About

chat FX online casino casino las vegas Counters
   
Blogger news

Blogroll

Grab this Widget

Blogger templates

ဓမ္မစကား၊ နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏။

စိတ်အားဖြည့် စကားစုလေးများ (၂)

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

တကယ်ဖြစ်ချင်ရင် တကယ်လုပ်…ဘာမှမလုပ်ရင် ဘာမှမဖြစ်သလို တစ်ခုခုကို လုပ်နေရင်လည်း အလုပ်ကနေ ပြန်ပြီးအကျိုးသက်ရောက်စေတယ် ဆိုတာ အလုပ်လုပ်နေတဲ့သူတိုင်း ခံစားရတဲ့ လက်တွေ့ကျတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ ဘာမှမဖြစ်ချင်ရင်တော့ ဘာမှမလုပ်ဘဲ နေလို့ရပေမယ့် တစ်ခုခုဖြစ်ချင်ရင်တော့ တစ်ခုခုကို လုပ်မှဖြစ်မှာပါ။ ဘာမှမလုပ်တဲ့ သူတွေအတွက် အချိန်တွေဟာ အချည်းနှီးပိုနေတတ်၊ အချည်းနှီး ကုန်ဆုံးနေတတ်ပေမယ့် အလုပ်လုပ်နေသူတွေ အတွက်ကတော့ အချိန်မလောက်ဘဲ ရှိတတ်ပြီး ကုန်ဆုံးသွားသမျှ အချိန်တွေဟာလည်း အကျိုးရှိတဲ့ ကုန်ဆုံးမှုတွေချည်းပါပဲ။

ဘာပဲဖြစ်ဖြစ် သိနေပါစေ…တစ်စုံတစ်ခုကိုဖြစ်စေ တစ်စုံတစ်ယောက်ကိုဖြစ်စေ အကြောင်းပြုပြီး ကိုယ့်သန္တာန်မှာ မကောင်းတဲ့စိတ် ဖြစ်ပေါ်လာတဲ့အခါ အဲဒီစိတ်ဖြစ်တာကို ချက်ချင်းသိနိုင်အောင် သတိပြုသင့်ပါတယ်။ အဲဒီစိတ်ဖြစ်ခိုက်တွင် “ငါ့မှာ ဒီစိတ်ဖြစ်နေပါလား“လို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ဟာရှေ့ဆက် မဖြစ်တော့ဘဲ ရပ်တန့်သွားပါတော့တယ်။ ဒါကြောင့် ဘာစိတ်ဖြစ်ဖြစ် ဖြစ်ခိုက်ကို သိအောင်ကြိုးစားပါလို့ ဆိုခြင်းဖြစ်ပါတယ်။

မစွဲလန်းမိပါစေနဲ့…စွဲလန်းမိရင် အမှန်ကို မမြင်ဖြစ်လာတတ်ပါတယ်။ မမြဲတဲ့သဘောကို မြဲတယ်လို့ ထင်လာတတ်ပြီး မရှိကို အရှိလို့ ထင်လာတတ်ပါတယ်။ မပိုင်တာကို ပိုင်တယ်လို့ ထင်လာတတ်ပြီး ငါမဟုတ်သည်ကို ငါဟုထင်လာတတ်ပါတယ်။ ဒါကြောင့်လည်း ငါ၊ ငါ့ဥစ္စာ၊ ငါ့ရာထူး၊ ငါ့ဂုဏ်ဝါစတဲ့ ငါစွဲများဖြင့် အချိန်ကုန်ကာ လောဘ၊ ဒေါသ၊ မောဟ၊ မာနစသည် ပြိုင်လာကြခြင်းဖြစ်ပါတယ်။ သေချာတာကတော့ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် စွဲလန်းမိရင် မကောင်းဖြစ်တတ်ပြီး ဒုက္ခရောက်တတ်တယ်ဆိုတဲ့ အချက်ကို သတိပြုရပါမယ်။

သတိ… မှားတတ်သည်…လောကမှာ အမှားဆိုတာ ဘယ်သူမှ မကင်းကြပါဘူး။ ပုထုဇင်ပုဂ္ဂိုလ်များဖြစ်၍လည်း ပိုလို့တောင် အမှားရှိတတ်ကြပါတယ်။ ဒီလိုအမှားတွေကိုသာ လိုက်ပြီးတစ်ခုချင်း အပြစ်ပုံချနေကြမယ်ဆိုရင် အမှားဟာ အမှန်ဖြစ်လာမှာ မဟုတ်တော့ဘဲ အငြိုးအတေးတွေပဲများလာကာ အဆုံးမသတ်နိုင် ဖြစ်တတ်ကြပါတယ်။ မာနတွေပြိုင်ကာ အနိုင်ပြုလာတတ်ပါတယ်။ အမှားတစ်ခုကို အကြောင်းပြုပြီး မကောင်းမှုတွေ လုပ်ဖြစ်လာတတ်ကြပါတယ်။ ဒီလို မကောင်းမှုတွေအထိ လုပ်လာတတ်ပြီဆိုရင်တော့ ဒီဘ၀မှာတင်မဟုတ်ဘဲ နောင်သံသရာအထိ အကျိုးဆက်တွေ ဖြစ်ကုန်ပါတယ်။ နောင်ဘ၀အထိ ပါလာပြီဆိုရင်တော့ သံသရာက ရှည်လာလေပြီပေါ့။ ဒီဘ၀မှာတောင် ဒီလိုဒုက္ခတွေနဲ့ ကျင်လည်နေကြရတာ နောင်သံသရာအထိ ပါသွားပြီဆိုရင်တော့ ဘ၀အဆက်ဆက် ဒုက္ခတွေက ပြောမပြနိုင်အောင်ပါပဲ။ ရှည်လိုက်မယ့် သံသရာကလည်း ခံပေတော့လို့ပဲ ဆိုရတော့မလို မဆုံးနိုင်တော့ပါဘူး။ ဒါကြောင့် အမှားမကင်းတဲ့ ပုထုဇင်လူသားတွေ ဖြစ်နေကြတဲ့အတွက် ဒီအမှားကို အကြောင်းပြုပြီး သံသရာ မရှည်ကြဖို့၊ သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး မာနတွေ မပြိုင်မိကြဖို့၊ အတတ်နိုင်ဆုံး ခွင့်လွှတ်ပြီး သီးခံခ၀ါချနိုင်ဖို့ သတိပြုသင့်ကြပါတယ်။

အနေချောင် အသေကြပ်၊ အနေကြပ် အသေချောင်…တကယ်တော့ လောကကြီးမှာ နေဖို့ခက်သလောက် သေဖို့လည်း ခက်ကြပါတယ်။ ဒါကြောင့် နေဖို့ကြိုးစားကြသလို သေဖို့လည်းကြိုးစားသင့်ပါတယ်။ အနေချောင်ဖို့ ကြိုးစားကြသလို အသေချောင်ဖို့လည်း ကြိုးစားသင့်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အနေချောင်ဖို့ ကြိုးစားရင်း အသေမချောင်ဘဲ ဖြစ်နေကြတာတွေပဲ များနေတာကို တွေ့ရပါတယ်။ ဆရာတော်ကြီးတစ်ပါး အမိန့်ရှိဖူးတာ အမှတ်ရမိပါတယ်။ ``အနေချောင်ရင် အသေကြပ်မယ်၊ အနေကြပ်မှ အသေချောင်မယ်``တဲ့။

အပြစ်မတင်မိကြပါစေနဲ့…တကယ်တော့ အပြစ်တင်တတ်တဲ့ အကျင့်ရှိတာ လူတစ်ယောက်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အပြစ်တင်တတ်တယ်ဆိုကတည်းက အပြစ်ကြည့်တတ်လို့ အပြစ်တင်တတ်တာပါ။ အပြစ်ကြည့်တတ်ပြီဆိုရင်တော့ ကုသိုလ်စိတ်နဲ့ ကြည့်တာမဟုတ်ဘူး ဆိုတာသေချာပါတယ်။ ဒါဆိုရင် အကုသိုလ်ပဲပေါ့။ ဟုတ်ပါတယ်။ အပြစ်ဆိုတာ လူတစ်ယောက်ရဲ့ အားနည်းချက် မကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီအပြစ်ကို ကြည့်တတ်တဲ့သူဆိုရင်လည်း မကောင်းတဲ့အချက်ကို မြင်တတ်တဲ့အတွက် မကောင်းတဲ့စိတ်ပဲ အရင်ဖြစ်မှာပါ။ မကောင်းတဲ့စိတ်ဖြစ်ရင် အကုသိုလ်စိတ်ဖြစ်ပြီး အယောနိသော မနသိကာရ ဆိုတဲ့ မကောင်းတဲ့ နှလုံးသွင်းစိတ်ထား ဖြစ်ပါတယ်။ အယောနိသောမနသိကာရ ဖြစ်နေတဲ့ သူတစ်ယောက်ဟာ ကုသိုလ်ဖြစ်ဖို့လည်း ခက်သွားတတ်ပါတယ်။ ဒါကြောင့် ဘာပဲကြည့်ကြည့် ဘာပဲတွေးတွေး အကုသိုလ်မဖြစ်အောင် ယောနိသောမနသိကာရ စိတ်လေးနဲ့ အကောင်းဘက်က ကြည့်တတ်အောင် ကြိုးစားသင့်ပါတယ်။ အဲဒီလို အကောင်းဘက်က ကြည့်တတ်ကြမယ်ဆိုရင် ဘာကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အမှီပြုပြီး အကုသိုလ်စိတ်ဖြစ်ဖို့ ခက်ခဲသွားတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုသာ ပြိုင်လိုက်ပါ…မပြိုင်နဲ့ ဆိုပေမယ့်။ ကိုယ့်ကိုယ်ကိုတော့ ပြိုင်နေရပါမယ်။ ယနေ့ငါနဲ့ မနက်ဖြန်ငါဟာ မတူအောင် ပြိုင်နေရပါမယ်။ မကောင်းပြိုင်ဖို့ မဟုတ်၊ အကောင်းပြိုင်ဖို့ပါ။ ယနေ့ငါဟာ ကံငါးပါးမလုံသေးပေမယ့် မနက်ဖြန်ငါကတော့ ကံငါးပါးလုံစေရမယ်လို့ ပြိုင်ရပါမယ်။ ယနေ့ငါဟာ ကိုယ်ကျင့်တရား မကောင်းပေမယ့် မနက်ဖြန်ငါကတော့ ကိုယ်ကျင့်တရားကောင်းရမယ်လို့ ပြိုင်ရပါမယ်။ ယနေ့ငါဟာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ဒီလောက်ပဲ လုပ်နိုင်သေးပေမယ့် မနက်ဖြန်ငါကတော့ ဒီထက်ပိုပြီး လုပ်နိုင်ရမယ့်လို့ ပြိုင်ရပါမယ်။ ဒီနေ့ငါဟာ စိတ်ထားလေးတွေကို ဒီလောက်ပဲ ပြုပြင်နိုင်သေးပေမယ့် မနက်ဖြန်ငါကတော့ ဒီထက်ပိုပြီး ပြုပြင်နိုင်ရမယ်လို့ ပြိုင်ရပါမယ်။

ရတာမလို လိုတာမရ ဤလောက…သတ္တ၀ါတွေဟာ ရနေတာကို မကျေနပ်နိုင်၊ မတင်းတိမ်နိုင်ဖြစ်တတ်ပြီး မရသေးတာကို လိုချင်တတ်တာ သဘာဝဖြစ်ပေမယ့် ရှိသမျှအတိုင်းအတာ၊ ရသမျှအတိုင်းအတာ၊ ကံပေးသမျှ အတိုင်းအတာလေးနဲ့တော့ ရောင့်ရဲ့နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒီလိုမှ မရောင့်ရဲ့နိုင်ရင် ရချင်မှု၊ လိုချင်မှု၊ ရသမျှကို အလိုမကျနိုင်မှု၊ ရပြီးတော့လည်း ထပ်ရချင်မှု၊ သူ့ရှိတာကို အားကျမှု စတာတွေကြောင့် ဒီဟာတွေနောက်ကို လိုက်ရင်းလိုက်ရင်း မဆုံးနိုင်အောင်ပင် ဖြစ်နေတတ်ပါတယ်။ သေချာတာကတော့ ကိုယ်ကဘယ်လိုပဲ လိုချင်ရချင်နေပေမယ့် လောကကြီးဟာ သူ့သဘောအတိုင်းသာ ဖြစ်နေတော့ လိုချင်တာကို ရချင်မှလည်း ရနိုင်မှာ၊ ရတဲ့ဟာလည်း ကိုယ်လိုချင်တဲ့ဟာ ဖြစ်ချင်မှဖြစ်မှာဆိုတာပါပဲ။ ဒါကြောင့် ရတာမလို လိုတာမရတဲ့ လောကကြီးမှာ ရချင်မှုနောက်တွေပဲ လိုက်မနေကြပဲ ရသမျှ ရှိသမျှအပေါ်မှာသာ ရောင့်ရဲနိုင်အောင်၊ ကျေနပ်နိုင်အောင် ကြိုးစားသင့်ကြပါတယ်။

ရောင့်ရဲနိုင်ပါမှ…“ရှိတာလေးနဲ့ ရောင့်ရဲပါ“တဲ့။ ဒီစကားလေးက သိပ်တန်ဘိုးရှိပါတယ်။ ဗုဒ္ဓစာပေမှာတော့ “တုဋ္ဌီ သုခါ ယာ ဣတရေန= ရသမျှ၊ ရှိသမျှနဲ့ ကျေနပ်နှစ်သိမ့်နိုင်ခြင်းဟာ ချမ်းသာ၏“ လို့ ဖော်ပြထားပါတယ်။ သိကြတဲ့အတိုင်းပဲ ရတာလေးအပေါ်မှာ မရောင့်ရဲနိုင် မကျေနပ်နိုင်ကြတော့ တစ်ချို့က ပိုပြီးရအောင် ကြိုးစားကြပါတယ်။ ပိုပြီးလိုချင် ပိုပြီးရချင်တော့ တရားတာရော မတရားတာရော မသိတော့ဘဲ ရဖို့တစ်ခုတည်းကြည့်ပြီး လုပ်မိကြရာက ပစ္စုပ္ပန်မှာရော သံသရာမှာပါ ဒုက္ခဖြစ်ကြရပါတယ်။ ရချင်တဲ့ လိုချင်တဲ့ လောဘဆိုတာ အကန့်လေးနဲ့ တားပေးရပါတယ်။ အဲဒါကို တုဋ္ဌီ (ရောင့်ရဲတင်းတိမ်နိုင်ခြင်း)လို့ ခေါ်ပါတယ်။ အကန့်မထားရင် ရပြီးရင်းရချင်၊ လိုပြီးရင်းလိုချင် ဖြစ်လာတတ်ပါတယ်။ ရပြန်တော့လည်း ကျေနပ်နှစ်သိမ့်မှု မဖြစ်နိုင်ဘဲ နောက်တစ်ခုကို ရဖို့အားထုတ်လာတတ်ပါတယ်။ ဒီလိုနဲ့ မဆုံးနိုင်တော့ဘဲ နောက်ဆုံးတော့ အလိုမကျမှုတွေနဲ့သာ လည်နေကြပါတော့တယ်။

အနာနဲ့ ဆား…ဆားရဲ့ပင်ကို သဘာဝက ငန်တတ်ပါတယ်။ အငန်ဟာ အနာတစ်ခုခုနဲ့ ထိတွေရင် စပ်ခြင်းပူခြင်းကို ဖြစ်ပေါ်စေပါတယ်။ အနာမရှိဘဲ သာမန်ဆိုရင်တော့ ဘာခံစားမှုကိုမှ မဖြစ်စေပါဘူး။ ဒါကြောင့် ဆားကိုအသုံးပြုတဲ့သူချင်း၊ ဆားကို ကိုင်တဲ့သူချင်း အတူတူ ဘာအနာမှ မရှိတဲ့သူ ကိုင်တာနဲ့ အနာရှိတဲ့သူ ကိုင်တာမှာ ခံစားချက် ကွာတယ်လို့ ဆိုတာပါ။ သူများတွေ ကိုင်တဲ့အခါ ဘာမှမဖြစ်ဘဲ ကိုယ်ကိုင်မှပဲ ပူတယ်စပ်တယ် ဆိုရင်တော့ ကိုယ့်မှာ အနာတစ်ခုခု ရှိနေလို့ ဖြစ်တာပါ။ ကိုယ့်မှာ ဘာအနာမှ မရှိရင် ဖြစ်စရာ အကြောင်းမရှိပါဘူး။

စိတ်မနာမိပါစေနဲ့…အနာ နှစ်မျိုးရှိပါတယ်။ ရုပ်မှာဖြစ်တဲ့ အနာရယ်၊ စိတ်မှာဖြစ်တဲ့ အနာရယ်ပါ။ ရုပ်မှာဖြစ်တဲ့အနာကတော့ တကယ်တမ်းပြောရရင် အနာလို့တောင် ပြောလို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရုပ်တရားကိုက အနာကြီးဖြစ်နေတာကိုး။ စိတ်မှာဖြစ်တဲ့ အနာကတော့ အလွန်ကြောက်စရာကောင်းပါတယ်။ ပိုပြီးနာကျင်လေ ပိုပြီးဒုက္ခရောက်လေပါပဲ။ ဒီအနာဖြစ်ပြီဆိုရင်တော့ ပျောက်အောင်ကုဖို့လည်း မလွယ်လှပါဘူး။ ဒါကြောင့် စိတ်အနာမဖြစ်အောင် အထူးကြိုးစားဖို့ လိုပါတယ်။ စိတ်မှာအနာဖြစ်ပြီဆိုရင်တော့ အရင်ဆုံးခံစားရတာက ကိုယ်ကိုယ်တိုင်ပါ။ ကိုယ့်ကိုယ်ကို အမှီပြုပြီး ကိုယ့်စိတ်မှာ အနာဖြစ်ရင်လည်း ကိုယ်ပဲအရင်ခံရမှာဖြစ်ပြီး သူများကိုအမှီပြုပြီး ဖြစ်ရင်လည်း သူများထက်အရင် ကိုယ်ကိုယ်တိုင်ပဲ နာကျင်ရတာပါ။ သေချာပြန်တွေးကြည့်တော့ စိတ်မှာအနာဖြစ်ပြီဆိုရင် ကိုယ့်ကြောင့်ပဲဖြစ်ဖြစ် သူ့ကြောင့်ပဲဖြစ်ဖြစ် နာကျင်စွာ ခံစားလိုက်ရတာကတော့ ကိုယ်ပဲဖြစ်ပါတယ်။

ကြွား… ကြွ… ကျ…မြန်မာအများစုဟာ အကြွားသန်ကြပါတယ်။ မရှိ ရှိတာ ရှာကြံ ကြွားတတ်ကြပါတယ်။ တကယ်တော့ ကြွားလို့သိတာထက် မကြွားဘဲ သိတာက ပိုကောင်းပါတယ်။ သေချာတွေးကြည့်ရင် အကြွားလွန်ရင် ကြွတတ်ပါတယ်။ ကြွလာပြီဆိုရင်တော့ ကျဖို့အတွက် ရှေးပြေးနိမိတ်ပါပဲ။ ဒါကြောင့် မကြွားမိကြပါစေနဲ့။ ကြွားမိရာက ကြွလာတတ်ပြီး နောက်ဆုံး ကျသွားတတ်ပါတယ်။
Read More...

နဲနဲလေးတော့ လွဲနေတယ် (၂)

ဘုရားဆွမ်းတော်ကပ်ရာတွင်…
ဗုဒ္ဓဘာသာအများရဲ့ အလွဲတွေထဲက နောက်ထပ်အလွဲတစ်ခုက ဘုရားဆွမ်းတော် ကပ်တာလေးပါ။ ဆွမ်းတော်ကပ်လှူတာကို ပြောတာပါ။ နတ်တင်သလိုမျိုး ဘုရားဆွမ်းတော်တင်တာမျိုး မဟုတ်ပါဘူး။ ဆွမ်းတော်ကပ်တာ ဆိုတဲ့အတွက် သက်ရှိထင်ရှား ဘုရားရှင်ကို ရည်ရွယ်အာရုံပြုပြီး ကပ်ဖို့လိုပါတယ်။ ဘုရားက ဘာမှ မပြောဘူးဆိုပြီး ဖြစ်သလိုလေး တင်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ အိမ်မှာဘုရားဆွမ်းတော် ကပ်တာလေးတွေ တွေ့ဖူးပါတယ်။ ထမင်းပန်းကန်လေးပေါ်မှာ သကြားလေးဖြူ၊ ထန်းလျှက်လေးနဲ့ တင်ထားတာကိုပါ။ အိမ်မှာ စားစရာမရှိလို့၊ သူတို့ကိုယ်တိုင် ဒီသကြား၊ ထန်းလျှက်တွေနဲ့ စားနေရလို့ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ကိုယ်စားနိုင်တာ၊ ကိုယ်ရှိတာလေးနဲ့ ကိုယ်နဲ့ထပ်တူထားပြီး ဘုရားရှင်ကိုလည်း မရှိရှိတာ ကပ်တဲ့သဘောပါ။ ခုဟာက အဲလိုမဟုတ်ပါဘူး။ မကပ်နိုင်လို့ မဟုတ်ပါဘူး။ ကိုယ်စားတဲ့အခါ ဟင်းသုံးလေးမျိုးနဲ့ စားနေပြီး ဘုရားဆွမ်းတော် ကပ်တဲ့အခါမှာသာ အဲလိုတင်တာပါ။ တမင်တကာ ရည်ရွယ်ပြီး တင်တာတော့ မဟုတ်လောက်ပါဘူး။ မသိလို့ ဖြစ်မှာပါ။ ဒီလိုပဲ တင်ရတယ်ထင်လို့ ထမင်းပန်းကန်လေးအပေါ်မှာ သကြားထန်းလျှက်လေး ပုံပြီးတင်တာ ဖြစ်မှာပါ။ ရှေးအစဉ်လာကတည်းက ဒီလိုတင်ရတယ်လို့ သိနေခဲ့လို့ တင်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ အဲဒီလို ပုံပြီးတင်တာဆိုရင်တော့ ဘုရားဆွမ်းတော်ကပ်တယ်လို့ ပြောလို့မရဘဲ နတ်တင်သလို တင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဗုဒ္ဓဘာသာ အချို့ရဲ့ ဘုရားစင်မှာ ဒီလိုနတ်တင်သလို ဘုရားဆွမ်းတော် တင်တာတွေ ခုချိန်ထိ ရှိနေပါသေးတယ်။

တကယ်တော့ ဒီလိုမဖြစ်သင့်ပါဘူး။ ဆွမ်းတော်မတင်ဘဲ ဆွမ်းတော်ကပ်သင့်ပါတယ်။ ကပ်တယ်ဆိုကတည်းက သက်တော်ထင်ရှား ဘုရားကို အာရုံပြုပြီး ဘုရားရှင်ကို အိမ်မှာပင့်ပြီး ကပ်သလိုမျိုး သေချာကျနစွာ ကပ်သင့်ပါတယ်။ နည်းတာများတာက အဓိကမကျပါဘူး။ ဆွမ်းတော်ကို ဆွမ်း၊ ဆွမ်းဟင်းစသည် သီးသန့်စီပြင်ပြီး ကိုယ်စားသလိုမျိုး ဦးဦးဖျားဖျား ရိုရိုသေသေ ကပ်လှူသင့်ပါတယ်။ အများကြီး ၀ိုင်းလိုက်ပြင်ပြီး ကပ်လှူဖို့မဟုတ်ပါဘူး။ ကိုယ်စားတဲ့အထဲက မစားခင် အဦးအဖျား လှူတဲ့သဘောနဲ့ စေတနာရှေ့ထားပြီး ကပ်လှူစေချင်တာပါ။ ကပ်ပြီးရင်လည်း မေ့မေ့ပျောက်ပျောက် မထားသင့်ပါဘူး။ နောက်နေ့ တစ်ခါကပ်ခါနီးမှ စွန့်ပြီးကပ်တာမျိုး မဖြစ်သင့်ပါဘူး။ သူ့အချိန်လေးနဲ့သူ ကပ်ပြီး စွန့်သင့်ပါတယ်။ အရုဏ်ကပ်ပြီး တစ်ခါစွန့် နေဆွမ်းမှာလည်း မွန်းမတည့်မီကပ်ပြီး မွန်းတည့်၁၂နာရီ မကျော်မီ စွန့်သင့်ပါတယ်။ ဆွမ်းမှမဟုတ်ပါဘူး။ တစ်ခြား ပန်း၊ သစ်သီး၊ သောက်တော်ရေ စတာတွေကိုလည်း သေသေချချာ ကျကျနန ပြင်ဆင်ကပ်သင့်ပါတယ်။

သောက်တော်ရေကတော့ အချိန်ပြည့် ကပ်ထားလို့ ရပါတယ်။ ကပ်တဲ့ သောက်တော်ရေခွက်တော့ ကိုယ့်အိမ်မှာ ပုံမှန်သောက်နေတဲ့ သောက်ရေခွက် အနေအထားတော့ ရှိသင့်ပါတယ်။ တစ်ချို့ ဘုရားသောက်တော်ရေကို အရက်ခွက်အရွယ် အသေးလေးတွေနဲ့ တစ်နေကုန် တစ်ခါပဲ ကပ်တာတွေ ရှိပါသေးတယ်။ အလကား ရတဲ့ရေကိုတောင် နဲနဲသေးသေးလေးပဲ ကပ်တော့ ပြောစရာဖြစ်တာပေါ့။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလောက် သေးသေးလေးကို တစ်နေကုန်သောက်ပြီး နေနိုင်မနေနိုင် ဆင်ခြင်သင့်ပါတယ်။ ပန်းကပ်တာလည်း ရှိသေးတယ်။ ကြာကြာခံအောင်၊ နောက်မလဲရအောင် ဆိုပြီး ကပ်လှူကြတယ်လေ။ ဇော်စိမ်းဇော်ကြားတဲ့။ ကပ်ပြီးပန်းအိုးထဲမှာ အမြစ်ပါ ပေါက်လာတော့ ပိုခံတာပေါ့တဲ့။ အဲဒါဆိုလဲ ကပ်မနေနဲ့တော့ပေါ့။ ပန်းလည်းလှပြီး အနံ့အသက်ရှိတဲ့ ပန်းဆို ဘုရားရှင်ကို ပိုပြီးပူဇော်လို့ ကောင်းတာပေါ့။ ပြီးတော့ သစ်သီးကပ်တာတွေ ရှိပါသေးတယ်။ ဈေးသွား ငှက်ပျောသီး၊ သရက်သီး အစိမ်းအလုံး လှလှလေးတွေ ၀ယ်လာပြီ ဘုရားစင်ပေါ်တင်ကပ်ထား၊ မှည့်တဲ့အခါကျတော့ စွန့်ပြီး ကိုယ်စားပစ်လိုက်တာတွေ ရှိပါတယ်။ ဒီတော့ ဘုရားစင်က သစ်သီးအုပ်တဲ့စင်လို ဖြစ်နေပြန်ပါတယ်။ အဲဒီလို မဖြစ်သင့်ပါဘူး။ သစ်သီးအစိမ်းအလှတွေ ၀ယ်လာလို့ ဘုရားစင်မှာ ကပ်လှူထားဖြစ်ရင်လည်း မှည့်တဲ့အခါမှာ သေချာကျကျနန ခွဲပြီးဇွန်းလေး၊ ခရင်းလေးတွေထည့်ကာ အချိန်ကာလကြည့်ပြီး ကပ်လှူသင့်ပါတယ်။ ဒါမှ သစ်သီးဆွမ်းကပ်ရာ ရောက်မှာပေါ့။ ခုတော့ အစိမ်းဝယ်တင်ထားပြီး ကိုယ်တော်အဆင်ပြေသလို ဘုဉ်းပေးဆိုတာမျိုး ဖြစ်နေပါတယ်။ မထူးပါဘူး။ ဓားနဲ့ဇွန်းခရင်းပါတင်ပြီး မှည့်ရင်အရှင်ဘုရား ကိုယ်တိုင်ပဲ ခွဲစားပါဘုရားလို့ တစ်ခါတည်း ကပ်ထားလိုက်ပေါ့။ ပိုသက်သာတာပေါ့။ ထားပါလေ။ ပြောချင်တာက ဘာပဲကပ်ကပ် သက်တော်ထင်ရှား ဘုရားကို ရည်မှန်းပြီး ကိုယ်တတ်နိုင်သမျှကို နည်းသည်များသည်မဟုတ်ဘဲ သေချာကျကျနန ကိုယ်နဲ့ထပ်တူ စဉ်းစားကာ ဦးဦးဖျားဖျား ကပ်လှူကြဖို့ ပြောတာပါ။

ဘုရားရှင်ရဲ့ အလုပ်အကျွေး အရှင်အာနန္ဒာ မထေရ်လို့ပေါ့။ အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းမှာလည်း ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်တုန်းကလိုပဲ မပျက်မကွက် ပြင်ဆင်ကာ “အရှင်ဘုရား ဒီအချိုန်က မျက်နှာသစ်ရေ သုံးဆောင်ရမယ့်အချိန်၊ ဒီအချိန်က အရုဏ်ဆွမ်းဘုဉ်းရမယ့် အချိန်၊ ဒီအချိန်က နေ့ဆွမ်းဘုဉ်းပေးရမယ့် အချိန်ပါဘုရား“ စသည်ဖြင့် သက်တော်ထင်ရှား ဘုရားရှင်ကို လုပ်ကျွေးနေတဲ့ ပုံစံအတိုင်း ကပ်လှူလုပ်ကျွေးတယ်လို့ ဆိုပါတယ်။ အရှင်အာနန္ဒာမထေရ်လောက် မလုပ်နိုင်ကြပေမယ့် ဗုဒ္ဓဘာသာများဟာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလေးနဲ့ ကိုယ်စားတဲ့အရာလေးတွေကို တတ်နိုင်သမျှ ကျကျနနပြင်ဆင်ကာ ရိုရိုသေသေ ကပ်လှူကြစေချင်တာပါ။ ဒါကြောင့်မို့ ဘုရားဆွမ်းတော်ကပ်တာကို နတ်တင်သလိုမျိုး ဖြစ်သလို မတင်ကြဘဲ နည်းများမဆို စေတနာ သဒ္ဓါတရားအပြည့်နဲ့ သေချာကျကျနန ပြင်ဆင်ကပ်လှူကြဖို့ အလွဲလေးတွေကို မလွဲအောင် သတိပေးတင်ပြခြင်း ဖြစ်ပါတယ်။
Read More...

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း

ဒီပို့စ်လေးဟာ ၀ိပဿနာတရားကို အတော်အသင့် အားထုတ်းဖူးသူများ၊ အတိုင်းအတာ တစ်ခုအထိ အတွေ့အကြုံရှိထားသူများ၊ ၀ိပဿနာ ဉာဏ်အဆင့်အတန်း အထိုက်အလျှောက် မြင့်ထားသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ဘဲ ၀ိပဿနာအလုပ် တစ်ခါမှ မလုပ်ဖူးသူများ၊ စမ်းပြီးတရား အားထုတ်ချင်ပေမယ့် ဘယ်လိုအားထုတ်ရမယ်ဆိုတဲ့ အခြေခံ အားထုတ်နည်းကိုပင် မသိသူများ စသူတို့အတွက် ရည်ရွယ်ပြီး ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အနေဖြင့် သေသေချာချာ အချိန်ယူပြီး နားလည် သဘောပေါက်အောင် အကြိမ်ကြိမ် ဖတ်ရှုကာ လက်တွေ့အားထုတ်ကြည့်စေ ချင်ပါတယ်။ ဒီနေရာမှာ ၀ိပဿနာ တရားအားထုတ်နည်းကို မပြောခင် ၀ိပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အရင်ပြောလိုပါတယ်။

ဝိပဿနာဆိုတာ ၀ိဝိဓေန ပဿနာ ၀ိပဿနာလို့ စာပေမှာဆိုတဲ့အတိုင်း ၀ိဝိဓေန- အထူးထူးအပြားပြားအားဖြင့် ပဿနာ- မြင်ခြင်း၊ ကြည့်ခြင်း၊ ပိပဿနာ- အထူးထူးအပြားပြား မြင်ခြင်းကြည့်ခြင်းလို့ စာလိုနားလည်ထား နိုင်ပါတယ်။ အထူးထူး အပြားပြား မြင်တယ်ဆိုတာ ဘာပဲဖြစ်ဖြစ် မြင်ခြင်းသိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှအရာကို သိနေခြင်း၊ ဉာဏ်မျက်စိဖြင့် မြင်သလို မြင်နေခြင်းလို့ ဆိုလိုပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင် ဖြစ်သမျှအရာတွေ အပေါ်မှာ သတိကပ်နေခြင်းပါပဲ။ အဲဒါကို သတိပဋ္ဌာန- သတိ၏ မြဲစွာတည်ခြင်း၊ သတိရှိနေခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် အချို့က တရားအားထုတ်တာကို ၀ိပဿနာ သတိပဋ္ဌာန်ပွားများတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သတိပဋ္ဌာနသုတ်လာ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်ခြင်းကိုပဲ ၀ိပဿနာ တရားအားထုတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် သတိပဋ္ဌာန်လို့ပဲဆိုဆို၊ ၀ိပဿနာလို့ပဲဆိုဆို၊ သတိပဋ္ဌာန် ၀ိပဿနာလို့ပဲ ပြောပြော အဓိပ္ပါယ်ကတော့ စိတ်နဲ့ရုပ်မှာ ဖြစ်ပေါ်တတ်တဲ့ အာရုံတွေကို မလွတ်တမ်း သတိကပ်နေခြင်း၊ ဘာပဲဖြစ်ဖြစ် သတိရှိနေခြင်းပါပဲ။ ဒါကြောင့် ဒီနေရာမှာ တင်ပြပေးမယ့် အခြေခံဝိပဿနာ တရားအားထုတ်နည်းဟာလည်း မဟာသတိပဋ္ဌာန သုတ်လာ ဘုရားရှင်ဟောကြားတော်မူတဲ့ နည်းကိုပဲ အခြေခံပြီး နားလည်လွယ်အောင် တစ်ဆင့်ပြန်လည် တင်ပြပေးမှာ ဖြစ်ပါတယ်။

မဟာသတိပဋ္ဌာနသုတ်ကို ကြည့်ရင် ၀ိပဿနာတရား ဘာကြောင့် အားထုတ်ဖို့လိုကြောင်း အကြောင်းပြချက်မှစပြီး အားထုတ်တဲ့အခါ နေရာရွေးချယ်ထိုင်ပုံနည်းကအစ ဖော်ပြပေးထားတာကို တွေ့ရပါတယ်။ လောကသားတို့၏ စိုးရိမ်သောက ပူဆွေးမှုများမှစ၍ ကိလေသာကုန်ခမ်းပြီး ငြိမ်းချမ်းရာ နိဗ္ဗာန်ကို သွားရန်မှာ တစ်ခြားနည်းမရှိဘဲ ဒီသတိပဋ္ဌာန်နည်းပဲ ရှိတယ်ဆိုတာကို မဟာသတိပဋ္ဌာန သုတ်မှာအတိအလင်း ဖော်ပြထာိးပါတယ်။ ဗုဒ္ဓက “ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏ စိတ်စင်ကြယ်စေရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ကို ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏။ ယင်းသည့်ခရီးလမ်းကား ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားတို့၌ ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားဟူ၍ သတိသမ္ပဇဉ်ဖြင့် မလွတ်အောင် အကြိမ်ကြိမ် ရှုမှတ်၍နေခြင်း ဟူသော ဤသတိပဋ္ဌာန်လေးပါး အကျင့်တရားတို့ပင်တည်း…”လို့ ဟောကြားတော်မူပါတယ်။ ဆိုလိုတာက စိုးရိမ်သောက ပူဆွေးမှုအားလုံး ချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အတွက် စိတ်၊ ဝေဒနာ၊ ရုပ်နှင့် ဓမ္မခေါ် သဘောတရားတွေမှာ ဉာဏ်ပညာဖြင့် မလွတ်တမ်း သတိရှိရှိ မှတ်သိနေဖို့လိုကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်သောက ပူဆွေးမှုများ ကုန်ဆုံးကာ ကိလေသာငြိမ်းရာ နိဗ္ဗာန်ကို သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြစ်သည့် ဒီသတိပဋ္ဌာန် ၀ိပဿနာ အလုပ်ကို အားထုတ်ဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ၀ိပဿနာတရား စတင်အားထုတ်တဲ့ ယောဂီဟာ “တောသို့သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကိုဖြောင့်မတ်စွာထား၍ သတိကို ရှေးရှုဖြစ်စေလျှက် ထိုင်ရမည်ဖြစ်ကြောင်း” ဒီသုတ်တော်မှာ ပြထားပါတယ်။ ဒါကြောင့် စတင်အားထုတ်မယ့် ပုဂ္ဂိုလ်ဟာ တောတောင်သစ်ပင် စသည်များ ရှိတဲ့နေရာကို မသွားနိုင်တာတောင်မှ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုခုမှာနေပြီး အမျိုးသားဆိုရင် သက်သောင့်သက်သာ တင်ပလ္လင်ခွေထိုင်၊ အမျိုးသမီးဆိုရင်လည်း သင့်လျှော်သလို သက်သောင့်သက်သာ ထိုင်၊ ခါးနဲ့ခေါင်းကို ဖြောင့်မတ်စွာထားပြီး မျက်လွှာချကာ လက်အနေအထားကတော့ ဘယ်ဘက်လက်ပေါ် ညာဘက်လက် ထပ်ပြီးထားလိုကထား၊ ဒူးနှစ်ဘက်ပေါ်မှာ တစ်ဘက်စီထားလိုကထားပြီး ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ရပါမယ်။ အဲဒီလို ပြင်ဆင်ပြီး ကာယာနုပဿနာလို့ခေါ်တဲ့ အာနာပါန ထွက်လေ၊ ၀င်လေကစပြီး သတိကပ်ကာ ရှုမှတ်ရပါမယ်။

ဗုဒ္ဓက “ရဟန်းသည် (ယောဂီသည်) သတိရှိလျက်သာလျင် ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊ ရှည်ရှည်ရှိုက်ရှူလျှင်လည်း ရှည်ရှည်ရှိုက်ရှူသည်ဟု သိ၏၊ တိုတိုရှိုက်ရှူလျှင်လည်း တိုတိုရှိုက်ရှူသည်ဟု သိ၏၊ ထွက်လေ၀င်လေ၏ အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်ရှူမည်ဟု သိလျှက်ကျင့်၏…” စသဖြင့် အခြေခံ အာနာပါန မှတ်နည်းကို ပြတော်မူပါတယ်။ ဒါကြောင့် ၀ိပဿနာ တရားအားထုတ်မယ့် ယောဂီဟာ နေရာထိုင်ခင်းနှင့် ခန္ဓာကိုယ်ကို အဆင်ပြေသလို ပြင်ဆင်ပြီး စိတ်မှာတစ်ခြား ဘာအာရုံမှ မရှိစေဘဲ (အားလုံးကို မေ့နိုင်အောင် ကြိုးစား) ကိုယ့်ရဲ့စိတ်ကို အခြေခံ အမှတ်အာရုံဖြစ်တဲ့ နှာသိးဖျားကို အာရုံပြုထားရပါမယ်။ အဲဒီလိုစိတ်နဲ့ နှားသီးဖျားကို အာရုံပြု မြင်အောင်ကြည့်ပြီး ထွက်လေ၀င်လေကစ မှတ်ရပါမယ်။ နှာခေါင်းအပေါက်လေးကနေ တိုးပြီး အပေါ်နှုတ်ခမ်းစပ်လေးကို ထိထွက်လာတဲ့ ထွက်လေ၊ ထွက်လေဆုံးပြီး ပြန်ပြီးတိုးဝင်လာတဲ့ ၀င်လေကို အလိုက်သင့်လိုက်ပြီး မှတ်သိပေးနေရပါမယ်။

ဒီလို မှတ်တဲ့အခါမှာ အရှိအတိုင်းလေးပဲ မှတ်သိပေးနေရပါမယ်။ အသက်ကို လုပ်မရူရပါဘူး။ သူ့ပုံမှန် ရှူရှိုက်နေကျ အတိုင်းပဲ လိုက်သိနေရုံပါပဲ။ အဲဒီလို လိုက်သိမှတ်တဲ့အခါမှာ အမှတ်အာရုံကို ထွက်သွားတဲ့လေ၊ ၀င်လာတဲ့လေလေး ဆုံးသွားအောင် နှာသီးဖျားနဲ့ အထက်နှုတ်ခမ်းကြားကနေပြီး အလိုက်သင့်စောင့်ကြည့် သိမှတ်ပေးရပါမယ်။ တစ်နေရာတည်းကပဲ စောင့်ကြည့်မှတ်ပေးရမယ်လို့ ဆိုလိုပါတယ်။ ထွက်လာ၊ ၀င်လာတဲ့လေရဲ့နောက်ကို လိုက်ပြီး ရင်ခေါင်းမှတစ်ဆင့် ၀မ်းဗိုက်အထိ လိုက်နေစရာ မလိုပါဘူး။ နှာသီးဖျားလေးကပဲ စောင့်ပြီး ထွက်လေ၀င်လေ ဆုံးအောင်တိုးထိလာတဲ့ လေလေးကို အလိုက်သင့်လိုက်မှတ် ပေးရပါမယ်။ ထွက်လေ၀င်လေကို အစအဆုံး အလိုက်သင့် လိုက်သိနေရမယ်ဆိုတာ အဲဒီနှာသီးဖျားနဲ့ အထက်နှုတ်ခမ်းဖျား နေရာလေးကပဲ စောင့်ကြည့်ပြီး တိုးထွက်လာတဲ့ ထွက်လေဆုံးသွားတဲ့အထိ၊ ထွက်လေဆုံးတာနဲ့ တစ်ပြိုင်နက် ၀င်လာတဲ့လေကိုလည်း အဲဒီနေရာကနေ တိုးဝင်လာတဲ့ လေလေးဆုံးသွားတဲ့အထိ စိတ်ကနေ သိမှတ်ပေးနေရပါတယ်။ အဲဒီလို ထွက်လေအစအဆုံး၊ ၀င်လေအစအဆုံးကို တစ်နေရာတည်းကနေ စောင့်ကြည့်သိရှိပေးနေတာကိုပဲ အစအလယ်အဆုံး ရှုမှတ်တယ်လို့ ဆိုပါတယ်။ အစကနေ ဆုံးသွားတဲ့အထိ မလွတ်တမ်းမှတ်နေရင် အလယ်မှာလည်း မလွတ်တော့ပါဘူး။ ဒါကိုပဲ မလွတ်တမ်း မှတ်တယ်လို့ ဆိုပါတယ်။ ဒီနည်းအတိုင်း မလွတ်အောင် ကြိုးစားပြီး အကြိမ်ကြိမ် မှတ်သိပေးရပါတယ်။ ရှုမှတ်တယ်ဆိုတာ တိုးထွက်တိုးဝင်လာတဲ့ လေကို မလွတ်အောင် သတိကပ်ပြီး လိုက်သိပေးနေတာကို ဆိုလိုတာဖြစ်တဲ့အတွက် အကြိမ်ကြိမ် မှတ်သိပေးနေရပါတယ်။

ခုမှ စမှတ်တဲ့ ယောဂီတွေအတွက် မှတ်ခါစမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ သမာဓိ မရှိသေးတဲ့အတွက် စိတ်မှာ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံ ၀င်တတ်ပါတယ်။ ဒီထွက်လေ၀င်လေကိုပဲ ကောင်းကောင်းမှတ် မရတာတွေလည်း ရှိတတ်ပါတယ်။ ထွက်လေ၀င်လေ မထင်ရှားတာကို ပြောတာပါ။ အဲဒီလို အခါမျိုးမှာ ကိုယ်အသက်ရှုနေတယ်ဆိုတဲ့ အသိလေးတော့ ရှိတတ်ပါတယ်။ အဲဒီအသိအတိုင်း သိမှတ်နေရင်လည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ မှတ်နေရင်းနဲ့ စိတ်ကအပြင်ရောက်ပြီး အတွေးစိတ်ကူးတွေနောက် ပါသွားတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သတိရတိုင်း ပြန်ပြီးနှာသီးဖျား အမှတ်အာရုံကို ပြန်ယူပြန်မှတ်ပေးရပါတယ်။ ဒီလို စိတ်ထွက်လိုက် သတိရတဲ့အခါ ပြန်မှတ်လိုက် ထပ်ခါထပ်ခါ အကြိမ်ကြိမ်လုပ်ပေးရင် တဖြည်းဖြည်း သမာဓိ ရလာပါလိမ့်မယ်။ စမှတ်ကာစ သမာဓိ အားနည်းနေသေးတဲ့ အချိန်မှာ စိတ်ဓာတ်မကျ ဇွဲမလျှော့ဘဲ ကြိုးစားမှု ၀ီရီယကို ပိုပြီးအားဆိုက် ပေးရပါတယ်။ ဒါမှ သမာဓိ အားကောင်းလာမှာပါ။

ခုလို အာနာပါနကို အခြေခံပြီး အားထုတ်နေတာဟာ ကာယာနုပဿနာရှုနေတာ ဆိုပေမယ့် တကယ့်ဝိပဿနာပိုင်းကို သွားဖို့အတွက် သမာဓိ တည်ထောင်နေတာလို့ ပြောနိုင်ပါတယ်။ အာနာပါနကို ပင်တိုင်အမှတ်အာရုံ အဖြစ်ထားပြီး ၀ိပဿနာပိုင်းကို ကူးရင်ပိုပြီး အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် စမှတ်တဲ့ ယောဂီအနေဖြင့် ဒီထွက်လေ၀င်လေကို မလွတ်တမ်း အစအဆုံး မှတ်တဲ့အလုပ် တစ်ခုတည်းကိုပဲ အချိန်ပေးပြီး မှတ်စေချင်ပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ တခြားအာရုံတွေနောက်ကို လိုက်မမှတ်သေးပဲ အာနာပါန တစ်ခုတည်းကိုပဲ မှတ်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမာဓိ မတည်သေးခင် ၀ိပဿနာပိုင်းကို ကူးတဲ့အခါမှာ မှတ်ရတာ ခက်တတ်လို့ပါ။ အာနပါနကိုပဲ တစ်နာရီမှာ တစ်နာရီနီးပါးလောက် မလွတ်တမ်း မှတ်နိုင်ပြီဆိုမှ ခန္ဓာကိုယ်မှ ပေါ်လာတတ်တဲ့ ထုံတာ၊ ကျင်တာ၊ နာတာ၊ ကိုက်တာ၊ ယားတာ စတဲ့ ဝေဒနာတွေကို ပြောင်းပြီး ပေါ်ရာပေါ်ရာကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး မှတ်သိပေးရပါတယ်။ အဲဒီလို မှတ်တဲ့အခါမှာ ဝေဒနာရဲ့ သဘောကို စိတ်ကလေးနဲ့ မြင်အောင်ကြည့်ပြီး မှတ်သိပေးရပါတယ်။ ဝေဒနာရဲ့ သဘောဆိုတာက ကျင်ရင်ကျင်နေတဲ့ ခံစားမှု၊ ယားရင်ယားနေတဲ့ ခံစားမှု၊ ပူရင်ပူးနေတဲ့ ခံစားမှု စတာကို ပြောတာပါ။

တစ်ခါတစ်ရံ ဝေဒနာက နှစ်ခုသုံးခု ပေါ်နေတတ်တာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး၊ မှတ်လို့အကောင်းဆုံးဖြစ်တဲ့ ခံစားမှု ဝေဒနာတစ်ခုကိုပဲ ရွေးချယ်မှတ်ပေးရပါတယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ ဝေဒနာက ပိုပြီးပြင်းထားလာတာလည်း ရှိတတ်သလို လျှော့သွားတာလည်း ရှိတတ်ပါတယ်။ ပိုးယားလာတာ၊ ပိုပူလာတာ၊ ပိုကျင်လာတာ စတာတွေပေါ့။ များသောအားဖြင့် ပိုပြင်းလာတတ်ပါတယ်။ ဖြစ်နိုင်ရင် ပေါ်သမျှဝေဒနာကို သီးခံပြီး ဒီဝေဒနာကို ကျော်သွားအောင် မှတ်ကြည့်စေချင်ပါတယ်။ ဆိုလိုတာက ဝေဒနာကပဲ ပိုပိုပြင်းနိုင်မလား ကိုယ်ကပဲ အမှတ်မလွတ်အောင် သီးခံပြီး မှတ်နိုင်မလားဆိုတဲ့ သဘောပါ။ တတ်နိုင်သမျှ သီးခံပြီးမှတ်လို့မှ ဝေဒနာက မလျှော့ဘဲ ပိုပြီး တိုးတိုးလာနေတယ် ဘယ်လိုမှ မခံနိုင်တော့ဘူးဆိုရင်တော့ ဒီဝေဒနာကို လစ်လျူရှုပြီး အာနာပါနကို ပြန်မှတ်ကြည့်ပါ။ ဒါလည်းမရ ပိုပြီးပြင်းလာတယ်၊ မှတ်ရင်းနဲ့ မခံမရပ်နိုင်ဖြစ်လာပြီး မပျောက်ရကောင်းလားဆိုတဲ့ ဒေါသအတွေးတွေပါ ဖြစ်လာတယ်ဆိုရင်တော့ ထိုင်ထားတဲ့ ဣရိယပုတ်လေးကို သတိလေးနဲ့ ပြင်ပြီးထိုင်မှတ်ကြည့်ပါ။ ဣရိယာပုတ် ပြောင်းသွားရင် ဝေဒနာလည်း ပြောင်းသွားတတ်ပါတယ်။ ဒါက နောက်ဆုံး ဝေဒနာကို ဘယ်လိုမှ သီးခံလို့ မရတော့မှ ပြောင်းကြည့်ဖို့ပါ။ ဒီနည်းအတိုင်း ပေါ်ရာပေါ်ရာကို လိုက်လိုက်မှတ်ပေးတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

နောက်သမာဓိ အားကောင်းလာတဲ့ အခါမှာ ကိုယ့်ရဲ့စိတ်အစဉ်ကိုပါ သိလာတတ်ပါတယ်။ စိတ်မှာအတွေးတွေ ၀င်တော့မယ် ၀င်နေတယ် ဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ကို သတိနဲ့ သိအောင်မှတ်ပေးရပါတယ်။ စိတ်ဆိုတဲ့ သဘောက တစ်ခါတည်း ချုပ်ကိုင်ထားလို့ မရတဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က သိလိုက်တာနဲ့ ရှေ့စိတ်ပျောက်ပြီး နောက်သိစိတ်က ပေါ်လာတာပါပဲ။ အဲဒီလို တစ်စိတ်ပြီး တစ်စိတ်မှတ်မှတ် သိပေးရင်ကိုပဲ စိတ္တာနုပဿနာ ဖြစ်နေတာပါ။ ဆိုကြပါစို့..။ စိတ်မှာ အလိုမကျဖြစ်တဲ့အခါ အဲဒီအလိုမကျတာကို သိလိုက်တာနဲ့ ဒီအလိုမကျတဲ့ စိတ်မဖြစ်တော့ဘဲ သိစိတ်က ဖြစ်ပေါ်လာပါတယ်။ ဒီသိစိတ်ဟာလည်း နောက်နောက်စိတ်တွေက ထပ်ထပ်ပြီး ပေါ်ပေါ်လာတဲ့အခါ အသစ်အသစ် ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ်လာသမျှ စိတ်အစဉ်ကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်သိပေးနေနိုင်ရင် ဒီစိတ်ဟာ ရှေ့ဆက်မဖြစ်တော့ ပါဘူး။ အဲဒီလို ပေါ်သမျှကို လိုက်သိပေးနေတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

အထက်မှာ ပြောခဲ့တဲ့နည်းအတိုင်း အာနာပါနမှ စပြီး ရှုမှတ်ကာ သမာဓိထူထောင်လို့ ၀ိပဿနာပိုင်းကူးပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အရာမှန်သမျှကို လိုက်ပြီးသိမှတ်ပေးနေရုံနဲ့ပဲ ဗုဒ္ဓပြောတဲ့ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်နေပြီးသား ဖြစ်နေပါတယ်။ တစ်ထိုင်တည်းမှာပဲ ပေါ်ရာပေါ်ရာကို လိုက်လိုက်ပြီး မှတ်သိနေတဲ့အတွက် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ သဘောတရားကို မှတ်သိတဲ့ ဓမ္မာနုပဿနာကို ရှုမှတ်ပြီးသား ဖြစ်နေပါတယ်။ ဒါက အမည်နာမအနေနဲ့သာ ပြောခြင်းဖြစ်ပါတယ်။ အဓိကကတော့ ဘာပဲဖြစ်ဖြစ် ပေါ်ရာပေါ်ရာကို လိုက်မှတ်နေရုံပါပဲ။

တကယ်တော့ အားတဲ့အခါတိုင်း ဒီအမှတ်လေးနဲ့ နေတတ်တဲ့ အကျင့်လေးလုပ်ပေးရင် ကောင်းပါတယ်။ တိတ်ဆိတ်ငြိမ်သက်ရာမှာ ထိုင်ပြီး မှတ်ရမယ်လို့ အထက်မှာ ဆိုထားပေမယ့် လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုတ်လေးမျိုးလုံးကို ဘယ်လိုနေရာ ဘယ်လိုအချိန်၊ ဘယ်လိုအခြေ အနေမျိုးဖြစ်ဖြစ် မှတ်သိနိုင်ပါတယ်။ ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် ကိုယ့်နေရာလေးမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်မှာ သတိလေးကပ်ပြီး သိမှတ်ပေးနေရင်လည်း တရားမှတ်တာပါပဲ။ အိပ်ရာပေါ် လှဲနေတဲ့အချိန်မှာလည်း တစ်ခြားအရာတွေ လျှောက်တွေးနေတာထက်စာရင် နှာသီးဖျားမှာ စိတ်လေးကပ်ပြီး အာနာပါနမှတ်နေရင်လည်း ကုသိုလ်ဖြစ်ပြီး သမာဓိတည်နေကာ အမှတ်သတိနဲ့ နေနေတာဖြစ်ပါတယ်။ တစ်နေရာရာကို ကားစီး၊ ရထားစီး သွားရင်လည်း အာနာပါနလေးနဲ့၊ အမှတ်သတိလေးနဲ့ မှတ်သွားနိုင်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း အလုပ်မှာ အာရုံဆိုက်ပြီး လှုပ်ရှားနေတဲ့ ကိုယ်အမူအရာတွေကို သတိကပ်ပြီး လိုက်သိပေးနေတာလည်း အလုပ်ခွင်မှာ တရားမှတ်တာလို့ ပြောနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ တရားမှတ်မှုကို လျောင်း၊ထိုင်၊ရပ်၊သွား ဣရိယာပုတ်လေးပါးလုံးမှာ အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်မှတ်နိုင်တယ် ဆိုတာပါပဲ။

အာနာပါနကို အခြေခံထားတဲ့ အခြေခံ ၀ိပဿနာ ရှုနည်းကို တစ်နေ့တစ်နေ့ အချိန်လေး နဲနဲစီပေးပြီး ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ပုံစံမျိုးနဲ့ မှတ်ပြီးလေ့ကျင့်နိုင်ဖို့ ဒီအခြေခံ ၀ိပဿနာရှုနည်းကို တင်ပြပေးလိုက်ပါတယ်။ ဘုရားရှင်ရဲ့ ဒီမဟာသတိပဋ္ဌာနသုတ် တစ်ခုလုံးရဲ့ အချုပ်စကားက ”ယထာဘူတံ ပဇာနာတိ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ဟုတ်တိုင်းမှန်စွာ သိပါဆိုတဲ့ အဓိပ္ပါယ်ပါ။ ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာက ခုနပြောခဲ့သလို ပေါ်သမျှ ဖြစ်သမျှ အာရုံတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ သိအောင်လုပ်ပါလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ပေါ်သမျှကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး သိမှတ်ပေးနေတာဟာ ၀ိပဿနာ အားထုတ်ထာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ်များမှာ ဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် သတိကပ်ကာ လိုက်သိ၊ လိုက်မှတ်ကြည့်ပါဟု တိုက်တွန်းလိုက်ပါတယ်။
Read More...

လောကဓံဟူသည်

လောကရှိလူသားတိုင်း တွေ့ကြုံရမည့် သဘောတရားကို လောကဓမ္မ(လောကဓံ)ဟု ခေါ်၏။ လူသားတိုင်း မဖြစ်မနေ တွေ့ကြုံခံစားရမည့် ယင်းလောကဓံ တရားများမှာ ၁။ လာဘ်လာဘပေါများခြင်း၊ ၂။ လာဘ်လာဘမရှိခြင်း၊ ၃။ အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများခြင်း၊ ၄။ အခြံအရံ မိတ်ဆွေအပေါင်းအသင်း မရှိခြင်း၊ ၅။ ချီးမွမ်းခံရခြင်း၊ ၆။ ကဲ့ရဲ့ခံရခြင်း၊ ၇။ ချမ်းသာခြင်း၊ ၈။ ဆင်းရဲခြင်းဟူသော ဤတရားရှစ်ပါးပင် ဖြစ်၏။ ဤတရားရှစ်ပါးကို မတွေ့ကြံဖူးသူ၊ မခံစားဖူးသူ တစ်စုံတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ အားလုံးတွေ့ကြုံ ခံစားဖူးကြမည်သာ ဖြစ်၏။ လောကဓံတရားရှစ်ပါးတွင် အကောင်းလောကဓံ ရှိသကဲ့သို့ အဆိုးလောကဓံလည်း ရှိ၏။ သို့သော် အကောင်းလောကဓံနှင့် ကြုံသည့်အခါ အားလုံးနှစ်သက် သဘောကျကြပြီး မည်သူကမျှ `ဒါလည်းပဲ လောကဓံပါလား`ဟု တွေးကာ သတိနဲ့နေမှပဲဟူသည့် အတွေးမရှိကြပေ။ စင်စစ် ဤအကောင်း လောကဓံသည်လည်း မည်သူမဆို မလွဲမသွေ တွေ့ကြုံရမည့် လောကဓံပင်ဖြစ်၏။ မည်သူမျှ အကောင်းချည်းပဲ မရှိနိုင်သကဲ့သို့ အဆိုးချည်းများနှင့်လည်း မရှိနိုင်ပေ။ အကောင်းအဆိုးတွဲပြီး ကြုံတွေ့နေကြ ရမည်သာ ဖြစ်၏။ ပုထုဇင်များ၏သဘောကား ကောင်းသည်များကိုသာ လိုလားနှစ်သက်ကြ၏။ အကောင်းများနှင့်သာ ကြုံတွေ့နေလိုကြ၏။ သို့အတွက်ကြောင့်လည်း အဆိုးလောကဓံနှင့် ကြုံတွေ့သည့်အခါ အလွယ်တကူ ပျက်ဆီးသွားကြခြင်းဖြစ်၏။ စင်စစ် အဆိုးလောကဓံကြောင့် ပျက်ဆီးနိုင်သကဲ့သို့ အကောင်း လောကဓံကြောင့်လည်း ပျက်ဆီးနိုင်ပေ၏။ သိပ်ချမ်းသာသည့်သူများ ဘ၀ပျက်နေကြသည်ကို တွေ့ကြရပေမည်။ ထိုသူများသည် အကောင်းလောကဓံကို မခံနိုင်သဖြင့် ပျက်ဆီးနေကြရခြင်းဖြစ်၏။

မြတ်စွာဘုရားရှင်က အကောင်းလောကဓံနှင့် ကြုံသည့်အခါ အလွန်အကျွံ မပျော်မိကြရန်၊ မခံစားမိကြရန်၊ အဆိုးလောကဓံနှင့် ကြုံသည့်အခါတွင်လည်း အလွန်အကြူး စိတ်မညစ်ရန်၊ စိတ်ဓာတ်မကျရန်နှင့် ဤအကောင်းအဆိုးဟူသည်များမှာ လောကဓံတရားများပါလားဟု သတိကပ်ကာ ခံနိုင်ရည်ရှိအောင် ကြိုးစားကြရန် မိန့်ကြားတော်မူ၏။ မှန်၏။ ဤအကောင်းအဆိုး လောကဓံတရားများသည် လူတစ်ယောက်၏ ဘ၀ကို ပြောာင်းလွဲသွားနိုင်၊ ပျက်ဆီးသွားနိုင်ပေ၏။ မျက်မှောက်ခေတ်တွင် လောကဓံတရားကို မခံနိုင်ကြသဖြင့် ပျက်ဆီးသွားကြသူများကို အားလုံးတွေ့ကြုံဖူးကြမည် ဖြစ်၏။

အချို့ လာဘ်လာဘ ပေါများမှုဟူသော လောကဓံကို မခံနိုင်ကြသဖြင့် ပျက်ဆီးသွားကြ၏။ လာဘ်လာဘများသဖြင့် အပျော်အပါး အလွန်လိုက်စားကာ မိမိကိုယ်ကို မိမိမထိန်းနိုင်ဖြစ်ကုန်ကြ၏။ ယင်းအပျော်အပါးများကြောင့်ပင် ကိုယ့်ကျင့်တရားများလည်း ပျက်ဆီးသွားတတ်ကြ၏။ အရာရာ ငွေနှင့်ရှင်းလျှင် ဖြစ်သည်ဟူသော အတွေးဖြင့် လုပ်ချင်ရာလုပ်မိတတ်ကြ၏။ နောက်ဆုံး နားထင်သွေးရောက်ကာ ထင်ရာဆိုင်းမိကြသဖြင့် ဘ၀ပါပျက်ဆီး သွားတတ်ကြ၏။ ဤသည်မှာ လာဘ်လာဘ ပေါများမှုဟူသော လောကဓံကို မခံနိုင်ကြ၍ဖြစ်၏။ ထို့ကြောင့် လာဘဟူသော လာဘ်လာဘ ပေါများသည့်အခါတွင်လည်း `ဒါလည်းပဲ လောကဓံပါလား`ဟူသော အတွေးဖြင့် သတိပြုဆင်ခြင်ရန် လိုအပ်၏။ အချို့လည်း အလာဘဟူသော ပစ္စည်းလာဘ်လာဘ မရှိသဖြင့် လာဘ်လာဘရအောင် ကြိုးစားရင်း ပျက်ဆီးသွားကြသည်များလည်း ရှိ၏။ မိမိတို့ရှိသမျှ ရသမျှလေးများဖြင့် မရောင့်ရဲနိုင်ကြသဖြင့် ပို၍ရအောင် ကြိုးစားကြရင်း ရေတိမ်နစ်သွားတတ်ကြ၏။ အထူးသဖြင့် မိန်းကလေးများမှာ ဤလောကဓံကြောင့် ပိုမိုပျက်ဆီးတတ်ကြ၏။ အခြားသူများ ၀တ်စားသကဲ့သို့ ၀တ်ချင်စားချင်ကြသဖြင့် မှန်ကန်သည့်လမ်းကို မရွေးချယ်ကြဘဲ အလွယ်ရသည့်နည်းဖြင့် ကြိုးစားကာ လာဘ်လာဘ ရအောင်ရှာဖွေကြရင်း မိမိခန္ဓာကိုယ်ကို ရောင်းစားသည်အထိ ဖြစ်တတ်ကြ၏။ ဤသည်မှာ အလာဘဟူသော လာဘ်လာဘမရှိမှု လောကဓံကို မခံနိုင်ကြ၍ဖြစ်၏။

ထို့အတူ အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများခြင်း၊ မိတ်ဆွေအပေါင်းအသင်းမရှိ တစ်ယောက်တည်း အထီးကျန်ဖြစ်ခြင်းဟူသော လောကဓံတရားနှစ်ပါးနှင့် ကြုံသည့်အခါတွင်လည်း ခံနိုင်ရည်ရှိဖို့လို၏။ အချို့ မိတ်ဆွေ အပေါင်းအသင်းပေါများသဖြင့် အပေါင်းအသင်းများနှင့်သာ အချိန်ကုန်ပြီး မိမိအကျိုး ပျက်ဆီးမှုများရှိတတ်၏။ အပေါင်းအသင်းများတွင် မကောင်းသည့်မိတ်ဆွေ အပေါင်းအသင်းပါလာ ပါက ထိုအပေါင်းအသင်းကို အကြောင်းပြု၍ ယခင်ကမလုပ်တတ်သော မကောင်းသည့်အလုပ်များကို လုပ်လာတတ်သည်အထိ ဖြစ်တတ်၏။ စင်စစ် အခြံအရံ အပေါင်းအသင်းပေါများမှုသည် လာဘ်လာဘ ပေါများမှုနှင့်လည်း ဆက်စပ်မှုရှိ၏။ မိမိက သုံးနိုင်ဖြုန်းနိုင် စားသောက်နိုင်သဖြင့် အခြံအရံ အပေါင်းအသင်း ပေါများမှုလည်း ဖြစ်နိုင်၏။ မိမိတွင် ဘာမျှမရှိသည့်အခါ မိတ်ဆွေအပေါင်းအသင်းများသည်လည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်၏။ ထို့ကြောင့် အခြံအရံ အပေါင်းအသင်းပေါများမှု ရှိသည့်အခါ တွင်လည်း အလွန်အကျူး မဖြစ်ဖို့၊ မပျော်မိဖို့၊ မိမိအကျိုးပျက်သည်အထိ မဖြစ်ဖို့၊ အခြံအရံ အပေါင်းအသင်း ပေါများခြင်းဟာလည်း လောကဓံတစ်ခုပါလားဟု ဆင်ခြင်ကာ ခံနိုင်ရည်ရှိအောင် ကြိုးစားတတ်ဖို့ လိုအပ်၏။ အခြံအရံ မိတ်ဆွေအပေါင်းအသင်းမရှိ တစ်ယောက်တည်း အထီးကျန်ဖြစ်နေသည့်အခါတွင်လည်း နေတတ်အောင် ကြိုးစားဖို့ လိုအပ်၏။ တစ်ခါတစ်ရံ တစ်ယောက်တည်း ဖြစ်နေသည်က ကောင်းသည့်အခါမျိုးလည်း ရှိတတ်၏။ အပေါင်းအသင်းပေါများသည့်အခါ ထိုအပေါင်းအသင်းများကို အမှီပြု၍ မသွားချင်ဘဲသွားရ၊ မပြောချင်ဘဲလည်း ပြောရ၊ မစားချင်ဘဲလည်း စားရသည့်အဖြစ်မှ ကင်းနိုင်၏။ တစ်ယောက်တည်းဖြစ်နေသဖြင် မိမိလုပ်ချင်သည့် အလုပ်ကိုလွတ်လွတ်လပ်လပ် လုပ်ခွင့်ရတတ်၏။ စင်စစ် ကိလေသာဟူသည် မမြင်အပ်ရာ ကိလေသာ သူ့ဟာသူငြိမ်း၏ ဟူသော မဟာစည်ဆရာတော်ကြီး အဆုံးအမနှင့်အညီ တစ်ယောက်တည်းရှိနေသဖြင့် အပြင်မထွက်ဖြစ်သည့်အခါ အပြင်သွားသဖြင့် တွေ့ရမည့် အာရုံများကို အမှီပြု၍ ဖြစ်ရမည့် အကုသိုလ်များ မဖြစ်နိုင်ပေ။ ထို့ကြောင့် တစ်ယောက်တည်း နေတတ်အောင် ကြိုးစားသည့် အလေ့အကျင့်ကို လုပ်ပေးသင့်၏။ တစ်ယောက်တည်းနေတတ်လာလျှင် အယသဟူသော အခြံအရံ မိတ်ဆွေအပေါင်းအသင်းမရှိ တစ်ယောက်တည်း အထီးကျန်ခြင်းဟူသော လောကဓံကိုလည်း အလိုလို ခံနိုင်ရည် ရှိသွားမည်ဖြစ်၏။

လောကရှိလူတိုင်း တွေ့ကြံရမည့် အရေးအကြီးဆုံး လောကဓံမှာ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဟူသော ဟူသော လောကဓံပင်ဖြစ်၏။ မည်သူမဆို အကဲ့ရဲ့ ခံရဖူးကြသည်သာဖြစ်၏။ ကဲ့ရဲ့ခံရခြင်းမှ ကင်းလွတ်သူ တစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ သာမန်သူများ မဆိုထားဘိ မြတ်စွာဘုရားရှင်သော်မှလည်း ကဲ့ရဲ့မှုဒဏ်မှ မလွတ်ခဲ့ပေ။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ကဲ့ရဲ့မှုနှင့် ပတ်သက်၍ အတုလဥပသကာဝတ္ထုတွင် အောက်ပါအတိုင်း ဟောကြားတော်မူခဲ့၏။
``အို…အတုလ… ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်အလာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည် မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာဟောပြောသူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းခိုင်း၍ပြောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိ။ လုံးဝအကဲ့ရဲ့ခံရသူမည်သည် ရှေးကလည်း မရှိခဲ့၊ နောင်အခါလည်း ရှိလိမ့်မည်မဟုတ်၊ ယခုအခါ၌လည်း မရှိ။``
မှန်၏။ ဘုရားရှင်ဟောတော်မူခဲ့သည့် အတိုင်းပင် လောကတွင်ကဲ့ရဲ့ခံရခြင်းမှ ကင်းသောသူ မည်သည်မရှိသည့်အတွက် ကဲ့ရဲ့ခြင်းနှင့်ကြုံတွေ့ပါက မတုန်မလှုပ်ခံနိုင်ရည်ရှိအောင် ကြိုးစားလေ့ကျင့်ပေးဖို့ လိုအပ်၏။ ဤအတူပင် ချီးမွမ်းခြင်းနှင့် ကြုံသည့်အခါတွင်လည်း ခံနိုင်ရည်ရှိအောင် ကြိုးစားရ၏။ စင်စစ် ချီးမွမ်းခြင်းများကို ပြန်ကြည့်ပါက မိမိနှင့်အဆင်ပြေ၊ မိမိကျေးဇူးနှင့် မကင်းဘဲရှိနေသည့်အခါတွင် မိမိကို ၀ိုင်းဝန်းချီးမွမ်းနေကြမည်ဖြစ်ပြီး မိမိနှင့်အဆင်မပြေပါက ၀ိုင်းဝန်းကဲ့ရဲ့ကြမည်မှာ ဓမ္မတာပင်ဖြစ်၏။ ချစ်လျှင်အပြစ်မမြင်ဟူသော မြန်မာစကားအတိုင်းပင် မိမိနှင့်ချစ်ခင် ကျွမ်းဝင်နေ၊ သင့်မြတ်နေပါက မည်သူမျှ အပြစ်ပြောကြမည် မဟုတ်ပေ။ သို့သော် အဆင်မပြေဖြစ်ပြီးဆိုက ၀ိုင်းဝန်းချီးမွမ်းကြသော ထိုသူများကပင် ပြန်၍အပြစ်ပြော ကဲ့ရဲ့တတ်ကြ၏။ ထို့ကြောင့် ချီးမွမ်းခံရသည့်အခါတွင်လည်း နားထင်သွေးမရောက်ဖို့ မိမိကိုယ်ကို အထင်မကြီးဖို့ သတိမလွတ်ဖို့ အထူးလိုအပ်၏။ ဤချီးမွမ်းမှုသည်လည်း ခဏပါပဲဟု ဆင်ခြင်တတ်ဖို့ လိုအပ်၏။ လူတိုင်းလူတိုင်း ကောင်းသည့်စကား၊ ချီးမွမ်းသည့်စကားကိုသာ ကြားလိုကြ၏။ သို့သော် အမြဲမကြားနိုင်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ဘာမှမမြဲခြင်းဟူသည့် သဘောကပင် အတတ်အကျ၊ အနိမ့်အမြင့်သဘောကို ဆောင်နေသောကြောင့် ဖြစ်၏။

နောက်ဆုံးလောကဓံ နှစ်ခုဖြစ်သည့် ချမ်းသာခြင်း၊ ဆင်းရဲခြင်းသဘောသည်လည်း လောကသားတိုင်း ရှောင်လွဲ၍မရ ဧကန်မုချ ရင်ဆိုင်ကြုံတွေ့ရမည့် လောကဓံတရားများ ဖြစ်၏။ စင်စစ် နိဗ္ဗာန်ချမ်းသာမှတစ်ပါး လောကသတ်မှတ်ကြသည့် ချမ်းသာများသည် အစစ်အမှန် ချမ်းသာများ မဟုတ်ကြပေ။ တဒင်္ဂချမ်းသာများသာ ဖြစ်၏။ တဒင်္ဂဟူသည် အမြဲမဟုတ်သည့်အတွက် ယင်းချမ်းသာများသည် အချိန်မရွေးပြောင်းလဲနိုင်၊ ပျောက်ပျက်နိုင်၏။ ထို့ကြောင့် လောကချမ်းသာသည်ဟု ဆိုသောတဒင်္ဂ ချမ်းသာများအပေါ် အမြင်မမှားဘဲ အချိန်မရွေး ပြောင်းလဲနိုင်သည့် အရာများဟု သတိပြုကာ ယင်းချမ်းသာခြင်းဟူသော လောကဓံကိုလည်း ခံနိုင်အောင် ကြိုးစားရပေမည်။ ချမ်းသာသည့်အခိုက်တွင် အကျိုးရှိသည်များကို ကြိုးစားလုပ်ကိုင်ရပေမည်။ ချမ်းသာမှု၏နောက်ကွယ်တွင် ဆင်းရဲမှုရှိနေသဖြင့် အချိန်မရွေး ဆင်းရဲသွားနိုင်သည်ကို သတိပြုကာ ချမ်းသာခြင်းဟူသော လောကဓံအပေါ် မယဇ်မူးကြရန် လိုအပ်ပေ၏။ လောက၌ပစ္စည်းဥစ္စာ ချမ်းသာသည်ဟု ဆိုသူများသည် မိမိတို့၏ ချမ်းသာများသည် ရန်သူမျိုးငါးပါးကြောင့် အချိန်မရွေး ပျက်ဆီးသွားတတ်ကြသည့်သဘောကို အထူးဆင်ခြင်ရန် လိုအပ်လှ၏။ ထင်ရှားသည့် သာဓကပြရလျှင် နာဂစ်မုံတိုင်းကြောင့် ပျက်ဆီးသွားကြသည့် မိသားစုများ၊ ဆင်းရဲမွဲတေသွားကြ သည့် သူဋ္ဌေးများကို အနီးဆုံးသာဓကအဖြစ် ပြရပေမည်။ ထိုသူများ၏ ချမ်းသာသည် ဆင်းရဲခြင်းဟူသော အဖြစ်သို့ ရောက်သွားခဲ့ရ၏။ တဒင်္ဂဟူသော သဘောကို ၎င်းတို့က ထင်ဟတ်ပြနေ၏။ ထို့ကြောင့် ချမ်းသာမှု၊ ဆင်းရဲမှုဟူသည်များသည် အခိုက်အတန့်မျှသာ ဖြစ်သည်ဟု ဆိုကြခြင်းဖြစ်၏။ ထိုအခိုက်အတန့်ဖြစ်သည် ကိုပင် မိမိတို့က ခံနိုင်ရည်ရှိအောင် ကြိုးစားရမည်ဖြစ်၏။ ချမ်းသာ၊ ဆင်းရဲဟူသော လောကဓံတို့တွင် မည်သို့သော လောကဓံနှင့်ကြုံကြုံ မတုန်မလှုပ် ရင်ဆိုင်နိုင်အောင် ကြိုးစားသင့်၏။

စင်စစ် လောကဓံတရားကို ရင်ဆိုင်ရန်မှာ အပြောလွယ်သလောက် အလုပ်ခက်လှ၏။ သာမန်လူများ အဖို့ကား ကျော်လွှားရန်မလွယ်လှပေ။ သို့သော် အလွယ်နည်းတစ်နည်းကား ရှိ၏။ အခြားမဟုတ်။ ၀ိပဿနာ တရားအားထုတ်ထားသူများသည် အလွယ်တကူ ရင်ဆိုင်နိုင်၏။ တရားအားထုတ်စဉ် တွေ့ကြုံရသည့် ခန္ဓာကိုယ်၏ ဒုက္ခများနှင့် ဝေဒနာများကို သီးခံအားထုတ်ထားပါက အပြင်လောက၌ ကြုံတွေ့ရသည့် လောကဓံများကို ကောင်းစွာခံနိုင်၊ ကျော်လွှားနိုင်၏။ ခန္ဓာကိုယ်ဒုက္ခများနှင့် ယှဉ်ပါက အပြင်လောကဓံများသည် အသေးအဖွဲလေးမျှသာ ဖြစ်ကုန်၏။ အရာအားလုံးသည် မမြဲဟူသော အနိစ္စသဘောကို တရားအားထုတ်ခြင်းဖြင့် ကောင်းစွာလက်ခံ သဘောပေါက်ထားပါက မည်သို့သော အကြောင်းကိစ္စများနှင့်ကြုံကြုံ ဖြေနိုင်သွား၏။ ထို့ကြောင့် လောကဓံတရားကို ကောင်းစွားရင်ဆိုင် ကျော်လွှားလိုပါက တရားသာ များများအားထုတ်ကြပါဟု တိုက်တွန်းလိုပါသည်။

နိဂုံးချုပ်အနေအားဖြင့် လောကဓံဟူသည် လောကရှိလူသားတိုင်း မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမည့် တရားဖြစ်၍ အကောင်းအဆိုး မည်သို့ပင်ကြုံကြုံ မတုန်မလှုပ်ခံနိုင်ရည်ရှိအောင် တရားအားထုတ်ခြင်းဖြင့် ရင်ဆိုင်ကျော်လွှားကြပါစို့ဟု ထပ်မံတိုက်တွန်းစကားပြောကြားရင် ဤဆောင်ပါးကို အဆုံးသတ်လိုက်ပါသည်။
Read More...

မွေးခြင်းနဲ့ သေခြင်းဒဿန

ဘုန်းဘုန်းတို့ မကြာမကြာ တရားဟောတဲ့အခါပဲဖြစ်ဖြစ် စကားပြောတဲ့အခါပဲဖြစ်ဖြစ် ပြောဟောပေးလေ့ရှိတဲ့ ဒဿန စာသားလေးတစ်ခုရှိပါတယ်။ ရထားတာကြာပါပြီ။ ဘယ်သူဖော်ထုတ်ခဲ့တယ်ဆိုတာ အတိအကျမသိပေမယ့် အရမ်းကောင်းပြီး၊ အရမ်းအဓိပ္ပါယ် ရှိတဲ့အတွက် အမြဲပြောဆို အသုံးပြုနေမိပါတယ်။ အဲဒီဒဿနလေးက “မွေးသေဒဿန“လို့ ပြောလို့ရတဲ့စာသားလေးပါ။

“လူဟာ မွေးကတည်းက ငိုပြီးထွက်လာရတယ်။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက ပြုံးကြပျော်ကြတယ်။ သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေက ငိုကြ၀မ်းနည်းကြတယ်။ အဲဒီအချိန်မှာ ကိုယ်ကဘယ်လိုသေမလဲ…ပြုံးပြီးသေမလား..။ တစ်ခါငိုပြီး သေမလား…” တဲ့။

သိပ်ကောင်းပြီး သိပ်အဓိပ္ပါယ်ရှိတယ် စကားလေးပါ။ ဘုန်းဘုန်းတို့ အားလုံးဒီဒဿနလေးကို သေချာတွေးကြည့်ဖို့ လိုပါတယ်။ မှန်ပါတယ်။ လူတိုင်းလူတိုင်း မွေးမွေးချင်း မိခင်ဗိုက်ထဲက ငိုပြီးထွက်လာကြရပါတယ်။ မငိုရင်လည်း ငိုအောင်လုပ်ပေးရပါတယ်။ ဒါမှ အသက်ရှင်လှုပ်ရှားလာတာပါ။ အဲဒီအချိန်မှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့သူတွေက “ဟာ…မွေးပြီဟေ့.. ယေက်ျားလေးဟဲ့.. မိန်းခလေးဟဲ့…ကိုယ်လက်အင်္ဂါအစုံပါတယ်ဟဲ့..”စသဖြင့် ၀မ်းသာပျော်ရွှင်ကြပါတယ်။ ဒါဟာ လူသားအားလုံးရဲ့ မွေးဖွားမှုအစပါ။ ဒါပေမယ့် သေတဲ့အခါတော့ အဲလိုမဟုတ်ပါဘူး။ မသေခင် အစမ်းသေကြည့်ကြပါ။ သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့ပတ်သက်တဲ့ သူတွေက ၀မ်းနည်းကြ၊ ငိုကြပူဆွေးကြ၊ နှမြောတသဖြစ်ကြပါတယ်။ အဲဒီအခါမှာ ကိုယ်ကဘယ်လိုသေမလဲ ကြိုတင်စဉ်းစားကြဖို့ပါ။ ပြုံးပြီး သေမလား…။ ငိုပြီးသေမလား…။ ငိုပြီး သေသွားမယ်ဆိုရင်တော့ အရှုံးနဲ့သေတာပါပဲ။ မွေးတုန်းကလည်း ငိုပြီးမွေးလာခဲ့ရတယ်။ သေတဲ့အခါမှာလည်း ငိုပြီးသေသွားရမယ်ဆိုရင် ရှုံးပြီပေါ့။ ဒီတော့ ဘုန်းဘုန်းတို့က မွေးတဲ့အခါတုန်းက ငိုပြီး မွေးခဲ့ရပေမယ့်။ သေတဲ့အခါမှာ ပြုံးပြီးသေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။

မှန်ပါတယ်။ ပြုံးပြီးသေနိုင်ဖို့အတွက် အခုလက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင်၊ ကုသိုလ်တရားတွေနဲ့ ပျော်နိုင်အောင်ကြိုးစားရပါမယ်။ ကုသိုလ်ကောင်းမှုတွေကသာ လူတစ်ယောက်ကို ပြုံးပြီးသေနိုင်အောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ကျန်တဲ့အချိန်တွေမှာ သိပ်မသိသာပေမယ့် သေခါနီးအခါမှာတော့ ကုသိုလ်တွေနဲ့ ပြည့်နေတဲ့သူနဲ့ အကုသိုလ်တွေပဲ လုပ်ခဲ့တဲ့သူ သိပ်ကိုကွာခြားပါတယ်။ ကုသိုလ်တရားရှိတဲ့သူက သေရမှာကို မကြောက်ပါဘူး။ ပြုံးပြီးသေနိုင်ပါတယ်။ အကုသိုလ်တွေနဲ့နေခဲ့တဲ့သူကတော့ သေခါနီးမှာ ဘယ်လိုမှ မပြုံးနိုင်တော့ပါဘူး။ သေပြီးနောက်ဘ၀မှာ အကျိုးပေးမယ့်နိမိတ်တွေ ထင်လာတဲ့အခါ ပိုပြီးဆိုးပါတယ်။ အဲဒီအချိန်ဆိုရင်တော့ သူ့အတွက် ငိုပြီးသေရုံမှတစ်ပါး ဘာမှမရှိတော့ပါဘူး။ ဒါကြောင့် ဘုန်းဘုန်းတို့ ပြင်ဆင်ထားရမှာက မွေးလာတုန်းက ငိုပြီးမွေးလာပေမယ့် သေတဲ့အခါမှတော့ ပြုံးပြီးသေနိုင်ဖို့ အတွက် အခုကတည်းက ကောင်းတဲ့အလုပ်တွေ၊ ကုသိုလ်တရားတွေ၊ ကောင်းတဲ့အကြံ၊ ကောင်းတဲ့အပြော၊ ကောင်းတဲ့အလုပ်တွေနဲ့ နေနိုင်အောင် လေ့ကျင့်ပြင်ဆင်ထာဖို့ပါ။ ဒါဆိုရင် မွေးလာတုန်းက ကိုယ့်ကငိုပြီးထွက်လာ၊ ကိုယ့်ပတ်ဝန်းကျင်ကသူတွေက ပြုံးပျော်ကြပေမယ့် သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ဘယ်လောက်ပဲငိုငို ကိုယ်ကတန်ပြန်ပြုံးပြီး သေသွားနိုင်မှာ သေချာပါတယ်။ ဒါကြောင့် မွေးတုန်းက ငိုပြီးမွေးလာကြပေမယ့် သေတဲ့အခါ ပြုံးပြီးသေနိုင်အောင် ကြိုးစားကြပါလို့…အားလုံးကို အသိပေးတိုက်တွန်းလိုက်ပါတယ်။ အားလုံး ပြုံးပြီးသေနိုင်ကြပါစေ…
Read More...

နဲနဲလေးတော့ လွဲနေတယ် (၁)

မြတ်ဗုဒ္ဓနဲ့ မိဘကျေးဇူး…
မြန်မာ ဗုဒ္ဓဘာသာအများအကြား နားလည်လက်ခံထားတဲ့ ရှေးရိုးစွဲ ဘာသာရေး အမှားများ အမြောက်အများ ရှိနေပါတယ်။ မှန်သလိုလိုနဲ့ နဲနဲလေး လွဲနေတာလေးတွေပါ။ ဘုရားဟောသလိုလို ကျမ်းဂန်မှာ ပါသလိုလိုနဲ့ လူ့လောကမှာ အသုံးပြုနေတဲ့ စကားလုံးများ၊ ဟောပြောဆုံးမချက်များကို ပြောတာပါ။ ဒီအလွဲတွေထဲက မိဘကျေးဇူးကို ဖော်ထုတ်ပြောဆိုရာမှာ အသုံးပြုကြတဲ့ အသုံးလေးကတော့ မဖြစ်သင့်တဲ့ အလွဲအသုံးလေးဖြစ်ပါတယ်။ ဘယ်သူက ဘယ်လိုစလိုက်တယ် မသိတဲ့ အဲဒီအသုံးက “ဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ်” ဆိုတဲ့ အပြောအဆို အသုံးအနှုန်းလေးပါ။ မိဘကျေးဇူးအကြောင်း ခိုင်းနှိုင်းပြောဆိုကြတာ ကောင်းပါတယ်။ မိဘကျေးဇူးဟာ မြင့်မိုရ်တောင်မက ကြီးမားတယ်၊ မိဘများဟာ အလွန်ကျေးဇူးများတဲ့အတွက် အဆုံးမရှိတဲ့ ကျေးဇူးရှင် အနန္တဂိုဏ်းဝင်များ ဖြစ်တယ် စသဖြင့်ပေါ့။ ဒီလောက်ဆို လုံလောက်ပါတယ်။ ခုဟာက ဘာမှရေရေရာရာ မသိကြဘဲ မိဘကျေးဇူးကို ဖော်ကျူးတာ ဘုရားရှင်အပေါ်မှာတောင် စော်ကားသလို ဖြစ်နေပါတယ်။ မိဘကျေးဇူးကြီးမားတဲ့အတွက် အနန္တ အနှိုင်းမဲ့အရှင် ဘုရားရှင်တောင် ကျေအောင်မဆပ်နိုင်ခဲ့ဘဲ အမေ့ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေခဲ့တယ်လို့ ခိုင်းနှိုင်းပြောဆို ဆုံးမတာကတော့ တော်တော်လေးကို လွဲနေပါတယ်။

တကယ်တော့ ဘုရားရှင်ဟာ မိဘကျေးဇူးကို အထူးကျေအောင် ဆပ်သွားနိုင်တဲ့ အနှိုင်းမဲ့ အရှင်ပဲဖြစ်ပါတယ်။ ဖခင်ကျေးဇူး၊ မိခင်ကျေးဇူးတွေတင် မဟုတ်ပါဘူး မိခင်အရင်းမဟုတ်တဲ့ မိထွေးအမေကိုတောင် ကျေးဇူးတရားတွေ အကျေဆပ်သွားခဲ့ပါတယ်။ ဒီနေရာမှာ လောကသားတို့ရဲ့ ကျေးဇူးဆပ်နည်းနဲ့ ဘုရားရှင်ရဲ့ ကျေးဇူးဆပ်နည်းကတော့ မတူဘူးပေါ့။ ဘုရားရှင်ကတော့ ပစ္စည်းဥစ္စာတွေနဲ့ တစ်ဘ၀အတွက် ကျေးဇူးဆပ်တာ မဟုတ်ဘဲ ဓမ္မနဲ့ပဲ ဘ၀သံသရာမှ နိဗ္ဗာန်အထိရောက်အောင် ထာဝရအကျေဆပ် သွားခဲ့ပါတယ်။ ဒုက္ခအားလုံး ငြိမ်းအောင်လုပ်ပြီး ကျေးဇူးဆပ်သွားတာ ဖြစ်တဲ့အတွက် ဒီထက်ကောင်းတဲ့ ကျေးဇူးဆပ်နည်းကတော့ မရှိတော့ပါဘူး။ ဘုရားရှင်ဟာ ခမည်းတော်၊ မယ်တော်တို့ကို အရိယာအဖြစ်ရောက်အောင် ဓမ္မနဲ့ ကျေးဇူးဆပ်သွားရုံတင်မကဘဲ အမျိုးကိုစောင့်ရှောက်တဲ့ ဉာတတ္ထစရိယ အနေနဲ့လည်း အဒေါ်ဖြစ်တဲ့ မိထွေးတော်၊ ဦးကြီးဦးလေး၊ ညီတော်ညီမတော် စတဲ့ ဆွေတော်မျိုးတော်များအထိ အရိယာများဖြစ်အောင် ကျေးဇူးဆပ် စောင့်ရှောက်သွားခဲ့ပါတယ်။

ဘုရားရှင်ဟာ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကို အနာဂါမ် အဖြစ်ရောက်အောင် ကျေးဇူးဆပ်ခဲ့တဲ့အပြင် မယ်တော်ကိုလည်း သောတာပန်အရိယာအဖြစ် နိဗ္ဗာန်လမ်းကို ပို့ဆောင်ခဲ့ပါတယ်။ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားရှင်ကိုမွေးပြီး ခုနှစ်ရက်မြောက်မှာပဲ ကွယ်လွန်သွားပြီး တာဝတိံသာနတ်ပြည်မှာ သန္တုသိတနတ်သားအဖြစ် ပြန်လည်မွေးဖွားပါတယ်။ (ဒီနေရာမှာ ကြုံလို့ပြောရဦးမယ် မယ်တော်မာယာဟာ ဘုရားအလောင်းကို မွေးပြီး (၇)ရက်မြောက်မှာ ကွယ်လွန်ခဲ့တာဟာ ဘုရားလောင်းကို မွေးခဲ့ခြင်းကြောင့် မဟုတ်ပါဘူး။ ဘုရားလောင်း ပဋိသန္ဓေမယူခင်ကတည်းက မယ်တော်ရဲ့ သက်တမ်းကိုကြည့်ပြီး မယ်တော်သက်တမ်း ၁၀လနဲ့ ၇ရက်ပဲ ကျန်တဲ့အချိန်မှာ နတ်ပြည်ကဆင်းသက်လို့ လူ့ပြည်ရှိ မယ်တော်ရဲ့ ၀မ်းတိုက်မှာ ပဋိသန္ဓေယူတာ ဖြစ်ပါတယ်။) ဘုရားရှင်ဘုရားဖြစ်တော်မူပြီး ခုနှစ်ဝါမြောက်မှာပဲ မယ်တော်ထံကြွရောက်ကာ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာ ဒေသနာတော်ကိုဟောပြီး မိဘကျေးဇူးကို ဆပ်တော်မူပါတယ်။ အဲဒီမှာ မယ်တော်မာယာဟာ သောတာပန်တည်သွားပါတယ်။ သောတာပန် ဖြစ်ပြီးရင် ကောင်းတဲ့သုဂတိဘ၀တွေမှာ အများဆုံး ခုနှစ်ဘ၀ပဲ ကျင်လည်ရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပါတယ်။ ဘုရားရှင်ဟာ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာကိုလည်း နိဗ္ဗာန်ရောက်တဲ့အထိ နို့ဖိုးကို ကျေအောင်ဆပ်သွားပါတယ်။ ပြီးတော့ မိထွေးတော် ဂေါတမီကိုလည်း ဘိက္ခုနီမအဖြစ်ခွင့်ပြုပြီး ဒီဘ၀မှာပဲ ရဟန္တာဖြစ်တဲ့အထိ ကျေဇူးတရားတွေကို ကျေပွန်အောင်ဆပ်သွားပါတယ်။ ဒုက္ခပင်လယ် အပေါင်းမှ ကယ်တင်ပြီး နိဗ္ဗာန်ရောက်သည်အထိ ပို့ဆောင်တော်မူသွားပါတယ်။ ဒီထက်ပိုပြီး မိဘကျေးဇူးကို ကျေအောင်ဆပ်တဲ့ နည်းကတော့ မရှိတော့ပါဘူး။

ဒါကြောင့် “ဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ပါတယ်” ဆိုတဲ့ တစ်လွဲနားလည် အမှတ်မှားနေတာတွေ၊ ပြောဆိုခိုင်းနှိုင်းနေတာတွေကို မပြောမိအောင် သတိဆောင်ပြီး ဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးမက ကျေအောင်ဆပ်သွားနိုင်သူအဖြစ် ဥပမာယူကာ မိမိတို့လည်း မိဘကျေးဇူးကို တကယ်ကျေချင်ရင် ဓမ္မနဲ့ ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြပါစို့လို့ပဲ တိုက်တွန်းလိုက်ပါတယ်။
Read More...

စိတ်အားဖြည့် စကားစုလေးများ (၁)

စကားလုံး…
စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားပါနဲ့။ စကားလုံးဆိုတာ ပညတ်တွေဖြစ်တဲ့ အတွက် ချစ်ရင် အကောင်းပြောကြမှာ ဖြစ်ပြီး၊ မုန်းရင်တော့ အဆိုးပြောကြမှာပါ။

တကယ်မြဲချင်ရင်…ရားထူဌာနန္တရတွေ မြဲဖို့အတွက် ဗေဒင်၊ ဓာတ်ရိုက်ဓာတ်ဆင်တွေ မလိုပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လိုပါတယ်။ ကိုယ့်ရဲ အကျင့်သီလမြဲဖို့ပဲ လိုပါတယ်။ ကိုယ်ကျင့်မြဲမှ ကိုယ်လည်းမြဲမှာပါ။

ကြည်ညိုတတ်ပါစေ…ဘယ်ပုဂ္ဂိုလ်က ဘယ်လိုကြည်ညိုစရာကောင်းတယ် ဆိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုစရာ ကောင်းနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်မှ သူများရဲ့ ကြည်ညိုမှုကို ခံနိုင်ပါမယ်။ အဲလိုမှ မဟုတ်ရင် သူများရဲ့ ကြည်ညိုခံမှုဟာ ခဏပဲဖြစ်မှာပါ။

ကိုယ်ဖြစ်ကိုယ်ခံ…ကိုယ်လုပ်သမျှ သူများတွေ မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီးသားပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို မညာမိဖို့ ကိုယ့်အလုပ်တွေကို ရိုးသားစွာ လုပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လုပ်တဲ့ အကောင်းအဆိုးကို ကိုယ်ပဲခံရမှာ ဖြစ်လို့ပါ။

ဒီလိုနေကြည့်ပါ…အချစ်ရှိရင် အပြစ်ရှိတတ်သလို အမုန်းရှိရင်လည်း အရှုံးရှိတတ်ပါတယ်။ ဒါကြောင့် အပြစ်ကင်းဖို့နဲ့ အရှုံးမရှိဖို့အတွက် မချစ်မမုန်းဘဲ နေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။

အပြစ်မဖြစ်အောင်…အပြစ်ဆိုတာဟာ ကိုယ့်ကိုအကြောင်းပြုပြီး ဖြစ်တတ်ကြသလို သူများကို အကြောင်းပြုပြီးလည်း ဖြစ်တတ်တယ်ဆိုတာ သတိပြုဆင်ခြင်သင့်ပါတယ်။ ကိုယ့်ကို အကြောင်းပြုပြီး ဖြစ်တတ်တဲ့ အပြစ်တွေကိုတောင် မဖြစ်အောင် မလုပ်နိုင်သေးပဲနဲ့ သူများအပြစ်တွေကိုကြည့်ပြီး ကိုယ်မှာ အကုသိုလ် အပြစ်တွေ ထပ်တိုးအောင် မလုပ်သင့်ပါဘူး။

အကုသိုလ်မဖြစ်အောင်…တစ်နေ့တစ်နေ့ ကိုယ်တစ်ယောက်တည်းတောင် အကုသိုလ်တွေက မရေတွက်နိုင်အောင် ဖြစ်နေတာ သူများကိုကြည့်ပြီး၊ သူများကိုအမှီပြုပြီး အကုသိုလ်တွေထပ်ဖြစ်မယ်၊ အကုသိုလ်တွေ ထပ်တိုးနေမယ်ဆိုရင်တော့ နေရတဲ့ အခိုက်ဟာ အကုသိုလ်တွေနဲ့ချည်း ဖြစ်နေကြတော့မှာပါ။

ကိုယ်ကောင်းအောင်အရင်လုပ်…ပုထုဇင်တွေဖြစ်နေသမျှ ရမ်းနေကြမှာပါ။ ရမ်းနေသမျှ အပြစ်အနာအဆာတွေလည်း ရှိနေကြမှာပါ။ ဒီတော့ကား ရမ်းနေကြတဲ့သူချင်း အတူတူ ဘာဖြစ်လို့ သူများရမ်းတာ၊ သူများအပြစ်အနာ အဆာဖြစ်တာ၊ သူများရဲ့ မလျော်တာ၊ သူများရဲ့ ကောင်း၊ မကောင်းတာတွေကို လိုက်ကြည့်နေကြမှာလဲ…။ ဘုရားရှင် မိန့်ကြားတော်မူသလို ကိုယ့်ရဲ့ ကောင်းမကောင်းတာတွေကိုသာ မြင်အောင်ကြည့်၊ ကိုယ်ကောင်းမှု မကောင်းမှု ပြုမပြုကိုသာကြည့်ပြီး ကိုယ်ကောင်းအောင် အရင်လုပ်သင့်ကြတာပေါ့။

အမှန်ကြည့်တတ်ပါစေ…သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ စိတ်အတွေးဟာ ပြဿနာကို ပြေလည်စေတဲ့ သဘောမရှိဘဲ သံသရာကိုသာ ရှည်နေစေတဲ့ သဘောရှိပါတယ်။ ပုထုဇင် လူသားများဖြစ်၍ အလုံးစုံပြည့်စုံတဲ့ သူဆိုတာ မရှိနိုင်သလို အမှားမလုပ်မိတဲ့သူ၊ မမှားဖူးတဲ့သူဆိုတာလည်း မရှိနိုင်ပါဘူး။ ဒီလိုအမှားတွေ ရှိတတ်တဲ့သူအချင်းချင်း သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး ငြင်းခုံကြ၊ ခိုက်ရန်ဖြစ်ကြ၊ အငြိုးအတေးထားကြမယ်ဆိုရင် ဒီသံသရာကြီးဟာ ဒီဘ၀မှာရော နောင်ဘ၀ဘ၀များအထိပါ ပါသွားကြတော့မှာပါ။ ဒါကြောင့် အကြောင်းရှိလို့ အကျိုးအနေနဲ့ ခေတ္တလာတွေ့ကြတဲ့ အခိုက်မှာ အမှားတွေကို မကြည့်ဘဲ အမှန်လေးတွေကိုသာ ကြည့်တတ်တဲ့ အကျင့်လေးတွေ လုပ်ပေးသင့်ကြပါတယ်။

အပေါင်းအသင်း…အပေါင်းအသင်းဆိုတာ အများကြီးရှိဖို့ မလိုပါဘူး။ မကောင်းတဲ့အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက် ရှိတာက ပိုပြီး ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။ မကောင်းတဲ့ အပေါင်းအသင်း အများကြီး ရှိနေတာထက် ကောင်းတဲ့အပေါင်းအသင်း အနည်းငယ်ရှိနေတာက ဒီဘ၀ရော နောင်သံသရာပါ ကောင်းကျိုးဖြစ်စေတာပါ။ မကောင်းတဲ့အရာတွေမှာ အဖော်မွန်ဖြစ်စေတတ်တဲ့ အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အရာတွေမှာ ညွှန်ကြားပြသပေးတဲ့ အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုပြီးတန်ဘိုးရှိလှပါတယ်။ သောက်မှစားမှ ကျွေးနိုင်မွေးနိုင် ပေးနိုင်ကမ်းနိုင်မှ အဖော်ဖြစ်တဲ့ အပေါင်းအသင်းများ ပေါများနေတာထက် ဒုက္ခရောက်ချိန်မှာ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်း ပြုတတ်တဲ့ အပေါင်းအသင်း အနည်းငယ်က ပိုပြီးအားကိုးရပါတယ်။ သောက်မှစားမှ မဟုတ်တာလုပ်မှ အပေါင်းအသင်းတွေ ပေါများတာထက် အပေါင်းအသင်းမပေါပေမယ့် အကုသိုလ်မဖြစ်ဘဲ ရှိနေတာက ပိုပြီး အကျိုးများပါတယ်။
Read More...

သံသရာ မရှည်ပါစေနှင့်

`သံသရာလည်သည်`ဟူသော စကားကို အားလုံးကြားဖူးကြပြီး ဖြစ်၏။ တစ်ဘ၀မှ တစ်ဘ၀သို့ ကူးပြောင်းကျင်လည်မှုကို ဆိုလို၏။ အချို့ကလည်း မိမိလုပ်သည့် လုပ်ရပ်၊ အထူးသဖြင့် မကောင်းတဲ့လုပ်ရပ်၏ အကျိုးကို ပြန်လည်ခံစားရသည့်အချိန်တွင် `သံသရာပြန်လည်တာ` ဟူသောစကားကို သုံးစွဲလေ့ရှိကြ၏။ မှန်ပါ၏။ သံသရာလည်မှုသည် မိမိတို့လုပ်သည့် ကံ၏ပြန်လည် အကျိုးပေးမှု၏ ရလာဘ်တစ်ခုပင် ဖြစ်၏။ မကောင်းသည့်လုပ်ရပ်၏ တန်ပြန်ခံစားရခြင်းကို သံသရာလည်သည်ဟုဆိုသကဲ့သို့ ကောင်းသည့်ကုသိုလ်၏ အကျိုးပေးမှုကို ရရှိခံစားရခြင်းကိုလည်း သံသရာလည်သည်ဟု ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကံ၊ မကောင်းကံတို့၏ အကျိုးပေးမှု ရှိနေသမျှ သံသရာလည်မှုက ရှိနေဦးမည်ဖြစ်သောကြောင့် ဖြစ်၏။ စင်စစ် သံသရာလည်မှု အဆုံးသတ်စေဖို့ ဆိုသည်မှာ မိမိတို့ရဲ့ ကံ(ကမ္မ)များကို ဖြတ်မှပင် ဖြစ်၏။ ကံစွမ်းတွေရှိနေသမျှ အကျိုးပေးမှုများလည်း ရှိနေမည်ဖြစ်ပြီး အကျိုးပေးမှုများ ရှိနေလျင် သံသရာလည်မှုလည်း ရှိနေဦးမည်သာ ဖြစ်သည်။

ကံဟူသည် အလုပ်ကို ဆိုသဖြင့် ကံကိုဖြတ်ရမည်ဆိုက ဘာမှမလုပ်ဘဲ နေရမည်လားဟု တွေးစရာရှိ၏။ ထိုသို့မဟုတ် လုပ်ရပေမည်။ လုပ်သည့်အခါတွင်သာ ကံ၏အကျိုးပေးမှုများ မရှည်ရအောင်၊ တစ်နည်းပြောရလျင် သံသရာရှည်ကြာစေမည့် လုပ်နည်းမျိုး မဖြစ်အောင် ကြိုးစားလုပ်တတ်ဖို့ လိုပေသည်။ ကောင်းတာလုပ်လျင် ကောင်းသည့်အကျိုး၊ မကောင်းတာလုပ်လျင် မကောင်းသည့်အကျိုးကို ပေးမည်မှာ ကံ၏သဘော လက္ခဏာဖြစ်သဖြင့် ဆုတောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ မိမိတို့လုပ်သည့် ကောင်း၊ မကောင်းအလုပ်ကိုလိုက်၍ ကံ၏ အကျိုးပေးမှုကား ရှိနေပေမည်။ သို့သော် လုပ်သည့်သူ၏ လုပ်ရပ်၊ စေတနာရည်ရွယ်ချက်ကို လိုက်ပြီးကံအကျိုးပေးမှုသည်လည်း ခြားနားတတ်ပေ၏။ သံသရာရှည်အောင်လုပ်က သံသရာကိုရှည်စေပြီး သံသရာကို တိုအောင်လုပ်ပါက သံသရာတိုစေမှာ ဖြစ်၏။

စင်စစ် ဗုဒ္ဓဘာသာတို့၏ ရည်ရွယ်ချက်မှာ သံသရာမှ လွတ်မြောက်ရေးဖြစ်၏။ သံသရာမှ လွတ်မြောက်ရန်အတွက်ကား ကံအကျိုးပေးမှုများမှ လွတ်မြောက်မှပင် ဖြစ်၏။ ကံအကျိုးပေးမှုမှ လွတ်မြောက်အောင်၊ ကံအကျိုးပေးမှု မရှည်ရအောင် မိမိတို့လုပ်သည့် အလုပ်များတွင် လိုချင်တပ်မက်မှုများ ကပ်မနေဖို့အထူးလိုအပ်၏။ ကံသည်ကံ၏အလုပ်ကို လုပ်နေမှာဖြစ်ပြီး မိမိတို့က ထိုကံအပေါ် တဏှာဖြင့်မလွှမ်းမိုးမိဖို့ အရေးကြီးသည်။ ဥပမာအားဖြင့် ဒါနကုသိုလ်တစ်ခုခု ပြုလုပ်သည်ဆိုကြပါစို့။ ဒါနပြုလုပ်တဲ့ အဓိကရည်ရွယ်ချက်မှာ လောဘစတဲ့ ကိလေသာတွေ နည်းစေဖို့ဖြစ်၏။ သို့သော် ယင်းရည်ရွယ်ချက်ပျောက်ကာ ဒါနပြုသည့်ကံအပေါ်မှာ တဏှာလွှမ်းမိုးပြီး `ဤကုသိုလ်ကြောင့် နောင်ဘ၀တွင် ဘယ်လိုဖြစ်ရပါလို၏၊ ဘာဖြစ်ရပါလို၏`စသည်တို့ရောက်လာသည့်အတွက် အကျိုးပေးမည့်ကံသည်လည်း ပြုလုပ်သည့်သူ၏ တဏှာအပေါ်လိုက်ပြီး အကျိုးပေးပေတော့၏။ ထိုအကျိုးပေးမှုကြောင့်ပင် ဘ၀သစ်တစ်ဖန် ပြန်ဖြစ်၊ တစ်ဖန်မွေးဖွား၊ တစ်ဖန်အို၊ တစ်ဖန်နာ၊ တစ်ဖန်သေရပြန်၏။ မသေခင် ကံတွေကို မဖြတ်နိုင်ပြန်သဖြင့် ထိုကံများ၏ အကျိုးပေးမှုပြန်ခံကြရင်း နောက်တစ်ခါ သံသရာထပ်လည်ရပြန်၏။ ထိုသို့ဖြင့် သတ္တ၀ါတို့၏ သံသရာလည်မှုသည် အဆုံးမရှိဖြစ်နေပေတော့၏။ ထို့ကြောင့် သံသရာလည်မှုများ ရပ်တန့်ဖို့ မိမိတို့လုပ်နေသည့် ကံများကို အကျိုးပေးမှုအဆုံးသတ်အောင် လုပ်ဖို့တိုက်တွန်းလိုရင်းဖြစ်၏။

စင်စစ်ကံ၏ အကျိုးပေးမှုများ အဆုံးသတ်ရန်မှာ ကိလေသာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်မှသာ ဖြစ်နိုင်၏။ ရဟန္တာဖြစ်မှသာ ကံတရားများကို အကြွင်းမဲ့ ပယ်သတ်နိုင်မည် ဖြစ်၏။ ရဟန္တာပုဂ္ဂိုလ်များမှာ နောက်ထပ်တစ်ဖန် သံသရာလည်စရာ အကြောင်းမရှိတော့သဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်သော်လည်း ယင်းကံတို့၏ အကျိုးပေးမှုကား မရှိတော့ပေ။ မိမိတို့အဖို့မှာကား ရဟန္တာမဖြစ်နိုင်သေးသဖြင့် ကံ၏အကျိုးပေးမှုများ ဆက်လက်ရှိနေဦးမည်သာ ဖြစ်၏။ သို့သော် ယင်းကံများကို တဖြည်းဖြည်းဖြတ်နိုင်အောင် ကြိုးစားရပေမည်။ ယင်းသို့ကြိုးစားရာ၌ ရှေးဦးစွာ မကောင်းသည့် ကံများမလုပ်မိအောင် ကြိုးစားရ၏။ ကောင်းသည့်အလုပ်များကို လုပ်မှသာ ကောင်းသည့်အကျိုးများ ခံစားရမည်ဖြစ်ပြီး ကောင်းသည့်ဘ၀များမှာ ပြန်လည်မွေးဖွားကာ တစ်ဆင့်တစ်ဆင့် ရင့်ကျက်အောင်ကြိုးစားလျက် ကံစွမ်းများကို ဖြတ်နိုင်အောင် လုပ်ရပေမည်။ မိုးကုတ်ဆရာတော် ဘုရားကြီး၏ စကားအတိုင်း ပြောရလျင် ကံကိုဉာဏ်နှင့်ဖြတ်နိုင်အောင် ကြိုးစားရပေမည်။

မှန်၏။ ကံကိုဉာဏ်နှင့် ဖြတ်ရမည်ဆိုသည်မှာ ၀ိပဿနာဉာဏ်ကို ဆိုလို၏။ ယခုဘ၀မှာပင် ၀ိပဿနာတရား အားထုတ်ပြီး အရိယာပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားနိုင်ပါက ကံကိုဖြတ်စရာ မလိုတော့ပေ။ သံသရာလည်မှာ၊ သံသရာရှည်မှာ ပူစရာမလိုတော့ပေ။ ထိုသို့ မဖြစ်နိုင်သေးပါက ကံကိုအထူး သတိပြုရပေမည်။ မိမိတို့လုပ်သည့် အလုပ်များကို အထူးဆင်ခြင်ရပေမည်။ သံသရာကို ပိုရှည်စေနိုင်သည့် အလုပ်များ မဖြစ်ဖို့အထူး လိုအပ်ပေသည်။ ရှေးဦးစွာအထူးသတိပြု ဆင်ခြင်ရမည်မှာ မကောင်းသည့် ကံများမလုပ်မိဖို့ အရေးကြီးလှ၏။ မကောင်းသည့် အကုသိုလ် ဒုစရိုက်များလုပ်မိပါက ပို၍ပို၍ သံသရာရှည်စေမည်မှာ ဧကန်မုချပင် ဖြစ်၏။ ကောင်သည့်ကံများသည် သံသရာကျင်လည်မှု ရှိနေသေးသည်ဟု ဆိုသော်လည်း ကောင်းသည့်ဘုံဘ၀များတွင်သာ အကျိုးပေးမှု ရှိနေသဖြင့် အချိန်မရွေး ကံတရားများကို ဖြတ်လိုက်နိုင်၏။ မကောင်းသည့်ကံများကို ပြုလုပ်မိပါက မကောင်းသည့် ဘုံဘ၀များတွင်သာ ကျင်လည်နေကြရပြီး ကောင်းမှုကုသိုလ်များနှင့် ဝေးသထက်ဝေးနေပေလိမ့်မည်။ သို့ဖြစ်လျင် သံသရာရှည်သထက် ရှည်နေကြရပေ ဦးမည်သာ ဖြစ်၏။

ထို့ကြောင့် ရခဲလှသည့် လူ့ဘ၀ကို ရသည့်အခိုက်တွင် အခွင့်အရေး ရှိနေခိုက် သံသရာ ရှည်စေမည့် အလုပ်များကို မလုပ်ဖြစ်အောင် ကြိုးစားဖို့ လိုအပ်လှပေ၏။ သံသရာ မရှည်အောင် ကံတရားများကို ဖြတ်နိုင်ဖို့ အထူးအရေးကြီးလှ၏။ ကံတရားများကို ဖြတ်ဖို့ဆိုသည်မှာ ရှေးဦးစွာမကောင်းသည့် ကံများမလုပ်မိရန် ကြိုးစားသင့်လှ၏။ ထိုမှတစ်ဆင့် ကောင်းသည့်အလုပ်များကို များများလုပ်နိုင်အောင် လေ့ကျင့်ဖို့ အားထုတ်သင့်၏။ ကောင်းသည့်ကံများကို လုပ်ရာတွင်လည်း သံသရာကို ပို၍ရှည်စေနိုင်သည့် လိုချင်တောင်တမှု တဏှာများမကပ်ငြိဘဲ နိဗ္ဗာန်ကိုသာ အထောက်အပံ့ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်တတ်ဖို့ လိုအပ်၏။ ထိုမှတစ်ဆင့် ၀ိပဿနာဉာဏ်ဖြင့် ကံ၏အကျိုးပေးမှုများကို ဖြတ်နိုင်အောင် လုံလပြုသင့်၏။ အပြောလွယ်သလောက် အလုပ်ခက်သော်လည်း တဖြည်းဖြည်းလေ့ကျင့် ပေးပါက အတိုင်းအတာ တစ်ခုအထိ တိုးတက်လာနိုင်သဖြင့် သံသရာ ရှည်စေမည့် အလုပ်များကို မလုပ်မိအောင် အားထုတ်ကြဖို့ ကံတရားများကို အပြီးတိုင် မဖြတ်နိုင်သေးသော်လည်း နောက်တစ်ဖန် ကျင်လည်ရမည့် ဘ၀အတွက် မကောင်းသည့်အလုပ်များကို တတ်နိုင်သမျှ ရှောင်ရှားပြီး ကောင်းသည့်အလုပ်လေးများဖြင့် ရရှိလာသည့် လူ့ဘ၀ကို အကျိုးရှိအောင် ကြိုးစားကြဖို့ မေတ္တာဖြင့် တိုက်တွန်းလိုက်ပါသည်။
အားလုံးသံသရာ ၀ဋ်မှလွတ်မြောက်ကြပါစေ…
Read More...

သေခြင်းတရားသည် အသက်အရွယ် မရွေးပါ

ဘုန်းဘုန်းတို့ ဘလော့ဂ်မှာ ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါပြီ။ ကြာဆို မြန်မာပြည်က ပြန်ကြွလာ ကတည်းကလို့ ဆိုရပါမယ်။ မြန်မာပြည်က ပြန်ရောက်ကတည်းက တကယ့်ကိုပဲ မအားမလပ်ဖြစ်သွားရပါတယ်။ လူကပြန်ရောက်လာပေမယ့် မပြီးပြတ်သေးတဲ့အလုပ်တွေက တစ်ခါတည်းပါလာခဲ့ပါတယ်။ အဲဒီအလုပ်တွေထဲက တစ်ခုကတော့ ဘုန်းဘုန်းရဲ့ သူငယ်ချင်းဆိုလည်းဟုတ်၊ သာသနာ့ညီအစ်ကို ဆိုလည်းဟုတ်တဲ့ အရှင်တစ်ပါးရဲ့ ကျန်းမာရေးကိစ္စပါ။ ဒီအရှင်ဟာ ဘုန်းဘုန်းနဲ့ သာသနာ့တက္ကသိုလ်မှာတည်းက စိတ်တူကိုယ်တူ ပေါင်းသင်းခဲ့တဲ့အရှင်ပါ။ နာဂစ်ကြောင့် ရွာတစ်ခုလုံး ပျက်ဆီးသွားတဲ့အပြင် ဆရားသမားလည်း ပြန်တော်မူသွား၊ မိဘတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားလို့ သီရိလင်္ကာသွားပြီး ပညာသင်နေတာက ပညာရေးကို ဘေးဖယ်ထားပြီး ဇာတိရွာဖြစ်တဲ့ ငပုတောမြို့နယ်က အုပ်တွင်းရွားလေးမှာ သွားပြီးရွာအကျိုးအတွက် နာဂစ်ကယ်ဆယ်ရေးတွေ ပြန်လုပ်နေတဲ့အရှင်ပါ။

ဘုန်းဘုန်းပြန်ကြွသွားတော့လည်း ဘုန်းဘုန်းနဲ့အတူ အချိန်ပြည့်လိုက်ပြီး နာဂစ်ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့ အရှင်ပါ။ နောက်ပိုင်းမှာ ဘုန်းဘုန်းနဲ့အတူ လူငယ်တွေအတွက် ပညာဒါနကျောင်းဖွင့်ပြီး ပညာဒါနပြုကာ ပရဟိတလုပ်ငန်းတွေ လက်တွဲလုပ်ကြဖို့ အကြံအစီရည်ရွယ်ချက်တွေ ထားကြတဲ့အရှင်ပါ။ အခု အဲဒီအရှင် မရှိတော့ပါဘူး။ သူရည်ရွယ်ထားတဲ့ အရာတွေ၊ လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်တွေကို စွန့်ပြီးလောကကြီးက အပြီးအပိုင်ထွက်သွားပါပြီ။ လွန်ခဲ့တဲ့ 3-10-2008ရက်နေ့ ညနေ ၄နာရီ ၂၅မိနစ်အချိန်လောက်မှာ ရန်ကုန်အာရှတော်ဝင် အထူးကုဆေးခန်းကြီးမှာ ပျံလွန်တော်မူသွားခဲ့ပါပြီ။ သူ့အသက်ဟာ ခုမှ၃၁နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သဘာဝတရားကို မလွန်ဆန်နိုင်ဘဲ ဘ၀နိဂုံးချုပ်သွားရပေမယ့် ဘုန်းဘုန်းအတွက်ကတော့ လက်ရုံးတစ်ဘက် ပြုတ်သွားသလိုပါပဲ။

သူ့ရောဂါအကြောင်း အနည်းငယ်ပြောပြလိုပါတယ်။ သူဖြစ်တဲ့ရောဂါက အသည်းကင်ဆာပါ။ လွန်ခဲ့တဲ့တစ်နှစ် လောက်ကတည်းက အသည်းရောင် အသားဝါဘီပိုးရှိနေတာကိုလည်း သိရပါတယ်။ ဘုန်းဘုန်းရောက်သွားတော့ ဘုန်းဘုန်းနဲ့အတူ နာဂစ်ကယ်ဆယ်ရေးအတွက် အချိန်ပြည့်လိုက်ပါ ဆောင်ရွက်နိုင်ပါတယ်။ ဘုန်းဘုန်းခဏပြန်ကြွလာတယ်ဆိုတော့ မြန်မာပြည်က ဒကာဒကာမတွေကလည်း နေ့စဉ်ဆွမ်းများပင့်ကပ်ကြပါတယ်။ အဲဒီအခါအတိုင်း သူလည်းလိုက်ပါရပါတယ်။ ဒီတုန်းက သိပ်မသိသာသေး ပေမယ့် တစ်ခါတစ်ခါ ဗိုက်ထဲက တင်းတင်းနေတယ်၊ ရင်ခေါင်းတောင့်နေတယ်ဆိုတာကို ပြောပြဖူးပါတယ်။ ဒါနဲ့ ရွေဂုံတိုင်အထူးကု ဆေးခန်းကြီးမှာ အထူးကုဆရာဝန်နဲ့ ပြသကြည့်ပါတယ်။ ဆရာလည်းစစ်ဆေးပြီး ဆေးပေးပါတယ်။ အနားယူလိုက်ရင် ကောင်းသွားပါမယ်လို့လည်း ပြောလိုက်ပါတယ်။ ဆေးတွေသောက်ပြီး တစ်ပတ်လောက်မှာ အတော်လေးသက်သာသွားတယ်လို့ သူပြောပါတယ်။ ဒီလိုနဲ့နေရင်း တစ်နေ့မှာ ဘုန်းဘုန်းနဲ့အတူ ပဲခူးကနေပြီး၊ ဝေါအထိ သွားလိုက်ပါတယ်။ အဲဒီကအပြန် လမ်းကလည်း အရမ်းဆိုးတော့ ဗိုက်ကပြန်ပြီး အောင့်တာ၊ တင်းတာတွေဖြစ်လာပါတယ်။ ဒါနဆရာဝန်သွားပြန်ပြတော့ ဆရာဝန်က ဆေးရုံတက်ပြီး အနားယူမှဖြစ်မယ်ဆိုလို့ သူ့ညွန်ကြားချက်အတိုင်း အာရှတော်ဝင်အထူးကုဆေးခန်းမှာ တက်ပြီးအနားယူဆေးကုပါတယ်။

ဆေးရုံမှာကလည်း သိတဲ့အတိုင်း စရိတ်ကအရမ်းကြီးပါတယ်။ အခန်းခကိုပဲ တစ်နေ့တစ်သောင်းရှစ်ထောင် ပေးရပါတယ်။ မြန်မာပြည်အနေနဲ့ တစ်သောင်းရှစ်ထောင်ဆိုတာ ရှာဖို့အတော်ခက်ပါတယ်။ ဒါပေမယ့် သူကံကောင်းပါတယ်။ ဟိုကလှူဒီကလှူနဲ့ ဆေးခန်းကုန်ချစရိတ်အတွက် သိပ်မပူရပါဘူး။ ဆေးရုံမှာ တစ်ပက်ကျော်ကျော်လောက် နေပြီးကုသပေးနေပေမယ့် အသည်းရောင်တာရယ်၊ ရင်ခေါင်းတောင့်တင်းနေတာရယ်၊ အသည်းဝါနေတာရယ်က ဘယ်လိုမှ ထူးခြားမလာပါဘူး။ ဒါန ဘုန်းဘုန်းလည်း ရောဂါအခြေအနေက ဒီလောက်ဆိုထူးခြားရမယ် ဘာဖြစ်လို့လည်းဆိုတာ သိချင်လို့သူ့ဆရာဝန်နဲ့ သီးသန့်သွားဆွေးနွေးတော့ အသည်းမှာ အကျိတ်တွေ့ရတဲ့အကြောင်း၊ ပြီးတော့ အသည်းထဲမှာ ရှိနေတဲ့အ၀ါရည်တွေဟာလည်း ပုံမှန်ရှိရမှာက ၂၂လောက်ပဲ ရှိရမှာ၊ ၅၀၀ကျော်လောက် ဖြစ်နေကြောင်း၊ ဒီ၅၀၀ကျော်ဟာ အသည်းရောင်အသားဝါ ဘီကြောင့်ဖြစ်နေတာလား ကင်ဆာကြောင့်ဖြစ်နေ တာလည်းဆိုတာ အတိအကျပြောဖို့ ခက်နေကြောင်း၊ ဒါကြောင့် ထင်သလောက်ထူးခြား မလာတာဖြစ်ကြောင်း စသဖြင့် ရှင်းပြပါတယ်။ ဘုန်းဘုန်းလည်း သိသိချင်းအရမ်းကို စိုးရိမ်သွားပါတယ်။ စိတ်ထဲမှာလည်း ကင်ဆာမဖြစ်ပါစေနဲ့လို့ ကျိတ်ပြီးဆုတောင်းနေမိပါတယ်။ ဒီလိုစိတ်တစ်ထင့်ထင့်နဲ့ပဲ ဘုန်းဘုန်းမြန်မာပြည်က ပြန်လာခဲ့တယ်လို့ အတိုချုံးပြောကြတာပေါ့။

ဒီပြန်ရောက်ပေမယ့်လည်း သူ့ဆီကိုရော သူ့ဆရာဝန်ဆီကိုပါ နေ့တိုင်းနီးပါးဖုန်းဆက်နေရပါတယ်။ နောက်ဆုံး ဆရာဝန်က တတ်နိုင်ရင် စင်္ကာပူသွားပြီး ကုစေချင်တယ်လို့ ပြောလာပါတယ်။ ဒီလိုကြားတော့ ဘုန်းဘုန်းစိတ်ထဲမှာ သူ့အတွက်အရမ်းကို စိုးရိမ်သွားပါတယ်။ နိုင်ငံခြားသွားပြီး ကုရလောက်တဲ့အထိ ဖြစ်လာတာရယ်၊ ငွေရေးကြေရေး အခြေအနေတွေကြောင့်ရယ်ပါ။ ဒါပေမယ့် မသွားလိုက်ရမဖြစ်ရလေအောင် အားလုံးဝိုင်းပြီး ကြိုးစားလိုက်တော့ သူ့ဘုန်းကံပဲပြောရမလား မသိဘူး။ ငွေကြေးအလုံအလောက် ရသွားပါတယ်။ ဒါနဲ့ စင်္ကာပူအထိ သွားတယ်ဆိုပါဆို့။ စင်္ကာပူရောက်တော့လည်း သူ့ကို ကုပေးတဲ့ဆရာဝန်နဲ့ ဘုန်းဘုန်း ဖုန်းအဆက်အသွယ်လုပ် စကားပြောကြည့်လိုက်တော့ သူ့ရောဂါဟာ အသည်းကင်ဆာ ဆိုတာသိလိုက်ရပြီး ပိုက်ဆံရှိပေမယ့် ကုလို့မရတော့တဲ့အခြေအနေဖြစ်လို့ သတိမလစ်ခင်၊ ဒီထက်ပိုပြီးမဆိုးခင် မြန်မာပြည်ပြန်ပင့်သွားတာ အကောင်းဆုံးဖြစ်ကြောင်း အကြံပြုပါတယ်။ မြန်မာပြည် ပြန်ရောက်ပြီး နှစ်ပတ်လောက်အကြာမှာပဲ သူပျံလွန်တော်မူသွားပါတယ်။ ဒါက သူ့ရောဂါနဲ့ ပတ်သက်တဲ့အခြေအနေလေးပါ။

သူရောဂါဟာ ကုလို့မရတော့ဘူးလို့ သိလိုက်တဲ့အတွက် အားလုံးကသူ့ကို တရားအသိနဲ့နေဖို့ ဝေဒနာအပေါ်မှာ သည်းခံပြီး ၀ိပဿနာရှုမှတ်ဖို့ အားပေးကြ၊ တိုက်တွန်းကြပါတယ်။ ဘုန်းဘုန်းလည်း သူ့ကိုတိုက်တွန်းပါတယ်။ ဒီတော့ သူပြန်ပြောတဲ့ စကားလေးက “အရှင်ဘုရားရယ်… တကယ်တမ်းဝေဒနာ ပြင်းလာတော့ ဘယ်လိုမှ မှတ်လို့မရဘူးဘုရား…”တဲ့။ ဘုန်းဘုန်းစိတ်ထဲမှာ အတော့်ကို ထိခိုက်သွားမိပါတယ်။ တစ်ဘက်ကလည်း သတိသံဝေဂဖြစ်သွားမိပါတယ်။ “ဒီတရားအလုပ်ဆိုတာဟာလည်း ပါရမီအထုံရှိပြီး အလေ့အကျင့်များနေမှ ရှုမှတ်လို့ဖြစ်တာပါလား…။ ရောဂါဖြစ်လာမှ၊ သေခါနီးအခါမှ ရုတ်တရက်ထလုပ်လို့ မလွယ်တဲ့အလုပ်ပါလား..”စသဖြင့် လား…ပေါင်းများစွာလည်း ၀င်လာမိပါတယ်။ အားလုံးလည်း ဒီအသိလေးတွေ ၀င်စေချင်ပါတယ်။ လုပ်နိုင်တုန်းအချိန်လေးမှာ ကြိုးစားပြီး လုပ်ထားကြစေချင်ပါတယ်။

ထားပါတော့ အခုတော့ ဒီအရှင် မရှိတော့ပါဘူး။ လာမယ့် 9ရက်နေ့ဆို သူ့ရက်လည်ပါ။ သူဟာ အသက် ၃၁နှစ်မှာပဲ ကံစွမ်းကုန်လို့ သေသွားရပြီလို့ပဲ ဖြေကြရတော့မှာပေါ့။ “ကံစွမ်းကုန်လို့ သေတယ်”တဲ့ ဒီစကားလေးဟာ ဗုဒ္ဓအဘိဓမ္မာမှာ လာတဲ့စကားလေးပါ။ အဘိဓမ္မာမှာ သေခြင်းလေးမျိုး ရှိကြောင်းဖော်ပြပါတယ်။
၁။ အာယုက္ခယ = သက်တမ်းကုန်လို့သေခြင်း၊
၂။ ကမ္မက္ခယ = ကံစွမ်းကုန်လို့သေခြင်း၊
၃။ ဥဘယက္ခယ = အသက်၊ ကံနှစ်မျိုးကုန်လို့သေခြင်း
၎။ ဥပေစ္ဆေဒက မရဏ = ရုတ်တရက်အက်စိဒင့်ဖြစ်လို့သေခြင်း ဆိုတဲ့ သေခြင်းလေးမျိုးမှာ ဘုန်းဘုန်းရဲ့ သူငယ်ချင်း အရှင်ကတော့ ကံစွမ်းကုန်လို့ သေသွားတာလို့ဆိုရပါမယ်။ ဒီလိုပဲတွေးပြီး စိတ်ကိုဖြေရပါတယ်။

မှန်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ သေခြင်းတရားဆိုတာ မွေးကတည်းက ပါလာပြီးသားပါ။ မွေးတယ်ဆိုတာ သေဖို့ဖြစ်လာတာပါ။ ဒီသေခြင်းတရားဟာ အချိန်မရွေး၊ အသက်အရွယ်မရွေး၊ နေရာဒေသမရွေး၊ ပုဂ္ဂိုလ်မရွေး ရောက်လာတတ်တဲ့သဘောပါ။ ဘယ်အရွယ်မှာ သေရမယ်ဆိုတာ အတိအကျပြောလို့ မရသလို သတ်မှတ်လို့လည်း မရပါဘူး။ သေချာတာ တစ်ခုက သေရမယ်ဆိုတာပါပဲ။ ဒီတော့ သေရမယ်ဆိုတာဟာ သေချာသိနေပြီဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့တတွေ မသေခံ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုပါပြီ။ ဘုန်းဘုန်းတို့ကို တရားပြသွားတဲ့ ဒီအရှင်ရဲ့စကားလို “ဝေဒနာပြင်းလာတော့ တရားမှတ်ဖို့လည်း မလွယ်ဘူး” ဆိုတာလေးကို အမြဲနှလုံးသွင်းပြီး ဝေဒနာမပြင်းခင် တရားမှတ်ထားဖို့ လိုနေပါပြီ။ အသေကောင်းဖို့အတွက် အနေကောင်းဖို့လိုပါပြီ။ အနေကောင်းဖို့အတွက်လည်း အလုပ်ကောင်းဖို့လိုပါပြီ။ အလုပ်ကောင်းဖို့ဆိုတာ အကောင်းလုပ်ဖို့ပါ။ အကောင်းလုပ်၊ အကောင်းပြော၊ အကောင်းကြံမယ်ဆိုရင် သေခါနီးအခါမှာ ဝေဒနာတွေ ဘယ်လောက်ပဲပြင်းပြင်း အသေကောင်းနိုင်ပါပြီ။

ဒါကြောင့် ဘုန်းဘုန်းအပါအ၀င် ဓမ္မမိတ်ဆွေများအနေနဲ့ သတိသံဝေဂ ယူထားရမှာက သေခြင်းတရားဟာ အသက်အရွယ်မရွေးဘူးဆိုတာပါ။ ဒီအသိနဲ့အတူ တခြားအရာတွေ ဘာဖြစ်မယ်ဆိုတာ မပြောနိုင်ပေမယ့် သေရမယ်ဆိုတာကတော့ သေချာနေပြီဆိုတာ မမေ့ကြဖို့နဲ့ အသေကောင်းအောင် အနေကောင်းဖြစ်ဖို့ အလုပ်ကောင်းအောင်ကြိုးစားဖို့ အရေးကြီးနေပြီ ဖြစ်ကြောင်းအသိပေးစကား ပါးလိုက်ရပါတယ်….

(ဘ၀နတ်ထံပျံလွန်တော် မူသွားတဲ့အရှင်မြတ်အား သတိတရဖြင့် ကောင်းမှုအစုစုအတွက် အမျှပေးဝေပါသည်။ ဖြစ်ရာဘ၀ ဘုံဌာနမှ သာဓုခေါ်နိုင်ပါစေ… သာဓု…သာဓု…သာဓု)
Read More...

တရားအားထုတ်ကြည့်ကြစို့

တရားအားထုတ်တယ်ဆိုတာ တကယ်တော့ တရားတဲ့ အားတွေ ထုတ်တာပါပဲ။ ကိုယ့်သန္တာန်မှာရှိတဲ့ မတရားတဲ့အားတွေ အပြင်မထွက်အောင် မတရားတဲ့အားတွေ မပေါ်အောင် တရားတဲ့အားတွေနဲ့ အနိုင်ယူတာကို တရားအားထုတ်တယ်လို့ ဆိုတာပါ။ မတရားတဲ့ အားဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသားတရားတွေကို ပြောတာပါ။ ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတွေ မပြတ်ဖြစ်နေတဲ့ အတွက်ကြောင့် ပုထုဇဉ်လို့ ဆိုတဲ့အတိုင်း ပုထုဇင်များမှာ ကိလေသာတရားများ အမြဲမပြတ် တိုးတက်ဖြစ်ပွား နေတတ်ပါတယ်။ တစ်နေ့တစ်နေ့ ပြန်တွေးကြည့်လိုက်ရင် မတရားတဲ့ အားတွေဖြစ်တဲ့ ကိလေသာတွေနဲ့ပဲ အချိန်ကုန်နေတတ်တာကို တွေ့ရပါတယ်။

အချိန်မရွေး သူများကိုကြည့်ပြီး၊ သူများပိုင်ဆိုင်တာတွေကြည့်ပြီး လောဘဖြစ်လိုက်၊ အလိုမကျတာတွေနဲ့ တွေ့တဲ့အခါ ဒေါသဖြစ်လိုက်၊ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ မာနတွေဖြစ်လိုက်၊ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်တဲ့ မောဟဖြစ်လိုက် စသဖြင့် နေ့စဉ်မပြတ် တစ်မျိုးပြီးတစ်မျိုး အကုသိုလ် ကိလေသာတွေ ဖြစ်နေတဲ့အတွက် တရားတာတွေ ပျောက်ပျောက်နေပြီး မတရားတာတွေပဲ ရောက်ရောက်နေတတ်ပါတယ်။ ဒါဟာ ပုထုဇင်တွေရဲ့ သဘာဝပါပဲ။ ဒါကြောင့် ဒီမတရားတဲ့ ကိလေသာတွေ မဖြစ်အောင်၊ မတရားတဲ့ အားတွေအဖြစ်နည်းအောင် တရားတဲ့အားတွေ ထုတ်ကြတာ ဖြစ်ပါတယ်။ ဒါကိုပဲ တရားအားထုတ်တယ်လို့ ဆိုကြခြင်းပါ။

မှန်ပါတယ်။ ဒီလို မတရားတဲ့ အားတွေမဖြစ်အောင် တရားအားထုတ်တာကိုပဲ ဘာဝနာ ပွားတယ်လို့ ဆိုပါတယ်။ နောက်ပရိယာယ်တစ်မျိုးနဲ့ ပြောမယ်ဆိုရင် ကမ္မဋ္ဌာန်းစီးဖြန်းတယ်ပေါ့။ တကယ်တော့ ဘာဝနာပွားတယ်လို့ပဲ ပြောပြော ကမ္မဋ္ဌာန်း စီးဖြန်းတယ်လို့ပဲ ဆိုဆို လိုရင်းကတော့ မတရားတဲ့အားတွေ မဖြစ်အောင် တရားတဲ့အားတွေ ထုတ်ခြင်းပါပဲ။ တရားတဲ့အလုပ်နဲ့ နေခြင်းပါပဲ။ တရားအားထုတ်တဲ့ သူတွေဟာ များများအားထုတ်လေ မတရားတဲ့ အားတွေနည်းနည်းလာပြီး တရားတဲ့အားတွေ တိုးလေပဲ ဖြစ်ပါတယ်။ ကိုယ့်သန္တာန်မှာ တရားတဲ့ အားတွေတိုးနေတာဟာ မတရားတဲ့ အားတွေနည်းလာလို့ပဲ ဖြစ်ပါတယ်။ မတရားတဲ့ အားတွေနည်းပြီး တရားတာတွေနဲ့ နေနေကြတဲ့သူတွေဟာ ဒီဘ၀မှာလည်း ငြိမ်းနေပြီး နောင်ဘ၀ သံသရာအတွက်လည်း ငြိမ်းနေပါတော့တယ်။ ဒါဟာ တရားအားထုတ်ခြင်းရဲ့ အကျိုးကျေးဇူးကြောင့်ပါပဲ။ ဒါကြောင့် မတရားတာတွေ မဖြစ်လိုတဲ့ သူတွေအနေနဲ့ တရားအားထုတ်ခြင်းဖြင့် မကောင်းတဲ့ အားတွေ၊ ကိလေသာတွေ မဖြစ်အောင် ကြိုးစားနိုင်ကြပါတယ်။

ဒီလို မတရားတာတွေ မပေါ်နိုင်အောင် တရားတဲ့အားတွေ ထုတ်တဲ့အခါမှာ နည်းနှစ်နည်း ရှိပါတယ်။ အခိုက်အတန့်အားဖြင့် မတရားတာတွေကို ပယ်ခွာထားနိုင်အောင် အားထုတ်တဲ့နည်းနဲ့ ဒီမတရားတဲ့ ကိလေသာ တရားများ ဘယ်တော့မှ ပေါ်မလာအောင် အကြွင်းမဲ့ ပယ်သတ်တဲ့ နည်းရယ်လို့ နှစ်မျိုးပါ။ စာလိုပြောရင်တော့ သမထနည်းနဲ့ ၀ိပဿနာနည်းပေါ့။ သမထနည်းကတော့ အားထုတ်နေဆဲ အခိုက်အတန့်မှာ ကိလေသာများ မပေါ်ပေါက်စေဘဲ စိတ်အစဉ် တည်ကြည်ငြိမ်းအေးစေနိုင်ပြီး အားထုတ်တဲ့ပုဂ္ဂိုလ်ရဲ့ သမာဓိအားအစွမ်းအပေါ် လိုက်ကာ မတရားတဲ့အားတွေကို ကြာကြာခွာထားနိုင်ပါတယ်။

ဝိပဿနာနည်းကတော့ အားထုတ်ရင်းအားထုတ်ရင်းနဲ့ပဲ တိုးတက်ဖြစ်ထွန်းလာတဲ့ ဉာဏ်အဆင့်အတန်းကို လိုက်ကာ ကိလေသာများ နောက်ထပ်မပေါ်နိုင်အောင် အပြီးပယ်သတ်စေနိုင်ပြီး မတရားတဲ့အားတွေကင်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်ပါတယ်။ တစ်နည်းပြောရရင် သမထနည်းသည် သမာဓိကို လက်ကိုင်ထားတဲ့ နည်းဖြစ်ပြီး ၀ိပဿနာနည်းကတော့ ဉာဏ်ကိုစွဲကိုင်ထားတဲ့ နည်းဖြစ်ပါတယ်။ နောက်တစ်နည်းဆိုသော် သမာထနည်းသည် ဧကဂ္ဂတစိတ္တလို့ဆိုတဲ့ တစ်ခုတည်းသော အာရုံအပေါ်မှာသာ စူးစိုက်ပြီး ပွားများအားထုတ်တဲ့ နည်းဖြစ်ပြီး ၀ိပဿနာ နည်းကတော့ အမျိုးမျိုးသော ပေါ်လာသမျှ အာရုံတွေအပေါ်မှာ သတိကပ်ပြီး မလွတ်တမ်း အားထုတ်တဲ့ နည်းပဲဖြစ်ပါတယ်။

သမထနည်းပဲ ဖြစ်ဖြစ် ၀ိပဿနာနည်းပဲ ဖြစ်ဖြစ် ကြိုက်တဲ့နည်းကို အားထုတ်နေနိုင်ပါတယ်။ အဓိကကတော့ အားထုတ်ဖြစ်ဖို့ပါပဲ။ ပရိတ်ပဋ္ဌာန်းရွတ်တာ၊ မေတ္တာပို့တာ၊ ရေကသိုဏ်း၊ မြေကသိုဏ်း စတဲ့ ကသိုဏ်းတစ်ခုခုကို ရှုတာ၊ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်၊ သီလဂုဏ်စတဲ့ ဂုဏ်တစ်ခုခုကို ပွားများတာ စသည်စသည်ဖြင့် ကိုယ်အားသန်ရာ တစ်ခုခုကို ပွားများအားထုတ် နေဖြစ်ဖို့လိုပါတယ်။ ဒီလိုနည်းအတိုင်း နေခြင်းကို သမထနည်းနဲ့ နေခြင်းလို့ဆိုနိုင်ပါတယ်။ ဒါမှမဟုတ် သတိကို အထူးပြုပြီး ဉာဏ်နဲ့ယှဉ်ကာ မှတ်ရှုပွားများရတဲ့ သတိပဋ္ဌာန် ၀ိပဿနာနည်း တစ်ခုခုကိုလည်း အားထုတ်နေနိုင်ပါတယ်။

ဝိပဿနာနည်းကတော့ ပေါ်ရာပေါ်ရာ ရှုမှတ်တာဖြစ်တဲ့အတွက် စိတ်မှာပဲပေါ်ပေါ် ရုပ်မှာပဲ ပေါ်ပေါ် ပေါ်လာသမျှ အာရုံတွေကို မလွတ်တမ်း လိုက်ပြီးသိနေ၊ မှတ်နေပေးရင် ပြီးတာပါပဲ။ ကာယာနုပဿနာလို့ခေါ်တဲ့ ရုပ်တရားအပေါင်းမှာ ဆင်ခြင်ပြီး မှတ်နေတာပဲဖြစ်ဖြစ်၊ ဝေဒနာနုပဿနာခေါ်တဲ့ ခံစားမှု ဝေဒနာအပေါင်းမှာ ဆင်ခြင်ပြီး မှတ်နေတာပဲဖြစ်ဖြစ်၊ စိတ္တာနုပဿနာခေါ် ဖြစ်ပေါ်သမျှ စိတ်မှာဆင်ခြင်ပြီး မှတ်နေတာပဲဖြစ်ဖြစ်၊ ဓမ္မာနုပဿနာလို့ခေါ်တဲ့ သဘောတရားမှာ ဆင်ခြင်ပြီး မှတ်နေတာပဲဖြစ်ဖြစ် ဒီသတိပဋ္ဌာန် လေးမျိုးထဲက ကိုယ်အားသန်ရာ တစ်မျိုးမျိုးကို ပွားများအားထုတ် နေဖြစ်ဖို့ပဲလိုပါတယ်။ ဒီနည်းကိုတော့ ၀ိပဿနာနည်းနဲ့ နေခြင်းလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုနေနည်းကိုပဲ ”သမထနည်းနဲ့ ၀ိပဿနာနည်းလို့ ခေါ်တဲ့ ကမ္မဋ္ဌာန်း တစ်မျိုးမျိုးကို ပွားများရင်း ကိုယ့်သန္တာန်မှာ မတရားတဲ့ အားတွေ မဖြစ်အောင်နေတဲ့ တရားတဲ့အားတွေ ထုတ်ပြီးနေနည်း” လို့ ဆိုခြင်းဖြစ်ပါတယ်။

သေချာတာကတော့ ဒီသမထ ၀ိပဿနာ နည်းတစ်မျိုးမျိုးကို အားထုတ်ပြီး နေတဲ့ပုဂ္ဂိုလ်တွေဟာ အားထုတ်နေတဲ့ အခိုက်အတန့်မှာ ကိုယ့်သန္တာန်မှာ မတရားတဲ့ ကိလေသာအားတွေ မဖြစ်ဘဲ တရားတဲ့အားတွေပဲ ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ ပိုပြီး ကျေနပ်စရာ ကောင်းတာက တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အားထုတ်ရင်း အမှတ်တစ်မှတ်၊ ဆိုကြပါစို ၀င်လေထွက်လေ တစ်မှတ်မှတ်ကို မလွတ်တမ်း သတိနဲ့ အစအဆုံး မှတ်လိုက်မိတဲ့ အခိုက်ဟာ သူ့အတွက် မဂ္ဂင်ရှစ်ပါးအကုန်ဆိုက်ပြီး မစ္ဇျိမပဋိပဒါလို့ခေါ်တဲ့ အလယ်အလတ်လမ်း တစ်နည်းအားဖြင့် မဂ္ဂသစ္စာလမ်းကို လျှောက်လှမ်းနေတယ်ဆိုတဲ့ အချက်ပါပဲ။

ပုထုဇင်တွေအတွက် ကျန်တဲ့အချိန်တွေမှာ အမြင်မှန်ဖို့၊ အတွေးမှန်ဖို့၊ အလုပ်မှန်ဖို့၊ အသက်မွေးမှု မှန်ဖို့၊ ကြိုးစားအားထုတ်မှု မှန်ဖို့၊ အောက်မေ့မှုသတိမှန်ဖို့၊ တည်ကြည်မှု သမာဓိမှန်ဖို့ဆိုတာ မလွယ်လှပါဘူး။ တစ်ခြားအာရုံတွေက မပြတ်နှောက်ယှက်နေတဲ့အတွက် မဂ္ဂင်ရှစ်ပါးလုံး ညီညွတ်နေဖို့ မလွယ်လှပါဘူး။ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကတော့ တရားအားထုတ်တဲ့အခိုက်မှာ ဒီမဂ္ဂင်ရှစ်ပါး အကုန်ညီညွတ်နေပါတယ်။ ဒါကြောင့် တရားအားထုတ်သူ အပေါင်းကို မဂ္ဂင်ရှစ်ပါးနဲ့ ပြည့်စုံပြီး မှန်ကန်တဲ့လမ်းကို လျှောက်လှမ်းနေကြတဲ့ သူတွေ၊ တစ်နည်းအားဖြင့် တရားတဲ့သူတွေလို့ ဆိုခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ တရားအားထုတ်တဲ့သူများ သတိပြုရမယ့်အချက်က သမထနည်းပဲ ဖြစ်ဖြစ်၊ ၀ိပဿနာနည်းပဲ ဖြစ်ဖြစ် တစ်နည်းနည်းကို အားထုတ်နေရင် တရားတဲ့အားတွေ ဖြစ်နေပြီး ကိလေသာတွေ ငြိမ်းနေတယ်ဆိုပေမယ့် သမထနည်းက ကြိုးစားရင် ကြိုးစားနိုင်တဲ့အလျှောက် ကိလေသာတရားများကို အတော်ကြာကြာ ခွာထားနိုင်ရုံလောက်ပဲဖြစ်ပြီး တစ်ချိန်ချိန်မှာ ပေါ်လာတတ်တယ်ဆိုတဲ့ အချက်နဲ့ ၀ိပဿနာနည်းကတော့ ဉာဏ်အဆင့်ဆင့် မြင့်သထက်မြင့်လာတာနဲ့အမျှ ကိလေသာတရားများကို နောက်ထပ်တစ်ခါ ပေါ်လာခွင့်မရအောင် အကြွင်းအကျန်မရှိ အကုန်ပယ်သတ်လိုက်တယ်ဆိုတဲ့ အချက်ပါပဲ။

အရှင်းဆုံးပြောရရင် ဒီဘ၀အခိုက်အတန့်ပဲ ငြိမ်းချမ်းချင်တယ်ဆိုရင်တော့ သမထနည်းကို အားထုတ်နိုင်ပြီး ဘ၀သံသရာ နိဗ္ဗာန်အထိ ငြိမ်းချမ်းချင်ရင်တော့ ၀ိပဿနာနည်းကို အားထုတ်နိုင်ပါတယ် ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် အားထုတ်ဖြစ်ဖို့ အရေးကြီးပါတယ်။ အားတွေရှိမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အပြင်အားကောင်းရင် အပြင်ရန်ကို ကာကွယ်နိုင်မှာဖြစ်ပြီး အတွင်းအားကောင်းရင်တော့ အတွင်းရန်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အတွင်းအပြင် ရန်တွေဖြစ်တဲ့ မကောင်းတဲ့အားတွေ မကျရောက်ရအောင် တရားတဲ့ အားတွေထုတ်ရင်း ကာကွယ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

အစအဆုံး ပြန်ပြီးအနှစ်ချုပ် ပြောရရင် တရားအားထုတ်စေချင်တာပါပဲ။ တရားအားထုတ်မှသာ အမြဲမပြတ်ဖြစ်ပေါ်တတ်တဲ့ မကောင်းတဲ့ အားလို့ခေါ်တဲ့ သတ္တ၀ါတွေကို အမြဲပူလောင်စေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာတရားများ မပေါ်နိုင်မှာဖြစ်ပါတယ်။ များများအားထုတ်နိုင်လေ အားတွေများများ ပွားလေ၊ အားတွေများလာလေလေ အတွင်းအပြင်ရန်တွေကို ကာကွယ်တိုက်ထုတ်နိုင်လေလေ ဖြစ်ပါတယ်။ အတွင်းအပြင် ရန်တွေမရှိဘဲ နေတဲ့သူတွေအတွက် နေရတဲ့အခိုက်ဟာ စိုးရိမ်မှု၊ ပူဆွေးမှု၊ ကြောက်ရွံ့ထိတ်လန့်မှု မရှိဘဲ ငြိမ်းချမ်းနေပါတော့တယ်။ ဒါကြောင့် ဒီဘ၀အခိုက်အတန့် ငြိမ်းချမ်းချင်သူပဲ ဖြစ်ဖြစ် သံသရာမှသည် နိဗ္ဗာန်အထိ ငြိမ်းချမ်းလိုသူပဲ ဖြစ်ဖြစ် ဘယ်လိုငြိမ်းချမ်းမှုကိုပဲ လိုချင်လိုချင် လိုချင်တဲ့ ငြိမ်းချမ်းမှုကို ရအောင် အချိန်ရှိတုန်း၊ အခွင့်သာတုန်းမှာ တရားကိုသာ ကြိုးကြိုးစားစား အားထုတ်လိုက်ကြပါလို့ တိုက်တွန်းစကားပြောကြားလိုက်ပါတယ်…
Read More...

ကူညီရေးအဘိဓာန်များ

ဓမ္မစာမျက်နှာအချို့...

ပညာပေးနှင့် ဖျော်ဖြေရေး

: manapadayi@gmail.com : (82) 010-3787-9693 မြန်မာပြည်လိပ်စာ သီရိဇေယျုံကျောင်း အိမ်တော်ရာတိုက်၊ မြို့မကျောင်းလမ်း ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ Ph: (95+1) 383-796 ကိုရီးယားလိပ်စာ စိတ္တသုခမြန်မာဘုန်းတော်ကြီကျောင်း No. 1780-3, Singdang-dong, Dalseo-gu, Daegu, South Korea Ph: (82) 053-295-9220

ဓမ္မဘလော့ဂ်အချို့

“မနာပ ဒါယီ” အင်တာနက် ဓမ္မစာမျက်နှာမှ ကြိုဆိုပါ၏။ မနာပ ဒါယီဟူသည် “နှစ်သက်ဖွယ်ကိုဆောင်ခြင်း၊ နှစ်သက်ဖွယ်ကို ပေးလှူခြင်း”ဟု အဓိပ္ပါယ်ရ၏။ နှစ်သက်ဖွယ် အပေါင်းတို့တွင်လည်း ဓမ္မဖြင့် နှစ်သက်စေမှုသည် အကောင်းဆုံးဖြစ်၏။ ထို့ကြောင့်...

Ads 468x60px

Featured Posts

Cittasukha for Korean

Cittasukha for Korean
ဤစာမျက်နှာသည် ကိုရီးယား လူမျိုးများ၏ ဘာသာရေးဆိုင်ရာ သိလိုရာများကို အထိုက်အလျောက် အထောက်အကူဖြစ်စေရန် ကိုရီးယား ဘာသာစကားဖြင့် ဖန်တီးထားသည့် အင်တာနက် စာမျက်နှာတစ်ခု ဖြစ်ပါသည်။ မြန်မာများအနေဖြင့်လည်း ကိုရီးယားလူမျိုးများအတွက် ညွန်းဆိုလိုက ညွန်းဆိုနိုင်ရန် မိတ်ဆက်ပေးခြင်း ဖြစ်သည်။

မနာပဒါယီ အရှင်ဝိစိတ္တ

မနာပဒါယီ အရှင်ဝိစိတ္တ
ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊ အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။ ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊ မေတ္တာနှလုံး (ဥပေက္ခာနှလုံး) ကျင့်ကာသုံးသည့်၊ အဖြူစင်ဆုံး ဤကျင့်ထုံးကား၊ အပြစ်လည်းကင်း အရှုံးကင်းမည့်၊ “မချစ်မမုန်း အကောင်းဆုံး”တည်း။

စိတ္တသုခကျောင်းဆိုဒ်သို့

စိတ္တသုခကျောင်းဆိုဒ်သို့
ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် တည်ရှိသည့် ဤကျောင်းတော် သည် မြန်မာလူမျိုးများ၏ စုပေါင်း အလှူဖြင့် ပေါ်ပေါက်လာသည့် ကျောင်းတော်ဖြစ်ပြီး ယခုဆိုလျှင် မြန်မာများနှင့် ကိုရီးယားများ၏ နွေးထွေခိုလှုံရာ ကျောင်းတော်သာ အဖြစ် ကောင်းစွာတည်တံ့လျက် ရှိသည်။

ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ = ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည် ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။

မင်းကွန်းဆရာတော်

မင်းကွန်းဆရာတော်
*ရုပ်နာမ်ဓမ္မသင်္ခါရတို့ ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း တစ်ဖုံဆင်ကွဲ သူတနဲဖြင့် ဖောက်လွဲတတ်စွာ ဓမ္မတာကို ပညာစက္ခု မျှော်ထောက်ရှု၍ ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ (ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ)

Featured-Content

Pages

Powered by Blogger.