုန်လှုပ်မှု မရှိနိုင်တော့ပေ။

    ထို့အပြင် သေခြင်းတရားနှင့် ပတ်သက်၍ ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ သာမာဝတီဝတ္ထုတွင် မြတ်ဗုဒ္ဓဟောတော်မူထားသည့် တရားတစ်ပုဒ်ကိုလည်း သတိရမိ၏။ မြတ်ဗုဒ္ဓက သာမာဝတီကို အကြောင်းပြု၍ အောက်ပါဂါထာ တစ်ပုဒ်ဖြင့် သတိပေးစကား ဟောကြားခဲ့၏။
    ``အပ္ပမာဒေါ အမတံ ပဒံ၊ ပမာနော မစ္စုနော ပဒံ၊
    အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။`` ဟူသော ဤတရားဂါထာ၏ ဆိုလိုရင်းမှာ ``မမေ့လျှော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်ပြီး မေ့လျှော့ပေါ့ဆခြင်းသည် သေခြင်း၏ အကြောင်းဖြစ်၏။ မမေ့မလျှော့ နေကြသူများသည် သေခြင်းကင်းသူများနှင့် တူကုန်ပြီး မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ နေကြသူများသည် အသက်ရှင်နေသော်လည်း သေနေကြသူများနှင့် တူကြကုန်၏။`` ဟူ၍ဖြစ်၏။

    ဓမ္မပဒလာ ထိုတရားစကားသည် မြတ်ဗုဒ္ဓနေ့စဉ် မိန့်တော်မူနေကြဖြစ်သည့် အပ္ပမာဒေန သမ္ပာဒေထ - မမေ့မလျော့ မပေါ့မဆသော သတိတရားနှင့် ပြည့်စုံအောင်နေကြ ဟူသော မိန့်မှာချက်ကို ထပ်ဆင့်အထူးပြု သတိပေးထားသကဲ့သို့ ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ဤမိန့်မှာချက်ကို ဆက်စပ်ယူလိုက်လျင် အထက်တွင်ဖော်ပြခဲ့သည့် သေမှာမကြောက်သူများ ပြည့်စုံရမည့် အချက်များနှင့် ပြည့်စုံသူများအား မမေ့မလျော့ မပေါ့မဆ နေကြသူများအဖြစ် ညွှန်ပြနိုင်မည်ဖြစ်ပြီး သေမှာမကြောက်သူများဟူသည် သတိရှိကြသူများပင်တည်းဟု ကောက်ချက်ချနိုင်မည် ဖြစ်၏။

    ထို့ကြောင့် လောကတွင် သေရမည်ကို လူတိုင်းကြောက်ကြသည် ဆိုသော်လည်း သေမှာမကြောက်သည့် သူများလည်း ရှိသည်ကို အထက်ဖော်ပြပါ မြတ်ဗုဒ္ဓ ဟောတော်မူချက်များက သက်သေပြုနေပြီး ဖြစ်သဖြင့် မိမိတို့ ယခုလက်ရှိဘ၀တွင် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန်၊ သေရမည့်အရေး တွေးကြောက်စရာ မလိုသည့် သေမှာမကြောက်သူများ ဖြစ်စေရန် အချိန်ရှိခိုက် သတိစိုက်၍ ကြိုးစားကြရန်သာ လိုအပ်ပေတော့၏။ ထိုသို့ ကြိုးစားကြရန်လည်း တိုက်တွန်းလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေခြင်းတရားဟူသည် အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရေး ဧကန်မုချ လာနိုင်သောကြောင့်ပင် ဖြစ်ပါ၏။

    အရဟံဂုဏ်တော်အား ကြည်ညိုကြည့်ခြင်း…

    မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးတို့တွင် အရဟံ ဂုဏ်တော်ကို ပထမဆုံးဂုဏ်တော်အဖြစ် ပိဋကတ်စာပေများ၌ တွေ့ရမည်ဖြစ်၏။ ဘုရားရှင်၏ဂုဏ်တော်များ အကြောင်းပြောကြလျှင်လည်း အရဟံစသော ဂုဏ်တော်ကိုးပါးဟူ၍ ပြောလေ့ရှိကြ၏။ ထို့အပြင် အရဟံဂုဏ်တော်နှင့် ပတ်သက်၍လည်း အဋ္ဌကထာများတွင် အမျိုးမျိုးဖွင့်ဆို ချီးကျူးတော်မူကြ၏။ ထင်ရှားသည့် ဖွင့်ဆိုချက်များမှာ

    မြတ်စွာဘုရားသည်…
    ၁။ အလုံးစုံသော ကိလေသာအပေါင်းမှ ကင်းစင်တော်မူခြင်း
    ၂။ သံသရာစက်လည်ပတ်မှု အကန့်တို့ကို ဖျက်ဆီးတော်မူပြီးဖြစ်ခြင်း
    ၃။ လူ၊ နတ်၊ ဗြာဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း
    ၄။ အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တော်မူပြီးဖြစ်ခြင်း
    ၅။ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူတတ်ခြင်း စသော အကြောင်းတို့ကြောင့် အရဟံဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏ ဟူသည့် ဖွင့်ဆိုချက်များ ဖြစ်၏။

    ထိုဂုဏ်တော်အဖွင့်များတွင် စာရေးသူနှင့် စာဖတ်သူတို့ အထူးသဖြင့် ကြည်ညိုကြည့်သင့်သည့် အချက်မှာ နံပါတ် (၅) အဖွင့်ဖြစ်သည့် ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူခြင်း ဟူသော အချက်ပင်ဖြစ်၏။ ထိုဖွင့်ဆိုချက်ကို မိမိတို့၏ ကိုယ်တွေ့အခြေအနေနှင့် ချိန်ထိုးကြည့်လျှင် ပိုပြီးကြည်ညိုတတ်ပေမည်။ မိမိတို့ တစ်ယောက်တည်း တိတ်ဆိတ်ပြီး မမြင်ကွယ်ရာမှာ ရှိနေသည့်အခိုက် ဖြစ်တတ်သည့် စိတ်အစဉ် အခြေအနေများနှင့် ယှဉ်ကြည့်လျှင် ပိုပြီးထင်ရှား၏။ မှန်ပါသည်။ မည်သူမဆို ပုထုဇင်မှန်သမျှ စိတ်အစဉ် မတည်ငြိမ်ကြသဖြင့် မကောင်းသည့် အကုသိုလ်များနှင့် မပြတ်ယှဉ်တွဲ နေတတ်ကြ၏။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို အမှီပြု၍ မကောင်းသည့် ကာယကံမှုများ၊ ၀စီကံမှုများ၊ မနောကံမှုများ ဖြစ်ပေါ်တတ်ကြ၏။ အထူးသဖြင့် မမြင်ကွယ်ရာတွင် ရှိသည့်အခိုက်၌ ပိုပြီးဖြစ်တတ်ကြ၏။ တစ်ခါတစ်ရံ အခန်းထဲတွင် တစ်ယောက်တည်း ရှိသည့်အခါ အာရုံတစ်ခုခုကို အမှီပြု၍ မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်တတ်သည်ကို သတိပြုမိကြမည်ဖြစ်၏။ တစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် စိတ်ကိုသတိဖြင့် မကပ်ဘဲ နေမိပါက တစ်စုံတစ်ယောက်ကို အကြောင်းပြု၍ဖြစ်စေ၊ တစ်စုံတစ်ခုကို အကြောင်းပြု၍ဖြစ်စေ မကောင်းသည့် စိတ်အတွေးများ ဖြစ်ပေါ်တတ်ကြ၏။ ယင်းမကောင်းသည့် စိတ်အတွေးတွင် မရပ်မိကြဘဲ လက်တွေ့ကာယကံမြောက် ပြုသည်အထိ အာရုံနောက်ကို စိတ်လိုက်ကာ ကျူးလွန်မိတတ်ကြ၏။

    စိတ်ဟူသည်ကလည်း အခက်သားပင်။ အပြောင်းအလဲ အဖြစ်အပျက် မြန်ဆန်လှသည့်အတွက် တဒင်္ဂအခိုက်မှာပင် အကုသိုလ်မျိုးစုံကို ကျူးလွန်မိတတ်၏။ အပြုခံအာရုံနှင့် ပြုတတ်သည့်သဘော တို့ကြောင့် ဖြစ်ပေါ်လာတတ်သည့် စိတ်အမျိုးမျိုးသည် အကြောင်းအကျိုး ဆက်စပ်နေ၏။ ဥပမာအားဖြင့် ရူပါရုံနှင့် စက္ခုပသာဒတို့ ပေါင်းစုံမိသည့်အခါ စက္ခုဝိညာဏ်ဟူသော မြင်သိစိတ်ဖြစ်သကဲ့ ဖြစ်၏။ တစ်ယောက်တည်း ရှိနေသော်လည်း အာရုံတစ်ခုခုကို အမှီပြု၍ မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်တတ်၏။ တစ်ယောက်တည်း မမြင်ကွယ်ရာ အရပ်မှာဖြစ်နေခြင်းကပင် မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်နေတတ်၏။ ``ငါတစ်ယောက်တည်း ရှိတာပဲ… ဘယ်သူ့မှ မသိလောက်ပါဘူးလေ… `` စသည့် စိတ်အကြံဖြင့် မကောင်းမှုကို ကျူးလွန်မိတတ်၏။ ထိုသို့ တစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် တရားနာခြင်း၊ တရားအားထုတ်ခြင်းစသည့် ကောင်းသည့်စိတ်၊ ကောင်းသည့်လုပ်ရပ်များထက် ``ဘယ်သူမှ မရှိတုန်း ... ဘာလေးတော့ လုပ်လိုက်ဦးမှ… ဘာလေးတော့ ကြည့်လိုက်ဦးမှ…`` စသည့် မကောင်းသည့် စိတ်အကြံ၊ လုပ်ရပ်များက ပို၍အဖြစ်များတတ်၏။ အဘယ့်ကြောင့်ဆိုသော် စိတ်၏ သဘောကပင် ` မကောင်းမှုမှာ မွေ့လျော်တတ်ခြင်း (ပါပသ္မိံ ရမတိ မနော)` သဘော ရှိသည်၏ အဖြစ်ကြောင့်ဖြစ်၏။

    အမှန်စင်စစ် တစ်ယောက်တည်း ဆိတ်ကွယ်ရာ အရပ်၌ ရှိနေသဖြင့် မည်သူမျှ မသိလောက်ပါဘူးဟူသော အတွေးဖြင့် မည်သည့်အလုပ်ကို မည်မျှပြုလုပ်သည်ဖြစ်စေ အခြားသူများ မသိနိုင်သော်လည်း မိမိကိုယ်ကို မိမိကား သိနိုင်၏။ မိမိကိုယ်ကို မိမိလိမ်လည် လှည့်စား၍မရနိုင်ပေ။ တိတ်ဆိတ်ကွယ်ရာမှာ မည်မျှပင် ရှောင်တိမ်းပြီး နေပါစေ မိမိစိတ်ကိုကား ရှောင်တိမ်း၍ မရနိုင်ပေ။ တိတ်ဆိတ်ကွယ်ရာတွင် ကောင်းသည့်အလုပ်များဖြင့် နေနိုင်ပါက အတိုင်းထက်အလွန် ကောင်းသော်လည်း မကောင်းသည့် အတွေးအကြံများဖြင့် မကောင်းမှုများကို ပြုလုပ်မည်ဆိုပါက မည်မျှပင် မမြင်ကွယ်ရာ၌ပင် ဖြစ်ပါစေ ဖုံးကွယ်၍ မရနိုင်ပေ။ ပတ်ဝန်းကျင်ကို ဖုံးကွယ်၍ ရနိုင်သော်လည်း မိမိကိုယ်ကို ဖုံးကွယ်လိမ်ညာ၍ မရပေ။ အဘယ့်ကြောင့်ဆိုသော် မိမိ၏လုပ်ရပ်ကို မိမိသာလျှင် အသိဆုံးဖြစ်သောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်လည်း မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိဟု ဆိုကြခြင်းဖြစ်၏။ ဆိတ်ကွယ်ရာ မရှိသကဲ့သို့ စိတ်ကွယ်ရာလည်း မရှိပေ။ မည်သူမျှ မသိလောက်သည့် ဆိတ်ကွယ်ရာ အရပ်ပင် ဖြစ်သော်လည်း မိမိ၏ စိတ်ကွယ်ရာအရပ်ကား မရှိနိုင်ဟူသော သဘောကို ဆိုလို၏။ မြတ်စွာဘုရားသည် ထိုသဘောကို လွန်မြောက်ပြီးသည့် အတုမရှိ အနှိုင်းမဲ့ဖြစ်၏။

    မှန်ပါသည်။ မြတ်စွာဘုရားရှင်သည်ကား အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တော်မူပြီးသည်၏ အဖြစ်ကြောင့် မည်မျှပင် ဆိတ်ကွယ်ရာ အရပ်ဖြစ်သော်လည်း မကောင်းမှု အကုသိုလ်ကို မပြုတော့ပေ။ မိမိတို့ ပုထုဇင်များသည် ``ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတို့ မပြတ်ဖြစ်နေတတ်သောကြောင့် ပုထုဇင် မည်၏`` ဟူသည့် အဖွင့်အတိုင်းပင် ကိလေသာများဖြင့် အမြဲမပြတ် ဆက်ဆံနေတတ်ကြ၏။ အာရုံအမျိုးမျိုးကို အမှီပြု၍ မကေင်းမှုများ မပြတ်ဖြစ်ပေါ် နေတတ်၏။ အများနှင့်နေသည့် အခါဖြစ်စေ၊ တစ်ယောက်တည်း နေသည့်အခါဖြစ်စေ မကောင်းသည့် အကုသိုလ်များ ဖြစ်နေတတ်ကြ၏။ တစ်ခါတစ်ရံ ``မမြင်အပ်ရာ ကိလေသာ သူဟာသူငြိမ်း၏`` ဟူသော မဟာစည်ဆရာတော်ကြီး၏ ဆုံးမမှုအတိုင်း အပြင်မထွက်၊ ပြင်ပရှိ အာရုံများနှင့် မတွေ့သည့်အတွက် အကုသိုလ် ကိလေသာများ မဖြစ်နိုင်သော်လည်း မည်မျှပင် တစ်ယောက်တည်း ဆိတ်ကွယ်ရာ အရပ်တွင် ရှိနေပါစေ မိမိ၏စိတ်ကိုမိမိ ကောင်းသည့်အာရုံများနှင့် ရှိနေအောင် အားမထုတ်ပါက မကောင်းမှုများ ပို၍ဖြစ်ပေါ်လာတတ်၏။ စင်စစ် အများနှင့်နေသည်ဖြစ်စေ တစ်ယောက်တည်း ရှိနေသည်ဖြစ်စေ မိမိ၏စိတ်မှာ မကောင်းသည့် ကိလေသာများ မဖြစ်ရန် အရေးကြီး၏။ အထူးသဖြင့် ဆိတ်ကွယ်ရာ အရပ်တွင် တစ်ယောက်တည်း ရှိနေသည့်အခါ မကောင်းသည့် အတွေးအမြင် အကြံအစည်၊ အပြောအဆို၊ အလုပ်အကိုင်များ မဖြစ်ရန် လိုအပ်၏။ ထိုကြောင့် ထိုသို့ ဆိတ်ကွယ်ရာမှာ တစ်ယောက်တည်း ရှိနေသည့်အခါ မြတ်စွာဘုရားရှင်၏ အရဟံ ဂုဏ်တော်ကို အာရုံပြုလျှက် ``ဘုရားရှင်သည် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူပါတကား`` ဟု မြတ်ဗုဒ္ဓထံ စိတ်ညွှတ်၍ မကောင်းသည့် စိတ်မဖြစ်အောင် ကြိုးစားသင့်၏။ မမြင်ကွယ်ရာမှာ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဖြစ်ရန်အကြောင်း ပေါ်လာသည့်အခါ မြတ်စွာဘုရားရှင်၏ ဤအရဟံ ဂုဏ်တော်အဖွင့်ကို အာရုံပြု၍ မပြုဖြစ်အောင် အလေ့အကျင့် လုပ်ပေးသင့်၏။ စိတ်ဟူသည် တဖြည်းဖြည်း လေကျင့်ပေးရသည့် သဘောရှိသည့်အတွက် အသေးအဖွဲလေးဟူ၍ အထင်မသေးဘဲ တတ်နိုင်သမျှ လေ့ကျင့်ပေးရန် လိုအပ်၏။ အရဟံဂုဏ်တော်ကို စံပြု၍ မိမိတို့ သန္တာန်မှာ ဖြစ်ပေါ်လာမည့် မကောင်းစိတ်များကို တဖြည်းဖြည်း ဖယ်ရှားနိုင်အောင် ကြိုးစားသင့်၏။

    သို့ဖြစ်၍ ဘုရားရှင်ကို ကြည်ညိုသည့်ပုဂ္ဂိုလ်များ သိထားရမည့်အချက်မှာ နှလုံးသားဝယ် ဘုရားတည်နိုင်အောင် ကြိုးစားသင့်သည့် အချက်ပင်ဖြစ်၏။ နှလုံးသားဝယ် ဘုရားတည်သည်ဆိုရာတွင် ဘုရားရှင်၏ အဆုံးအမအတိုင်း နေထိုင်ခြင်းကို ဆိုလို၏။ ဘုရားရှင်သည် ကိုးကွယ်သူများအတွက် နည်းပြလမ်းညွှန်ပေးသည့် အနှိုင်းမယ့် အရှင်ဖြစ်၏။ ဘုရားရှင်ကို အမှန်တကယ် ကြည်ညိုသည်ဆိုပါက ဘုရားရှင်ထုံး နှလုံးမူသင့်၏။ ဘုရားရှင်သည် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှုအကုသိုလ်ကို မပြုတတ်သည်ကို အတုယူကာ မိမိတို့သည်လည်း ဆိတ်ကွယ်ရာ အရပ်တွင် မကောင်းမှု အကုသိုလ်ကို မပြုမိအောင် ကြိုးစားအားထုတ်သင့်၏။ ဤကဲ့သို့ နေပြခြင်းသည် ဘုရားရှင်ကို ပူဇော်ရာရောက်၏။ ဘုရားရှင်၏ အဆုံးအမကို နှလုံးသားဝယ် အမှန်တကယ် တည်ပြရာရောက်၏။ ထို့ကြောင့် စာရေးသူအပါအ၀င် အားလုံးသော ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် နှလုံးသားဝယ် ဘုရားတည်ရာရောက်အောင် ``ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူ တတ်သည်ဖြစ်၍ အရဟံ`` ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသည့် ဘုရားရှင်၏ ဂုဏ်ကို အာရုံပြု ကြည်ညိုပြီး မိမိတို့လည်း ဆိတ်ကွယ်ရာအရပ်တွင် ရှိသည့်အခါ မကောင်းမှု အကုသိုလ်ကို မပြုဖြစ်အောင် ကြိုးစားကာ ဘုရားရှင်အား ပူဇော်ကြပါစို့ ဟူ၍….

    စေတနာသုံးတန် ပြည့်စုံဖို့ဆိုရာဝယ်…

    ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်အများ ကြားဖူးပြီးသားဖြစ်တဲ့အပြင် တရားပွဲများ၊ အလှူခံမဏ္ဍပ်များ စတဲ့ဘာသာရေး ဆိုင်ရာနေရာဌာန အမျိုးမျိုးမှာ သုံးစွဲနေကြတဲ့ စေတနာသုံးတန် ဆိုတဲ့ဒီစကားအသုံးလေး အတွက် ဗဟုသုတအဖြစ် ပို့စ်လေးတစ်ခု ရေးကြည့်လိုက်တာပါ။ စေတနာသုံးတန်လို့ခေါ်တဲ့ အဲဒီ စေတနာ သုံးမျိုးက
    ၁။ ပုဗ္ဗစေတနာ = မလှူမီ ကြိုတင်ဖြစ်တဲ့ စေတနာ
    ၂။ မုဉ္စစေတနာ = လှူဆဲအခိုက်မှာ ဖြစ်နေတဲ့ စေတနာ နဲ့
    ၃။ အပရစေတနာ = လှူပြီးနောက်ပိုင်းမှာ ဖြစ်တဲ့စေတနာ တို့ပဲ ဖြစ်ပါတယ်။

    ဒီသုံးမျိုးမှာ ဗုဒ္ဓဘာသာဝင်အများ အဖြစ်များကာ ဖြစ်ဖို့လည်းလွယ်တဲ့စေတနာတွေက ပုဗ္ဗစေတနာနဲ့၊ မုဉ္စစေတနာတွေဖြစ်ပြီး အပရစေတနာက ဖြစ်ဖို့အတော်ခက်ခဲပါတယ်။ ဆိုကြပါစို့… အလှူဒါန တစ်ခုခုကို ပြုကြတော့မယ်ဆိုရင် အလှူရှင်တွေရဲ့ စိတ်ထဲမှာ ဘယ်မှာလှူလိုက်မယ်၊ ဘယ်လိုလှူလိုက်မယ်၊ ဘယ်လောက်လှူလိုက်မယ် ဆိုတဲ့ စိတ်ကူးအကြံလေးတွေ ဖြစ်နေတာ၊ ကြိုတင်ပြီး လှူဖို့အတွက် ပြင်ဆင်စုဆောင်းနေတာ စတာတွေဟာ ကိုယ်လှူမယ့်အလှူအတွက် မလှူမီဖြစ်ပေါ်နေတဲ့ ပုဗ္ဗစေတနာပါ။ အဲဒီလို ကြိုတင်ပြီးဖြစ်ပေါ်နေတဲ့ စေတနာလေးတွေဟာ ကုသိုလ်စိတ်ကို ဖြစ်စေပြီး ကုသိုလ်တရားကို တိုးပွားစေပါတယ်။ ထို့အတူ လှူဆဲအခိုက်အတန့်မှာ စေတနာအပြည့်နဲ့ ကြိုးကြိုးစားစား ဆက်ကပ်လှူဒါန်း၊ ကျွေးမွေးဧည့်နေတာဟာ မမောနိုင်မပန်းနိုင်ပါပဲ။ အဲဒီအခိုက်အတံ့မှာ ကျွေးချင်မွေးချင် အဆင်ပြေပြေ ဧည့်ခံချင်စိတ်ကလွဲပြီး ကျန်တဲ့ဘာစိတ်မှ မရှိတဲ့အတွက် လှူဆဲအခိုက်အတန့်မှာ ဖြစ်တဲ့စေတနာကလည်း အထူးပြောစရာ မလိုအောင် ပြည့်စုံနေတတ်ကြပါတယ်။ အဲ… ပြဿနာက လှူပြီးအခိုက်အတန့်မှာ ဖြစ်ရမယ့် အပရစေတနာပါ။ ကိုယ်လှူထားတဲ့ အလှူကို သတိတရဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်၊ ပီတိဖြစ်ကာ မကြာခဏ ဆင်ခြင်ပြီး ကောင်းလိုက်တာ အားရလိုက်တာ စတဲ့အတွေးလေးတွေနဲ့ နေနိုင်မှ အပရစေတနာလေး အားကောင်းပြီး ကုသိုလ်တရား တိုးပွားမှာပါ။ ဒါပေမယ့် များသောအားဖြင့် ဒီစေတနာလေးတွေ ချို့တဲ့ နေကြတာကို တွေ့နေရပါတယ်။ လှူပြီးနောက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရမယ့်အစား နောင်တတွေသာ ကျန်နေကြတာကို တွေ့ရ၊ မြင်ရ၊ သိနေရပါတယ်။ အချို့ဆို အလှူကြီး အဆင်ပြေစေဖို့ မလိုအပ်တဲ့ ချဲ့ထွင်မှုတွေ ချေးငှါးမှုတွေ ဂုဏ်ပကာသနတွေကြောင့် အလှူပွဲကြီးပြီး သူချဲ့ထွင်ခဲ့တဲ့ အလှူပွဲအတွက် အဆင်မပြေမှုတွေ၊ ချေငှါးထားတဲ့ အရာတွေ ပြန်ဆပ်ရမယ့်အရေးတွေတွေးပြီး ရင်လေးနေတာတွေ စတဲစတဲ့ အတွေးတွေကြောင့် လှူဒါန်းမှုအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ကာ အပရစေတနာလေးတွေ ကောင်းရမယ့်အစား မှားသွားပြီးဆိုတဲ့ နောင်တတရားတွေသာ ရလိုက်ကြတာကို တွေ့ကြရမှာပါ။ မလှူခင် စေတနာ၊ လှူဆဲအခိုက်ဖြစ်တဲ့ စေတနာတွေ ပြည့်စုံပေမယ့် လှူပြီးနောက်မှ ဖြစ်ရမယ့် စေတနာက မပြည့်စုံတဲ့အတွက် စေတနာသုံးတန်က မပြဌာန်းနိုင်၊ မပြည့်စုံနိုင်ကြတော့တာပါ။

    စေတနာသုံးတန် ပြည့်စုံပြဌာန်းမှု မရှိပါက ကုသိုလ်ရဲ့ အကျိုးကို ရရှိခံစားတဲ့အခါ အပြည့်အ၀ မခံစားရ တတ်ပါဘူး။ ကုသိုလ်တရားဟာ ပြုလုပ်တဲ့သူရဲ့ စေတနာကိုလိုက်ပြီး အကျိုးတရားကို ဖြစ်စေပါတယ်။ စေတနာသုံးတန်ပြည့်စုံပြီး လှူဒါန်းမှုပြုတဲ့ပုဂ္ဂိုလ်တွေ အတွက်အကျိုးတရား ရရှိတဲ့အခါမှာလည်း ပြည့်ပြည့်၀၀ ရရှိတတ်ပါတယ်။ အဲလိုမဟုတ်ဘဲ စေတနာသုံးတန်မှာ တစ်ခုခု ချို့တဲ့ပါက အကျိုးတရားဖြစ်တော့ ဖြစ်ပါတယ်။ ရတော့ရပါတယ်။ အပြည့်အ၀ မရဘဲရှိတတ်ပါတယ်။ အထူးသဖြင့် စေတနာသုံးတန်မှာ များသောအားဖြင့် နောက်ဆုံးအပရစေတနာ ချို့တဲ့တာများတဲ့အတွက် အကျိုးပေးတဲ့အခါမှာလည်း အပရစေတနာရဲ့ အကျိုးခံစားမှုက လျော့နေတတ်ပါတယ်။ ထင်ရှားတဲ့ သာဓကပြရမယ်ဆိုရင် ယနေ့ခေတ်မှာ ချမ်းသာပြီး အကောင်းမစားနိုင်ကြတဲ့သူတွေ၊ ကားရှိပြီး လိုင်းကားတိုးစီးနေရတဲ့သူတွေ၊ ခေတ်ပေါ်အကောင်းစား အ၀တ်စားတွေကို ၀ယ်ဝတ်နိုင်ပါရဲ့နဲ့ ၀ယ်မ၀တ်ချင်သူတွေ အကောင်းစားတွေ သုံးရင်ဝတ်ရင် ကိုယ်မှာတစ်ခုခုဖြစ်တာတို့ ယားတာယံတာတို့ စတာတွေဖြစ်ကြတာကို တွေ့ဖူးကြုံဖူးကြမှာ။ အဲဒီသူတွေဟာ ကုသိုလ်ဒါနပြုတဲ့အခါမှာ နောက်ပိုင်းမှာဖြစ်ရမယ့် အပရစေတနာ ချို့တဲ့ကြတဲ့အတွက် မြင်သာမြင်မကြင်ရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကုသိုလ်ပြုတဲ့အခါ စေတနာသုံးတန် အလုံးစုံပြည့်စုံအောင် ကြိုးစားကြဖို့လိုပါတယ်။

    ပြောခဲ့ပြီးဖြစ်တဲ့အတိုင်း ဒီစေတနာ သုံးမျိုးမှာ ပုဗ္ဗစေတနာနဲ့ မုဉ္စစေတနာတွေဟာ ဖြစ်ဖို့ပြည့်စုံဖို့ လွယ်တဲ့အတွက် အထူးပြောစရာမရှိပေမယ့် အပရစေတနာနဲ့ ပြည့်စုံဖို့အတွက် အလေ့အကျင့် လုပ်ပေးကြဖို့ လိုပါတယ်။ အပရစေတနာ ကောင်းဖို့အတွက် ကုသိုလ်မပြုခင်၊ မလှူခင်ကတည်းက သေချာစီစစ် ရွေးချယ်ပြီး ပေးလှူတတ်ဖို့လိုပါတယ်။ နောက်ပိုင်းစေတနာ ပျက်ကွက်မှုများကိုကြည့်ပါက အခြားအကြောင်းအရာများ ရှိပင်ရှိငြားသော်လည်း အလှူခံပုဂ္ဂိုလ်ကြောင့် ပျက်ဆီးတတ်ကြတာတွေ ရှိပါတယ်။ အလှူခံပုဂ္ဂိုလ်ပိုင်းကို သေချာရွေးချယ်ပြီး မလှူပါက ကိုယ့်အလှူကို ခံယူတဲ့အလှူခံ ပုဂ္ဂိုလ်ရဲ့ အမူအရာ၊ အပြောအဆို၊ အနေအထိုင်၊ အကျင်သီလတွေကို ကြည့်ပြီးသဒ္ဓါတရား ပျက်တတ်ပါတယ်။ သူသူကိုယ်ကိုယ် ကိုယ်လှူထားတဲ့ အရာလေးတွေကို ကြည့်ပြီးပီတိပွားချင်ကြ၊ ၀မ်းမြောက်ချင်ကြတာ ဓမ္မတာပါ။ အဲဒီလို ပီတိပွားနိုင်ဖို့အတွက် အလှူခံပုဂ္ဂိုလ်၊ နေရာဌာနစတာတွေကို ရွေးချယ်လှူတန်းတတ်ဖို့ လိုပါတယ်။ အလှူခံပုဂ္ဂိုလ်ဆိုပြီးရော သင်္ကန်းပတ်ထားရင်ပြီးရော ဆိုတဲ့အတွေးနဲ့ လှူလိုက်တဲ့အတွက် အဲဒီအလှူခံပုဂ္ဂိုလ်က ကိုယ်လှူတဲ့ပစ္စည်းဝတ္ထု တစ်လွဲအသုံးချသွားတဲ့အခါ ပုထုဇင်များဖြစ်တဲ့ ကိုယ့်အဖို့မှာ ဒီအရာတွေတွေ့ပြီး သဒ္ဓါတရား တိုးဖို့မလွယ်ပါဘူး။ နာမည်ကြီးလို့ လှူတာမျိုး၊ ပေါ်ပင်လိုက်ပြီး လှူတာမျိုးတို့ အလှူခံပုဂ္ဂိုလ်ဆိုပြီးရော လှူတာမျိုးတို့ မလုပ်ကြဘဲ ကိုယ့်အလှူကို လက်တွေ့ထိရောက်စွာ အလှူခံပြီး အမှန်တကယ်လိုအပ်နေတဲ့ အလှူခံပုဂ္ဂိုလ်၊ နေရာဌာန စတာတွေကို ရှာဖွေလှူတမ်းတတ်ဖို့ လိုပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့နေရာတွေမှာ လှူလိုက်တဲ့အတွက် ကိုယ့်အလှူပစ္စည်းကို လက်တွေ့အသုံးပြုနေတာကို ကြည့်ပြီးကိုယ့်မှာ ပီတိဖြစ်ရသလို နောက်ထပ်လှူချင်တဲ့ သဒ္ဓါတရားတွေလည်း တိုးလာတတ်ပါတယ်။ ဥပမာအားဖြင့် မီးမလုံလောက်တဲ့ စာသင်တိုက်မျိုးမှာ မီးစက်လှူတာမျိုးတို့ ဆွမ်းကွမ်းမလုံလောက်တဲ့ စာသင်တိုက်မျိုးမှာ ဆွမ်းပဒေသာပင် စိုက်ထူလိုက်တာမျိုးတို့ဟာ အမှန်တကယ်လိုအပ်နေတဲ့ နေရာမျိုးတွေမှာ လှူလိုက်တဲ့အတွက် အလှူခံအတွက်လည်း အကျိုးရှိ အလှူပေးပုဂ္ဂိုလ်အတွက်လည်း ပီတိသဒ္ဓါပွားနိုင်တဲ့ အလှူမျိုးဖြစ်ပါတယ်။ အဲလိုအလှူမျိုးကြောင့် နောက်ပိုင်းစေတနာပျက်စရာ အကြောင်းမရှိပါဘူး။ ပိုလို့သာ တိုးစေမှာပါ။ ဒီလိုအလှူမျိုးဟာ စေတနာသုံးတန် ပြည့်စုံနိုင်တဲ့အလှူမျိုးပါ။

    ဒါကြောင့် စေတနာသုံးတန် ပြဌာန်းပြီး ပြည့်စုံစွာလှူလိုတဲ့ သူများအတွက် ကိုယ့်အလှူကို လှူမိတာ မှားလေစွ ဆိုတဲ့နောင်တမျိုး မဖြစ်ရအောင် ယုံကြည့်မှု သဒ္ဓါတရားကို စူးစမ်းဆင်ခြင်တတ်တဲ့ ဉာဏ်နဲ့တွဲကာ သဒ္ဓါပညာ ညီညွတ်စွာဖြင့် အလှူခံပုဂ္ဂိုလ်၊ နေရာဌာနများ သေချကျနစွာ စိစစ်ရွေးချယ်တတ်ဖို့ လိုကြောင်း သတိပေးစကား ပါးလိုက်ပါတယ်။ အားလုံး စေတနာသုံးတန် ပြည့်စုံနိုင်ကြပါစေ…

    Ads 468x60px

    Featured Posts

    Cittasukha for Korean

    Cittasukha for Korean
    ဤစာမျက်နှာသည် ကိုရီးယား လူမျိုးများ၏ ဘာသာရေးဆိုင်ရာ သိလိုရာများကို အထိုက်အလျောက် အထောက်အကူဖြစ်စေရန် ကိုရီးယား ဘာသာစကားဖြင့် ဖန်တီးထားသည့် အင်တာနက် စာမျက်နှာတစ်ခု ဖြစ်ပါသည်။ မြန်မာများအနေဖြင့်လည်း ကိုရီးယားလူမျိုးများအတွက် ညွန်းဆိုလိုက ညွန်းဆိုနိုင်ရန် မိတ်ဆက်ပေးခြင်း ဖြစ်သည်။

    မနာပဒါယီ အရှင်ဝိစိတ္တ

    မနာပဒါယီ အရှင်ဝိစိတ္တ
    ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊ အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။ ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊ မေတ္တာနှလုံး (ဥပေက္ခာနှလုံး) ကျင့်ကာသုံးသည့်၊ အဖြူစင်ဆုံး ဤကျင့်ထုံးကား၊ အပြစ်လည်းကင်း အရှုံးကင်းမည့်၊ “မချစ်မမုန်း အကောင်းဆုံး”တည်း။

    စိတ္တသုခကျောင်းဆိုဒ်သို့

    စိတ္တသုခကျောင်းဆိုဒ်သို့
    ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် တည်ရှိသည့် ဤကျောင်းတော် သည် မြန်မာလူမျိုးများ၏ စုပေါင်း အလှူဖြင့် ပေါ်ပေါက်လာသည့် ကျောင်းတော်ဖြစ်ပြီး ယခုဆိုလျှင် မြန်မာများနှင့် ကိုရီးယားများ၏ နွေးထွေခိုလှုံရာ ကျောင်းတော်သာ အဖြစ် ကောင်းစွာတည်တံ့လျက် ရှိသည်။

    ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ = ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည် ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။

    မင်းကွန်းဆရာတော်

    မင်းကွန်းဆရာတော်
    *ရုပ်နာမ်ဓမ္မသင်္ခါရတို့ ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း တစ်ဖုံဆင်ကွဲ သူတနဲဖြင့် ဖောက်လွဲတတ်စွာ ဓမ္မတာကို ပညာစက္ခု မျှော်ထောက်ရှု၍ ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ (ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ)

    Featured-Content

    Pages

    Powered by Blogger.